6 : 22

34 2 0
                                    

ထိုကဲ့သို့ မယုံကြည်နိုင်ဖွယ် ဖြစ်ရပ်များအပြီးတွင် ဧကရီတစ်ယောက် နှစ်ရက်ခန့် ဖျားနာသွားသည် ။ စိတ်ကြောင့် ဖျားသည့် အဖျားပင် ဖြစ်၏ ။ မည်သည့်နေရာကိုမျှ မသွားရဘဲ အိမ်ထဲတွင် အောင်းနေရသည့်အဖြစ်ကြောင့် ဧကရီ ထိုအကြောင်းနှင့်ပတ်သက်၍ အလေးအနက်ထား တွေးဖြစ်ခဲ့သည် ။ နာရီပေါင်း မြောက်မြားစွာတွင် ရှေ့ဆက် မည်သို့လုပ်ရမည်နည်းကို ထပ်ခါတလဲလဲ တွေးဖြစ်ခဲ့သည် ။ နောက်ဆုံးတွင်တော့ ဧကရီ ယခု ဖြစ်နေသည့်အခြေအနေကို နှလုံးသွင်းကာ လက်ခံလိုက်ရန် ဆုံးဖြတ်ခဲ့လိုက်သည် ။ မည်သို့ပင် အစစ်အမှန် မဖြစ်နေပါစေဦး... ဧကရီ ဆက်လက်ပြီး ခေါင်းခါ၍ ငြင်းနေမည်ဆိုလျှင် ဧကရီကိုယ်တိုင်ပင် စိတ်ဒုက္ခရောက်လိမ့်မည် ။ တစ်နေ့နှင့်တစ်နေ့ စိတ်သောက ၊ စိတ်ဒုက္ခများနှင့်သာ ပြည့်နှက်နေလိမ့်မည် ။ ထို့ကြောင့် အကောင်းဆုံး နည်းလမ်းမှာ မိမိ၏အခြေအနေကို လက်ခံလိုက်ဖို့ရာသာ ရှိ၏ ။ မည်သို့ပင်ဆိုစေကာမူ ဤဖြစ်ရပ်သည် တစ်ချိန်၌ ပြီးဆုံးသွားလိမ့်မည်ဟု ဧကရီ ယုံကြည်သည် ။ ထိုအဆုံးသတ်မတိုင်ခင်အထိတော့ နဂိုမူအတိုင်း လိုက်လျောညီထွေ နေရုံမှတစ်ပါး အခြား မရှိ ။ ဧကရီ ယခုကဲ့သို့ လေးလေးနက်နက်တွေးကာ ဆုံးဖြတ်ချက်ကို ရှာယူနေချိန်တွင် တစ်စုံသောသူ ရောက်မလာခြင်းက ကံကောင်းခြင်းပင် ဖြစ်သည် ။ သူသည် ဧကရီ ဖျားနေသည့်နေ့ရက်များတွင် အရိပ်ပင် မပြချေပါ ။ ယခုအချိန်ထိတိုင်...

" အိမ်ပြန်ကြစို့လေ ဟန်နီ "

အတွေးပင် မဆုံးသေးချေ ။ ဧကရီ ခေါင်းငုံ့ကာ စက်ချုပ်နေရင်းမှ ထိုလူ၏လေသံကို မှန်းရင်း ထိုလူသည် ပြုံးပြုံးကြီး ရှိနေမည်ဟု မြင်ယောင်လိုက်မိသည် ။ မျက်စိရှေ့က ပြတင်းပေါက်ကို မော့ကြည့်လိုက်ချိန် မြင်လိုက်ရသည့် ထိုလူ၏မျက်နှာမှာ ဧကရီ မြင်ယောင်မိသည့်အတိုင်းပါပင် ။ ဧကရီ ပြာပြာသလဲဖြင့် အနောက်ကိုလှည့်ကြည့်ရင်း မယ်ရီ ရှိမရှိကို အကဲခတ်လိုက်သည် ။ အနီးအနားဝန်းကျင်တွင် မယ်ရီ မရှိနေသည်က သေချာလျှင် ခေါင်းကို အရှေ့သို့ ပြန်လှည့်လိုက်၏ ။

" ဘာကြောင့် ဒီအထိ လိုက်လာရသလဲရှင့် ။ မယ်ရီ တွေ့သွားရင် ကျွန်မ ဘယ်လိုလုပ်ရမလဲ "

LS : AMITYWhere stories live. Discover now