3 : 22

54 4 0
                                    

" ဟန်နီ "

" ရှင် "

ထောင့်ကျကျ မျက်နှာထက်ရှိ အစွန်းနှစ်ဖက် မြင့်တက်နေသော မျက်ခုံးထူထူ ၊ မကျဥ်းမကျယ် မျက်လုံး၏အောက်က ရီဝေဝေ မျက်ဝန်းများ ၊ သာမန်လူများထက် ချွန်သော နှာတံအပြင် ဧကရီ၏ တုန့်ပြန်သံအဆုံးတွင် သဘောကျစွာ ရယ်လိုက်သော အနက်ရောင် နှုတ်ခမ်းကျယ်များနောက် ထွက်ပေါ်လာသော ချွန်မြမြ အဖြူရောင်သွားများသည် သူ့အချိုးအစားနှင့်သူတော့ လိုက်ဖက်ကာနေလေ၏ ။ ဂုတ်ထောက်နေသော နက်မှောင်နေသည့် ဆံနွယ်များကို အနောက်သို့ သပ်ရပ်စွာ သပ်တင်ထားသူသည် ကျော့ရှင်းနေသည့် အနက်ရောင် အဝတ်တန်ဆာများကို ဆင်မြန်းထားသေးသည် ။ နက်မှောင်နေမှုများကြားမှ ထင်းနေသော သူ၏ဖြူဖပ်ဖြူရော်အသားအရေသည် ပို၍ဖြူနေသည်ဟု ထင်ရ၏ ။ ထိုအမျိုးသား၏ပုံပန်းသွင်ပြင်မှာ သာမန်ထက် လွန်စွာကွဲထွက်နေပြီး တစ်မျိုးရှု၍လှနေပေသည် ။ သို့သော် အတွင်းစိတ်၏နူးညံ့ခြင်းကိုတော့ မမြင်သာ ။

" မင်းက သိပ်လှတာပဲ ဟန်နီ "

ထိုအမျိုးသားသည် ဧကရီ၏ခြေဆုံးခေါင်းဆုံးကို တစ်ချက်ကြည့်ကာ ပြော၏ ။ ဧကရီလည်း သူ့နည်းတူ မိမိကိုယ်ကိုယ် လိုက်ကြည့်မိချိန်တွင် ခါးအောက်တွင် ဝဲနေသော အဖြူရောင်အစများနှင့် ဂါဝန်ကြီးသည် ဧကရီတို့ မင်္ဂလာထိမ်းမြားပွဲများတွင် ဝတ်လေ့ရှိသော ရိုးရာဝတ်စုံကြီး ဖြစ်၏ ။ ထိုဂါဝန်ကြီးသည် ဧကရီ၏ကိုယ်ပေါ်၌ ဖြူဖွေးဝင်းလက်စွာ ရှိနေသည် ။ အနားတွင် ရှိနေသည့် မှန်ကြေးမှုံကို လှမ်းကြည့်တော့ ဧကရီ၏ဆံနွယ်များသည် ပုံသွင်းကာ ပြင်ထားပုံပေါ်ပြီး အဖြူရောင် အစရှည်ကြီးတစ်ခုကိုလည်း ကလစ်တစ်ခုနှင့် ညှပ်ကာ အနောက်သို့ချထားသေးသည် ။ ဧကရီသည်လည်း ရိုးရာဝတ်စုံနှင့်အတူ ဆေးဆိုးပန်းရိုက်ထားသော မျက်နှာနှင့် လွန်စွာလှပလျက် ရှိနေလေသည် ။ ဧကရီ ကိုယ့်ကိုယ်ကိုယ် ကြည့်ကာ သဘောကျ၍ ပြုံးမိသည် ။

" ဒါဆို ကိုယ်တို့ သွားကြရအောင်လား ဟန်နီ "

" ဟုတ်ကဲ့ "

ထိုအမျိုးသားသည် သူ၏လက်ကို ဧကရီ့ဘက်သို့ ကမ်းလာလေလျှင် ဧကရီသည် အဖြူရောင်အပါးစကလေးဖြင့် ချုပ်ထားသော လက်အိတ်ကလေး စွပ်ထားသည့် မိမိလက်ကို ထိုအမျိုးသား၏လက်ပေါ်သို့ တင်၍ ထိုအမျိုးသား ခေါ်ရာနောက်သို့ လိုက်သွားသည် ။ လျှောက်လမ်းတွင် ဧကရီ ထိုအမျိုးသားကို ငေးကြည့်နေမိသည် ။ ဘေးတိုက်မြင်နေရသည့် ထိုအမျိုးသားပုံစံမှာ သာမန်နှင့် ကွဲထွက်နေသော်ငြား လွန်စွာ ဆွဲဆောင်မှု ရှိလှသည် ။ ဧကရီ ထိုအမျိုးသားကို မြတ်နိုးသည် ။ တန်ဖိုးရှိသည့် ပစ္စည်းဥစ္စာများ မရှိသည့်တိုင် ထိုအမျိုးသားတစ်ယောက်တည်း ရှိနေလျှင် အရာရာကို လျစ်လျူရှုနိုင်လောက်သည်အထိ ဧကရီ၏စိတ်သည် ထိုအမျိုးသားထံ၌ ပုံကျနေ၏ ။ ထိုအမျိုးသားကို ပိုင်ဆိုင်ရတော့မည်ဟု တွေးမိသည့်အတွေးကပင် ဧကရီ့ရင်ကို လှိုက်၍ခုန်စေသည် ။

LS : AMITYWhere stories live. Discover now