2 : 4

30 3 0
                                    

နံနက်ခင်း နေရောင်ခြည်တို့ ထိန်လင်းနေပြီဖြစ်သည့် အချိန်ပင်ဖြစ်၏ ။ တောအုပ်ဘက်မှ ကျေးငှက်သာရကာများ၏တွန်ကြူးသံများနှင့် လူးလားဆန်ခတ် ပျံသန်းနေကြသည့် အသံများမှာ နေ့သစ်၏အစကို တက်ကြွနေစေရန် ဖော်ကြူးထားလေသည် ။ လူများ၏လှုပ်ရှားသက်ဝင်မှုများ ရောနှောမနေသော ပတ်ဝန်းကျင်သည် ဧကန်ပင် သာယာလွန်းနေသည် ။ ထိုတွင် ကျေးငှက်များ၏သီဆိုတွန်ကြူးမှုများကြောင့် အိပ်ယာမှ နိုးလာခဲ့သော ဧကရီသည် မျက်လုံးများကို မဖွင့်မီ ပထမဦးဆုံး သန့်ရှင်းအေးမြသော လေထုကို ခပ်ဝဝ ရှုရှိုက်လိုက်၏ ။ ခေါင်းရင်း ပြတင်းပေါက်မှတစ်ဆင့် အခန်းအတွင်းသို့ ဖြာကျနေသော အလင်းရောင်နှင့်အတူ ရှုရှိုက်လိုက်ရသော လတ်ဆတ်သည့်လေထုတို့ကြောင့် စိတ်၏အစုံသည် သာယာအေးချမ်းမှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးပင် တက်ကြွမှုများနှင့် ပြည့်နှက်သွားရသည် ။ ထို့နောက် ရှုရှိုက်လိုက်သော လေများကို ခပ်ဖြည်းဖြည်းချင်း လွှင့်ထုတ်လိုက်ပြီးမှ မျက်ခွံများကို ဖွင့်လိုက်ပြီး မျက်အိမ်များကို အလုပ်ပေးလိုက်သည် ။ နေ့စဥ်နေ့တိုင်း အိပ်ယာမှ နိုးလျှင် ပထမဆုံး မျက်နှာကျက်ကို မြင်ရသည်ဆိုပါက ဒုတိယအနေနှင့် ဧကရီ အမြင်ချင်ဆုံးအရာမှာ ဒါလင်သာ ဖြစ်သည် ။ ထို့ကြောင့် ဦးခေါင်းကို တစ်ဖက်ခြမ်းသို့ လှည့်လိုက်လျှင် ဧကရီ အမြင်ချင်ဆုံးသော ဧကရီ၏နှလုံးကို နွေးထွေးစေသည့် တစ်ဦးတည်းသော ချစ်ရသူကို တွေ့လိုက်ရသည် ။ ဧကရီ ရှိရာဘက်သို့ မျက်နှာမူကာ ယခုအချိန်အထိ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ဒါလင်ကို ကြည့်လျက် ဧကရီမှာ ကြည်နူးစိတ်ဖြာကာ ပြုံးပန်းဝေရသည် ။ ဤဖြစ်တည်မှုသည် မိမိ၏ဘေးတွင် ဤကဲ့သို့ အပူကင်းကင်း အနားယူနေနိုင်စေရန် ဧကရီ မည်မျှကြိုးစားခဲ့ရသနည်း ၊ ဤဖြစ်တည်မှုကို ဖမ်းဆုတ်ထားနိုင်စေရန် ဧကရီ မည်မျှကြိုးပမ်းခဲ့ရသနည်း ။ မိမိ ကျော်ဖြတ်ခဲ့ရသည့် အခက်အခဲများစွာကို ပြန်တွေးကြည့်မိလျှင် ဒါလင့်ကို ပို၍တန်ဖိုးထားမိသည် ။ ယခုတော့ စိုးရိမ်စိတ်များ ကင်းမဲ့၍ ဒါလင့်လက်ကို ဆုပ်ကိုင်ထားနေနိုင်လေပြီ ။
ဧကရီသည် နံနက်ခင်း၏အစကို နှစ်လိုဖွယ်ကောင်းသော အတွေးများကို တွေးလျက် ပြုံးရွှင်ကာ စတင်လိုက်သည် ။ ချစ်ရသူ ဒါလင့်ကို အတန်ကြာ ငေးကာ အတွေးနယ်ချဲ့မှုအဆုံးတွင် ဧကရီသည် လုပ်မိနေကြ အပြုအမူအတိုင်း ဒါလင် မနိုးသေးခင် သူ၏ပါးပေါ်၌ အနမ်းတစ်ပွင့် ပေးရန် တွေးလိုက်သည် ။ ထို့ကြောင့် ခန္ဓာကိုယ်ကို ကုတင်မှ အသာကြွလျက် ဦးခေါင်းကို ဒါလင့်အနားသို့ ပိုရောက်စေရန် ဖြည်းဖြည်းချင်း ချဥ်းကပ်လိုက်သည် ။ ဒါလင် သိနေသည်ထက် သူ မသိသည့်အချိန်၌ ဤကဲ့သို့ ပြုလုပ်ရခြင်းက ပို၍စိတ်လှုပ်ရှားရသကဲ့သို့ ပို၍လည်း ရင်ခုန်ရသည် ။ မကြာပါ ဧကရီ၏နှုတ်ခမ်းများသည် ဦးတည်ရာဖြစ်သည့် ဒါလင်၏ပါးပေါ်သို့ ရောက်လုနီးနီး ဖြစ်သွား၏ ။ ထိုတွင် ဒါလင်၏မျက်လုံးများက ဖျက်ခနဲ ပွင့်လာကြလျှင် အနမ်းတစ်ခုသည် မဖြစ်မြောက်လိုက်သည့်အပြင် ဧကရီ ကိုယ်တိုင်ကလည်း ထိတ်လန့်သွား၍ ကိုယ်ကို အနောက်သို့ ဆုတ်လိုက်မိသည် ။

LS : AMITYWhere stories live. Discover now