14 : 22

26 3 0
                                    

စားပွဲပေါ်တွင် တင်ထားသော ပတ္တမြားဆံထိုးကလေးမှာ အပြင်ဘက်မှ ထိုးကျနေသည့်အလင်းရောင်ကြောင့် တလက်လက် တောက်ပနေလေသည် ။ ဧကရီသည် ပထမဦးစွာ မိမိ၏ ဆံနွယ်များကို ဖြီးလိမ်းလျက် အနောက်ဘက်သို့ ပြေပြေလျော့လျော့ကလေး စုထုံးလိုက်သည် ။ ယနေ့တွင် ထိုဆံထိုးကလေးကို ပန်ဆင်သွားရန် ရည်ရွယ်ထားသည် ။ ထို့ကြောင့်လည်း စိတ်လှုပ်ရှားနေမိ၏ ။
ယနေ့သည် နှစ်တစ်နှစ်၏ဆုတောင်းပွဲတော် ပြန်လည်ကျရောက်လာသည့် နေ့ပင်ဖြစ်သည် ။ ယခင်နှစ်က ဆုတောင်းပွဲတွင် ထိုရွှေမှင်ရောင် ဆံနွယ်ပိုင်ရှင်နှင့် ပြန်လည်ဆုံဆည်းနိုင်ပါရစေဟု ဆုတောင်းခဲ့မိသောကြောင့် ဧကရီ ပို၍ တက်ကြွနေသည် ။ မိမိ၏ဆုတောင်းများ ပြည့်ဝမည်ဟူ၍လည်း အတိအကျ ယုံကြည်ပါသည် ။ စကားမည်မည်ရရ ပြောစရာမရှိသော်ငြားလည်း ထိုဆံနွယ်ရှင်နှင့် တစ်ခါပြန်လည် ဆုံဆည်းမိချင်သည်မှာ ဆန္ဒတစ်ခုသာ ဖြစ်သည် ။
ဧကရီသည် ဆံထုံးကို မြဲမြံအောင် ထုံးပြီးလျှင် စားပွဲပေါ်က ဆံထိုးကလေးကို ကောက်ယူလိုက်သည် ။ ထိုအချိန်တွင် ဧကရီ မျက်နှာထက်ဝယ် အပြုံးတစ်ခုက ချိတ်ဆွဲသွားပြီးသားပင် ဖြစ်သည် ။ ထို့နောက် ထိုဆံထိုးကလေးကို ဆံထုံး၌ ပန်လိုက်ချိန်တွင် ခံစားချက်သည် တစ်မျိုးတစ်မည် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရ၏ ။ ကြေးမုံမှန်ကို ကောက်ကိုင်၍ ဦးခေါင်းကို ဟိုလှည့်သည်လှည့် ကြည့်ပြီးလျှင် ဧကရီမှာ စိတ်ကျေနပ်မှုများ ပိုလျှံရသည် ။ မိမိ၏မဟော်ဂနီရောင် ဆံပင်ပေါ်တွင် တင်လိုက်လျှင် အရောင်မှိန်သွားမည်ဟု ထင်ခဲ့ပါသော်လည်း အတောက်ပဆုံး မဟုတ်လေတောင် မှိန်ကျ မသွားသော ပတ္တမြားရောင်က လင်းလက်နေသေးသည် ။ အနည်းငယ်သော အရောင်များ ခြယ်သထားသော မိမိ၏ပုံရိပ်ကို သဘောကျစွာ ကြည့်နေရင်းမှ မှန်ကိုင်ထားသည့် ဘယ်ဘက်လက်ရှိ လက်စွပ်ကို တွေ့လိုက်ရလျှင် ဧကရီ၏မျက်နှာမှာ သူမတူစွာ ညှိုးကျသွားရသည် ။ ချက်ချင်းပင် လူစားထိုးခံလိုက်ရသကဲ့သို့ ပြုံးပျော်နေသည့် ဧကရီမှာ ပျောက်ကွယ်သွားရ၏ ။ လက်ထဲက မှန်ကို ဖြည်းဖြည်းချင်း စားပွဲပေါ်သို့ ချပြီးလျှင် ထိုလက်စွပ်ကလေးကို ကျန်လက်တစ်ဖက်ဖြင့် တို့ထိမိသည် ။ လက်စွပ်ပိုင်ရှင် မရှိသည့်အလျောက် စိန်ပွင့်ကလေးမှာ အရောင်မှိန်နေလေသည် ။ မိမိ၏လက်ထဲတွင် အရောင်မှိန်နေသည်ကပဲ ကောင်းပါသည်လေဟု ဧကရီ တွေးရင်း နေရာမှ ထကာ ပွဲတော်ဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည် ။

LS : AMITYWhere stories live. Discover now