9 : 22

29 1 0
                                    

' နင် တကယ်ပဲ အဲ့ဒီလို ဆုံးဖြတ်လိုက်တာလား '

ဧကရီ၏အတွင်းစိတ်သည် ဧကရီ့ကို မေးခွန်းထုတ်လာလျှင် လက်ထဲတွင် ဓားတစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုက်လျက် တစ်ဖက်လက်ရှိလက်သူကြွယ်ကို ဖြတ်ပစ်ဖို့ရာ ကြံစည်နေသော ဧကရီသည် တစ်ချက် တွေဝေသွားသည် ။

" ဟင့်အင်း ငါ အဲ့ဒီလူကို ထပ်မတွေ့ချင်တော့ဘူး "

ဧကရီသည် မျက်ရည်များ ရစ်သိုင်းလာလျက် ဓားကို လက်သူကြွယ် အရင်းနားသို့ ပိုတိုး၍ ကပ်ထားလိုက်မိသည် ။ လက်များပင် တုန်ယင်စွာ အားထည့်ဖို့ရာ ခက်နေသည့် ဧကရီသည် စိန်လက်စွပ်တစ်ကွင်း စွပ်နေသည့် လက်သူကြွယ်ကို စူးစူးရဲရဲ စိုက်ကြည့်လျက် အနာတရ ရစေဖို့ ကြိုးကြိုးစားစား ကြိုးပမ်းမိသည် ။ သို့သော် ချွန်မြသည့် ဓားအသွားမှာ ဧကရီ့လက်သူကြွယ်ကို တိခနဲ ထိလိုက်လျှင်ပဲ ဧကရီသည် ရင်မအေးစွာ အသက်ကို ရှိုက်ရှု၍ ဓားကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်ကာ အရှုံးပေးလိုက်သည် ။ ဤနည်းဖြင့် ရှောင်ထွက်ခြင်းကလည်း မဟုတ်သေးဘူးဟု ဧကရီ ထင်သည် ။

" ဒီနေရာပဲ ထင်တယ် "

ဧကရီသည် စာရွက်ပေါ်ရှိ လိပ်စာကို တစ်ချက်ငုံ့ကြည့်လိုက် ၊ မျက်စိရှေ့ရှိ နာမည်ဆိုင်းဘုတ်ကြီးကို မော့ကြည့်လိုက်နှင့် မိမိလာသည့်နေရာ ဟုတ်မဟုတ် အတည်ပြုမိသည် ။ စာရွက်မှ နာမည်နှင့် ဆိုင်းဘုတ်တွင် ရေးထားသော နာမည် တစ်ထပ်တည်း ကျနေလျှင် ဧကရီ တွေဝေခြင်း မရှိဘဲ ထိုအပနှင်ပေးသည့် ဆရာမကြီးရှိသည့် အဆောက်အဦးထဲသို့ ဝင်သွားလိုက်သည် ။ ပုံမှန်ဆိုလျှင် ဤနေရာသည် ဧကရီ ယောင်၍ပင် ခြေချမည့် နေရာမဟုတ်သော်လည်း ယခုတွင်တော့ မဖြစ်မနေပင် လာရောက်နေရလေပြီ ။ အဆောက်အဦးအတွင်းပိုင်းကို ဝင်သွားတော့ အပြင်အဆင်များမှာ မှောင်မိုက်နေလေသည် ။ လိုက်ကာကို အမည်းရောင်များ ၊ နီညိုရောင်များ အသုံးပြုကာ လျှောက်လမ်းတစ်လျှောက် ချိတ်ဆွဲထားပြီး မီးလုံးသေးသေးကလေးများကိုသာ တန်းစီ၍ ဖွင့်ထားသည် ။ ထို့အပြင် အမွှေးတိုင်ရနံ့များသည်လည်း မွန်းနေ၏ ။ ဧကရီ လျှောက်လမ်းအတိုင်း လျှောက်သွားရင်း အခန်းတစ်ခုရှေ့အရောက်တွင် ရပ်လိုက်သည် ။ ထို့နောက် အခန်းတံခါးတွင် ချိတ်ဆွဲထားသည့် ဆရာမကြီး၏နာမည်ကို ဖတ်ပြီးသည်နှင့် တံခါးကို တွန်းဖွင့်လျက် အထဲသို့ ဝင်သွားလိုက်သည် ။

LS : AMITYTahanan ng mga kuwento. Tumuklas ngayon