10 : 22

38 1 0
                                    

မျက်လုံးများ ဖွင့်လိုက်ချိန်တွင် သူ၏ဘေး၌ ဧကရီ မရှိတော့သည်ကို သိလျှင် သူ မြက်ခင်းပေါ် လဲလျောင်းနေရာမှ ထထိုင်လိုက်သည် ။ ထို့နောက် ဘေးဘီဝဲယာကို လှည့်ကြည့်၍ အကဲခတ်လိုက်လျှင် ခပ်လှမ်းလှမ်းရှိ အဝါရောင်ပန်းခင်းကြီး၏အလည်၌ ပန်းပွင့်များကို နမ်းရှိုက်ကာ ရှိနေသည့် ဧကရီ့ကို မြင်လျှင် ထိုနေရာသို့ သူ ထလျှောက်သွားလိုက်သည် ။ လေပြည်​၏ဆော့ကစားမှုကြောင့် ပန်းပင်များနှင့်အပြိုင် ယိမ်းနွဲ့နေသော ဧကရီ၏ဆံနွယ်များနှင့် စကပ်ရှည်မှာ တလွင့်လွင့်ဖြင့် ။ ထိုပုံရိပ်ကလေးသည် အနောက်ကနေ လှမ်းကြည့်နေရင်းနှင့်ပင် အေးချမ်းနေလေသည် ။ သူသည် ဧကရီ့အနားသို့ ချဥ်းကပ်သွားပြီး ဧကရီ၏ခါးကို အနောက်မှ သိုင်းဖက်ကာ ပခုံးပေါ်တွင် မေးတင်လိုက်သည် ။ ထိုအချိန် ဧကရီ၏ခန္ဓာကိုယ်ကလေးမှာ တောင့်ခနဲ ဖြစ်သွား၏ ။

" ကျွန်မ ဘယ်ကို ရောက်နေတာလဲဟင် "

အတန်ကြာမှ ဧကရီသည် မျက်စိတစ်ဆုံး ဝါထိန်နေသော ပန်းခင်းကြီးကို ငေးကြည့်လျက် စကားဆိုသည် ။

" လူတွေနဲ့ ဝေးတဲ့ တစ်နေရာရာပေါ့ "

ထို့နောက် ထိုလူသည် ဧကရီ၏ပခုံးကို ကိုင်၍ သူ၏ဘက်သို့ ဖြည်းဖြည်းချင်း ဆွဲလှည့်သည် ။ နှစ်ဦးသား မျက်နှာချင်းဆိုင် ဖြစ်သွားသည်နှင့် သူသည် ဘေးနားရှိ အဝါရောင် ပန်းပွင့်ကလေးတစ်ပွင့်ကို ခူးယူကာ ဧကရီ နားတွင် ညှပ်ပေးလျက် ဆံနွယ်များကို တစ်ချက် သပ်ပေးသည် ။ ထို့နောက် ဧကရီ၏နဖူးကို ခပ်ဖွဖွ နမ်းရှုံ့လျက်...

" ကိုယ့်ကို အခုထိ မချစ်နိုင်သေးရင်လဲ ရတယ် ။ ကိုယ့်ကို ချစ်လာအောင် ကိုယ် ကြိုးစားမယ် ။ ဒါပေမဲ့ ကိုယ့်ကိုတော့ ဘယ်တော့မှ ထပ်ပြီး မမုန်းလိုက်ပါနဲ့ ။ ကိုယ် လွန်ခဲ့တာတွေအတွက် တောင်းပန်ပါတယ် ။ စိတ်မဆိုးနဲ့တော့နော် ဟန်နီ "

" ကျွန်မ စိတ်မဆိုးပါဘူး ။ ဒါပေမဲ့ စိုးရိမ်နေတယ် "

ဧကရီသည် မတည်ငြိမ်သော မျက်ဝန်းများနှင့် ပူပန်စွာ ဆိုသည် ။ ထိုလူသည် မည်သည့်အချိန်တွင် မည်သို့ထဖြစ်မည်ကို ခန့်မှန်းရခက်သည်မှာ အသိပင် ။ ယခု ကောင်းနေလည်း မကြာခင် ဆိုးသွမ်းနိုင်သည် ။ အစိုးမရသော သူ၏အတွင်းစိတ်များကို ဧကရီ စိုးရိမ်သည် ။ ထိုအခါ ထိုလူက ဧကရီ့ကို သူ၏ရင်ခွင်ထဲသို့ ခပ်သာသာ ဆွဲသွင်းလေသည် ။

LS : AMITYWhere stories live. Discover now