Chapter 2

7K 598 5
                                    

အပိုင်း 2

လင်းယွိ နံရံတစ်လျှောက်နှင့် အခန်းပတ်ပတ်လည်ကို သတိကြီးကြီးထားပြီး ညလယ်ကြီး လျှောက်ကြည့်လိုက်သေးသော်ငြား ထွက်သွားလို့ရမည့် နေရာကိုမတွေ့ပေ။

တံခါးက ယန့်ကျီဟန်ကြောင့် ဖျက်ဆီးခံထားရသော်လည်း မတုန်မလှုပ်သည့်အလားကို ယခုထိ တည့်တည့်မတ်မတ်ကြီး ထောင်လျက်ရှိကာ တွန်းဖွင့်လို့ပင် ရမနေ။

သူ ယန့်ကျီဟန် သေနတ်ကိုပင် ကိုင်ရဲသေးပေမဲ့ ဒီအရာကတော့ လေးလွန်းပေသည်။ သူတစ်ချက်ထိမိလိုက်တာနှင့် အပြာရောင်ကနေ အနီရောင်ပြောင်းသွားလေရာ သေချာပေါက် ပိုင်ရှင်ပင်ဖြစ်လေမည်။

တစ်ခန်းလုံးတွင် အိပ်ရာအကြီးကြီးတစ်ခုရယ် ကြမ်းပြင်ပေါ်က လူသေအလောင်းကလွဲပြီး ကျန်တာ ရေချိုးခန်းတစ်ခုသာ ရှိလေသည်။

လင်းယွိ သူ့မျက်လုံးတွေကို ပိတ်လိုက်ကာ ကြမ်းပြင်ပေါ်ကအလောင်းကို ကျော်လိုက်ပြီး ရေချိုးခန်းထဲရောက်သည်နှင့် မှန်ပေါ်က သူ့မျက်နှာကို မြင်လိုက်ရတော့သည်။

နို့နှစ်ရောင်ဖြူဖွေးနေသော အသားအရေ၊ နူးညံ့ချောမွေ့သော မျက်နှာအစိတ်အပိုင်းများ၊ အနက်ရောင်ဆံပင်၊ ရွှေရောင်မျက်လုံးများ။

ဒါကြီးက တစ်ကယ်ကြီးလား။
တစ်ခုတည်းသော ပြဿနာသည် သူ့မျက်နှာက သေသွားသည့်ကောင်လေးနှင့် ချွတ်စွပ်တူနေပြီး ဆံပင်လေးသာ ထိုကောင်လေးက ငွေရောင်ဖြစ်နေချင်းပင်။

လင်းယွိတစ်ယောက် သူ့ရဲ့မျက်နှာညာဘက်ခြမ်းတစ်ခုလုံး အပြာရောင်နီးနီး ပြောင်းမနေခဲ့ရင် သူ့ကိုယ်သူ သရဲတစ်ကောင်မြင်လိုက်တာဟုသာ တွေးမိလောက်သည်။

ဒါမျိုးဆိုတာ အမွှာတွေကြားထဲ တူညီနေတာမျိုးမှမဟုတ်တာ လုံးဝကူးချထားတာကြီးလေ။

စာအုပ်ထဲတွင် အကြမ်းဖျင်း ရှင်းပြထားသည့် အဖြစ်အပျက်ဆိုလို့ ဗီလိန်ကောင်၏ ရက်စက်ကြမ်းကြုတ်မှုကို ဖော်ပြရန်နှင့် သူ့မျိုးရိုးကို ဘယ်လောက်မုန်းပါသည် ဆိုတာမျိုးသာ ဖြစ်လေရာ သေချာပေါက် ဒီယောက်ျားတွေရဲ့ မူရင်းကို သေချာဖော်ပြမထားပေ။ သို့သော်ငြား ဤယောက်ျားမျိုးနွယ်ဆိုတာ ကြယ်အစုအဝေး စစ်ပွဲအတွင်း ပျက်သုဉ်းသွားလေရာ သူ့တည်ရှိနေမှုကြီးက ဘာမှန်း လင်းယွိ မသိတော့ပေ။

လင်းယွိ သက်ပြင်းချလိုက်ကာ ရေအေးနှင့် မျက်နှာသစ်လိုက်တော့သည်။

သူ့ရဲ့ သိပ်အသုံးမကျတဲ့ မှတ်ဉာဏ်အရဆိုလျှင်တော့ အတုဟုတ်ရင်ဟုတ် မဟုတ်လျှင်တော့ လူတွေပြုလုပ်ဖန်တီးထားသည့် လူအတုအယောင်တွေသာ ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြည့်လိုက်၏။

ပြီးတော့ နည်းပညာမတိုးတက်ပုံအရဆိုလျှင် အခုသူ့ညဏ်ရည်ကနိမ့်ကျကာ မသင်ယူနိုင်သေးပဲ မျက်နှာတွေကိုသာ မြင်နိုင်ကာ မွေးပြီးသည်နှင့် ဦးနှောက်သေပြီး သေပါသွားသည်တဲ့လေ၊ အင်း နောက်တော့ အဲ့လူနေရာ သူကရောက်သွားလေခြင်းပင်။

လင်းယွိ သက်ပြင်းချလိုက်ကာ သူ့အနာဂတ်က မှောင်မဲနေမှန်း ခံစားလိုက်ရတော့သည်။

သူဗီလိန်နှင့် အခုလေးတင်ရှိနေသော်လည်း သူကိုယ်တိုင် နားမလည်နေသည့် စကားကိုလိုက်မပြောနိုင်သည့်အပြင်ကို ဤကိုယ်ထဲတွင် ကိုယ်ပိုင်အမူအကျင့်ဟူ၍လည်း ရှိမနေပေ။ ဤခံစားချက်မျိူးက သူ့ဦးနှောက်ထဲတွင် ချစ်ပ်ပြားလေးရှိနေပြီး ထိုအပြားလေးက တစ်ခါတစ်ရံ နိုးလာပြီး တုန့်ပြန်မှုတစ်ခုခုလုပ်လာတော့မလိုပင်။

လင်းယွိ သူ့ကိုယ်သူ ခလုတ်လေးနှိပ်လိုက်မှာသာ စကားထပြောသည့် အရုပ်လေးတစ်ရုပ်လို့ ထင်လာလေတော့သည်။
ပိုဆိုးတာက သူဘာတွေပြောနေလဲ သူလုံးဝသိမနေပေ။ ယန့်ကျီဟန် ပုံကြည့်ရတာတော့ ကောင်းသည့်စကားတော့ မဟုတ်တန်ပေ။

ယန့်ကျီဟန်ကြားလိုက်သည်နှင့် ထိုလူ၏ စိတ်လွတ်သွားသည့်ပုံနှင့် ခပ်ရှည်ရှည်ပုံမျက်ဆံတွေက  ပိုစူးရှလာကာ မျက်နှာကပါ ပိုနီလာသည်မှာ သေချာပေါက် ဒေါသထွက်သွားသည့်ပုံပေါက်နေပြီး ချက်ချင်းနေရာမှာ သူ့ကိုလည်ပင်းညှစ်ကာ သတ်ချင်နေသည့်ပုံပင်။ သူထိုလူကို စိတ်ကျေနပ်အောင် ပိုနမ်းရန်သာ လုပ်လိုက်ပြီးနောက်တော့ သူ့ကိုထွက်သွားခိုင်းလိုက်လေသည်။ သူတစ်ကယ်သေတော့မလိုပင်။

လင်းယွိ အသက်ပြင်းပြင်း အနည်းငယ်ရှူလိုက်ကာ သူ့မျက်နှာကိုအုပ်လိုက်ပြီ ရေချိုးခန်းထဲမှာ စိတ်သက်သာလာအောင် လုပ်နေလိုက်တော့သည်။ အတန်ငယ် တွေးပြီးသည့်နောက်တွင်တော့ အိမ်သာထဲကထွက်လာကာ အိပ်ခန်းထဲသို့ ပြန်ဝင်လာလိုက်တော့သည်။

ယန့်ကျီဟန်က အိပ်ရာပေါ်တွင် အိပ်လျက်ရှိပြီး သူ့ကျောဘက်က အနက်ရောင်ကြီးမားသည့် အတောင်ပံတွေက သူ့ကိုကာရံထားလေသည်။

မကောင်းဆိုးဝါးတစ်ကောင်၏ အတောင်ပံတွေအလားပင်။

လင်းယွိက သာမန်လူတစ်ယောက်သာဖြစ်ကာ ရက်စက်သည့်ဂိမ်းတွေကိုလည်း မကစားတတ်ပဲ ထိုအစား စာအုပ်တွေကိုသာ ဖတ်တတ်သူဖြစ်လေသည်။ သူဒီလိုမျိုးတွေကို ဘယ်မှာတွေ့ကြုံဖူးမှာလဲလို့။ အခု ယန့်ကျီဟန်ပုံကို မြင်နေရတာနှင့်ပင် လင်းယွိကို ကြောက်အောင်လုပ်နိုင်နေသော်ငြား သူအနားကိုတော့ လျှောက်သွားလိုက်သည်။

အခန်းကအလွန်ကြီးကာ အကယ်၍သာ ယန့်ကျီဟန် သူ့ကို သတ်ချင်သပဆိုလျှင် ဘယ်နေရာမှ ပုန်းလို့လွတ်မည် ဟုတ်မနေပေ။

လင်းယွိမှာ ရွေးချယ်စရာဟူ၍ရှိမနေပေ။ ယန့်ကျီဟန်နား ကပ်နေသည်က သူ့ကိုအခုအချိန်ထိ အသက်ရှင်အောင် နေနိုင်နေခြင်းဖြစ်နေရာ ကုတင်အစွန်းတွင်သာ လှဲနေလိုက်တော့သည်။

ကြီးမားသည့်အတောင်တွေက သူ့ကိုသတိထားမိသည့်အလား အနည်းငယ်ဖွင့်ဟလာကြလေသည်။

လင်းယွိအနောက်ကို ဆုတ်မိလိုက်ကာ မော့ကြည့်လိုက်ပြီး စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်သော်ငြား ယန့်ကျီဟန်ကတော့ နိုးလာသည့်ပုံမပေါ်သေးပေ။

ထိုအတောင်ပံတွေက သူ့ကိုမုန်းမနေသည့်အပြင် သူ့ကိုဝန်းရံထားပေးလိုက်သေးသည်။

လင်းယွိ ယန့်ကျီဟန်နားသို့ ထပ်ရောက်သွားကာ ကြောက်နေသော်လည်း သူ မလှုပ်ရဲသေးပေ။

ဤအတောင်ပံတွေသည် သူ ယန့်ကျီဟန်ကို စိတ်တိုအောင်ပြောလိုက်မိကတည်းက ပေါ်လာကြတာဖြစ်ပြီး ခေါင်းကိုရိုက်မိသွားသည်အထိပင်။

ထိုအချိန်တုန်းက လင်းယွိအာရုံက လုံးဝ ယန့်ကျီဟန်အပေါ်တွင်သာရှိနေပြီး ထိုလူအဆင်ပြေရဲ့လား၊ သူ့ကိုသတ်များသတ်ချင်နေသလားသာ စူးစမ်းနေခဲ့ပြီး ရပ်တန့်သွားအောင်လည်း မလုပ်ရဲပေ…

အဲ့အချိန်က သူ့ကိုသေမင်းတမန်၏ အရိပ်ကလည်းလိုက်မနေခဲ့သော်လည်း သူ ရုတ်တရက်ခံစားလိုက်မိသည်မှာ ထိုအတောင်ပံတွေက ယန့်ကျီဟန်အသံနှင့်အတူ ဖြည်းညင်းစွာ ခပ်နေကြချင်းပင်။

တိမ်တွေထဲ ပျံသန်းနေရသည့်အလား။
လင်းယွိသူ့ရဲ့ နာကျင်နေသေးသည့် မျက်နှာကို ပွတ်လိုက်ရင်း သူ့ခေါင်းကရုတ်တရက်တွေးလိုက်မိသည်မှာ အဲ့ဒါကအဆင်တော့ပြေမှာပါနော်……

ယန့်ကျီဟန်နဲ့ အကြိမ်များစွာ…လုပ်ခဲ့သည်တဲ့။

ဘုရားရေ အဲ့ဆေးကတော်တော်စွမ်းတဲ့ပုံပဲ မဟုတ်ရင် ယန့်ကျီဟန်အဲ့လို မျက်နှာအမူအရာတွေကို လုပ်လိမ့်မည်မဟုတ်ပေ။

ယန့်ကျီဟန် နိုးလာပြီး သူ့ကိုအချိန်မရွေး သတ်နိုင်သည်ကိုလည်း စိတ်ပူမနေရဘူးဆိုလျှင် အခုနေ လင်းယွိတစ်ယောက် အန္တရာယ်ကြောကျနေသည့်ကြားက အခွင့်ကောင်းယူခဲ့မိခြင်းကို တွေးမိကာ ကိုယ့်ကိုယ်ကို အပြစ်တင်နေလောက်သည်။

ဘယ်လိုပုံမှန်ဟုတ်မနေတဲ့ အခြေအနေဖြစ်နေပါစေဦး သူဒါမျိုးအထိတော့ လုပ်လိမ့်မည်မဟုတ်ပေ။

လင်းယွိ သူ့နှုတ်ခမ်းတွေကို စိတ်ရှုပ်ရှုပ်နှင့်ကိုက်လိုက်ပြီး ယန့်ကျီဟန်မျက်နှာကို မော့ကြည့်လိုက်သည်။

အိပ်ပျော်နေသည့် ယန့်ကျီဟန်သည် နိုးနေသည့်သူနှင့် လုံးဝကွဲပြားကာ ကြမ်းတမ်းရက်စက်သည့်ပုံ ပေါ်မနေပေ။

သူ့မျက်ခုံးတွေက ထူကာ သူ့အသားအရေကတော့ ကြေးညိုရောင်သန်းလျက်ရှိပြီး သူ့နှာခေါင်းက ရှည်သော်ငြား ချောမွေ့နေကာ ထိုလူ့မျက်တောင်တွေက ရှည်လျားပြီး မေးရိုးက သစ်အယ်သီးအလားရှိသော်ငြား သူ့ပုံပန်းသွင်ပြင်က ကြမ်းတမ်းသည့်ပုံတော့ ပေါက်မနေပေ။

သူ့စတိုင်က အနည်းငယ်ပြောင်းပြန်ဖြစ်ကာ သန်မာကာယောက်ျားဆန်သော်လည်း အနည်းငယ်သွယ်လျနေသည်။

ချောမောသည် သို့သော် အလွန်လှပသည့်ပုံတော့ မဟုတ်ပေ။

ပြောရမယ်ဆိုရင် လူလုပ်ထားသော ချောမောလှပသည့် လင်းယွိလို မျက်နှာမျိုးနှင့်ယှဉ်လျှင် တော်တော်ဆိုးသည်ပြောရမည်။

လင်းယွိတောင်မှ ထိုလူ၏ ကြည့်ကောင်းမှုကြောင့် ပိုပြီးကို အံ့ဩရသေးသည်။

ဒီလို ငယ်ရွယ်ပြီးချောမောသည့် မျက်နှာနှင့်ဆိုလျှင်…. လူတွေကို ကြည့်နေရတာနဲ့တင် စိတ်ကျေနပ်လာစေနိုင်ပြီး စာအုပ်ထဲပြောထားသလို သူ့ရဲ့ကြောက်စရာအမူအကျင့်တွေကိုပင် ထောက်ခံလို့မရနိုင်အောင်ပင်။ သို့သော်လည်း အိပ်မနေသည့် ယန့်ကျီဟန်ရဲ့ ထုတ်လွှင့်နေသည့် ကြောက်စရာကိုယ်အရောင်အဝါကို တွေးမိသည့်အခါမှာတော့ လင်းယွိချက်ချင်းကို ကြက်သီးတွေထလာတော့သည်။
ဒါကမှ တစ်ကယ့်အစစ်အမှန် နတ်ဆိုးပဲ။ ယန့်ကျီဟန် ဘယ်တော့မှ နိုးထမလာတော့ဖို့ကိုသာ လင်းယွိ ဆုတောင်းနေလိုက်တော့သည်။

သို့သော်လည်း အချိန်ဆိုတာကတော့ ရပ်မနေပေ။

ယန့်ကျီဟန်များ ရုတ်တရက်နိုးလာခဲ့ရင်ဆိုပြီး ကြောက်နေသော လင်းယွိတစ်ယောက် တစ်ညလုံးမျက်လုံးပင်မမှိတ်ခဲ့ပေ။ အချိန်အတော်ကြာမှာတော့ အလွန်ကျယ်လောင်သည့် အသံအချို့ကို အနားကနေကြားလာရတော့သည်။

ကြည့်ရတာ လူအစုအဖွဲ့တစ်ခုက သင်္ဘောကို ဝင်စီးနေသည့်ပုံနှင့် သေနတ်ပစ်သံများနှင့်အတူ နီးကပ်လာသည့် ခြေသံတွေကိုပါ ကြားလာရတော့သည်။

လင်းယွိအနားက အတောင်ပံတွေကလည်း ရွေ့သွားကာ ပြန်ရုတ်သွားလေတော့သည်။
ယန့်ကျီဟန် နိုးလာလေပြီ။

လင်းယွိနှလုံးက ရုတ်တရက်တင်းကျပ်လာကာ လည်ပင်းကမွေးညင်းတွေကပါ တစ်ခုချင်းထောင်လာကြတော့သည်။ သူ သူ့ရဲ့ ထွက်ပြေးချင်နေသည့် မသိစိတ်လေးကို ဖိနှိပ်လိုက်ကာ ယန့်ကျီဟန်ကို နောက်တစ်ကြိမ် ပြုံးပြလိုက်လေသည်။

အရူးတစ်ယောက်လို၊ တစ်ကယ့်အရူးတောင်မှ မလှောင်ရဲလောက်မည့် အရူးတစ်ယောက်လိုမျိူး။

ယန့်ကျီဟန် မျက်လုံးတစ်စုံက နဂိုအတိုင်း မထူးခြားသည့် ထောင့်ရှည်ရှည်မျက်ဆံတွေပုံ၊ မီးခိုးပြာရောင်သို့ ပြန်ပြောင်းသွားကြတော့သည်။

သူလင်းယွိကို မြင်လိုက်သည်နှင့် မျက်နှာကပထမရဲတက်လာကာ သူ့အမူအရာက ဆိုးရွားလာပြီး တစ်ချက်ထဲနှင့် အောက်သို့ကန်ချလိုက်လေတော့သည်။

ထိုကန်ချက်ကြောင့် လင်းယွိ အရမ်းနာသွားသော်လည်း မနေ့ညက တံခါးကိုကန်ထားသည့် ယန့်ကျီဟန်၏ ကန်ချက်စံနှုန်းနှင့် ယှဉ်လျှင်တော့ အားကနည်းနေပေသေးသည်။

ထို့ကြောင့်ပင် ကုတင်အောက်ခြေသို့ အကန်ခံလိုက်ရသော လင်းယွိခမျာ ယန့်ကျီဟန် သူ့ကိုအခုချက်ချင်း သတ်ချင်သည့်စိတ်မရှိသေးမှန်း သိလိုက်ကာ စိတ်သက်သာရာရသွားလေတော့သည်။

ကောင်းလိုက်တာ၊ ကောင်းလိုက်တာ…..
လင်းယွိ ကြမ်းပြင်ပေါ်တွင်သာ လဲနေလိုက်ပြီး အတတ်နိုင်ဆုံး မလှုပ်တော့ပဲ သူ့တည်ရှိနေမှုကို အတတ်နိုင်ဆုံး ဖျောက်ထားဖို့သာ ကြိုးစားနေလိုက်တော့သည်။ အသံတွေအရဆိုလျှင်တော့ ယန့်ကျီဟန် ရေချိုးခန်းထဲဝင်ကာ ရေအမြန်ချိုးနေသည့်ပုံပေါ်ကာ အခုဆို အဝတ်တွေ ဝတ်နေသည့်ပုံပင်။

ပိတ်ထားသည့် တံခါးအား အပြင်ကနေ ခပ်ပြင်းပြင်းမကန်လိုက်သည်အထိ ဘယ်လောက်မှ မကြာခဲ့ပေ။

“မာရှယ်!” မျက်ခုံးထူထူနှင့် ခေါင်းမှာ ဦးချိုတွေရှိသည့် အရပ်ရှည်ရှည်ယောက်ျားတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ခွင့်လွှတ်ဖို့တောင်းခံလိုက်ကာ၊ “ကျွန်တော် နောက်ကျသွားပါတယ်။”။ ထိုယောက်ျားက အပြင်ဘက်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထားလျက်ပင်။

ယန့်ကျီဟန်မျက်နှာက အခုထိဆိုးရွားနေသည့်ပုံပေါ်နေကာ ထူးမခြားနားသည့်ပုံနှင့် ခေါင်းငြိမ့်ပြလိုက်ပြီး လင်းယွိကို နောက်တစ်ကြိမ်လှည့်မကြည့်ပဲ အခန်းထဲကနေ ထွက်သွားလေတော့သည်။

ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထားလျက်ရှိသော ယောက်ျားက လင်းယွိကိုမြင်သွားသည့်အခါမှာတော့ အံ့ဩသွားသည့်ပုံပေါ်သွားလေသည်။ သို့သော်လည်း ယန့်ကျီဟန်က အေးစက်စက်နှင့် ပြောလာလေသည်၊ “သွားမယ်။”
“ဟုတ်ကဲ့။” ထိုယောက်ျားပါ ချက်ချင်းထွက်သွားလေတော့သည်။

လင်းယွိ စိတ်သက်သာရသွားဟန် သက်ပြင်းချလိုက်ပြီး မြန်မြန်ထကာ အခန်းထဲကနေ ထွက်ဖို့ပြင်လိုက်တော့သည်။

သို့သော် သူအပြင်ကို ထွက်လိုက်သည်နှင့် မျက်နှာချင်းဆိုင်က တံခါးကပွင့်လာလေတော့သည်။ နောက်ထပ် စက္ကန့်ပိုင်းအတွင်း လူတစ်ယောက်၏ ခေါင်းကပစ်ခံလိုက်ရကာ လျှောက်လမ်းကနံရံကိုရိုက်ခံလိုက်ရပြီး ကြမ်းပြင်ပေါ် သွေးတွေရွှဲနစ်ပြီး လဲကျသွားလေတော့သည်။

လင်းယွိခြေထောက်တွေက ပျော့ခွေသွားပြီး အခန်းထဲ ချက်ချင်းကို ပြန်ဝင်လိုက်တော့သည်။

ကြောက်ဖို့ကောင်းလိုက်တာ။

အပြင်တွင် အလွန်ကျယ်လောင်သည့် သေနတ်သံတွေနှင့် အော်ဟစ်သံတွေကို ကြားနေရပြီး ကြည့်ရသည်မှာ ယန့်ကျီဟန်တစ်ယောက် သူ့ကိုအကွက်ဆင်သည့် လူမှန်သမျှကို သတ်ဖို့စီစဉ်ထားသည့်ပုံပင်။

ဒါမျိုးက သေချာပေါက်ကို ယန့်ကျီဟန်၏ စတိုင်ဖြစ်လေသည်။
လင်းယွိအခန်းထဲမှာပဲ ဆက်ပုန်းနေလိုက်ကာ အပြင်သို့မထွက်ရဲတော့ပေ။ ယန့်ကျီဟန်တစ်ယောက် သူ့ကိုမေ့သွားဖို့သာ ဆုတောင်းနေလိုက်သည်မှာ အခန်းက အနီရောင်လင်းလာပြီး သတိပေးသည့် အသံတွေထွက်မလာခင်အထိပင်။

ယန့်ကျီဟန်က ဒီအာကာသယာဉ်တစ်ခုလုံးကို ဖောက်ခွဲပစ်ဖို့ စီစဉ်ထားမှန်း လင်းယွိရုတ်တရက် သဘောပေါက်သွားတော့သည်။

သူဒီအထဲ ဆက်နေလို့ မရတော့ပေ။

လင်းယွိအံကို ခက်ထန်စွာကြိတ်လိုက်ပြီး အချိန်တိုအတွင်း သူ့သတ္တိတွေကို စုစည်းလိုက်နိုင်ကာ ချက်ချင်းလျှောက်လမ်းဆီကို ပြေးထွက်လိုက်တော့သည်။

သူခြေလှမ်း ဘယ်လောက်မှ မလှမ်းရသေးခင်မှာပဲ လူစုတစ်စုနှင့် တွေ့လိုက်လေတော့သည်။ ထိုလူစုက မတူသည့် ပုံပန်းသွင်ပြင်တွေရှိနေကြကာ သေချာပေါက်ကို ဂြိုလ်သားမျိုးနွယ်စုကဖြစ်နိုင်ပေသည်။ သူတို့ထဲက တစ်ယောက်က သေနတ်ကို တစ်ချက်လေးတောင်မတွေးပဲ သူ့ထံသို့ချိန်လိုက်သော်လည်း သူတို့ထဲက ခေါင်းဆောင်က သေနတ်ကို ပြန်ချခိုင်းလိုက်လေသည်။

သူ့ကိုရင်းနှီးဟန်ရှိသော ထိုလူက သူ၏ငွေရောင်ဆံပင်နှင့် အပြာရောင်အရေပြားမှလွဲလျှင် လူပုံစံက ခြုံကြည့်ရင်ဆင်သော်ငြား ထိုအချင်းအရာကြောင့် ရုပ်ကတော့ဆိုးမသွားပေ။ လင်းယွိ သတိထားမိလိုက်သည်မှာ ထိုလူတွင်လည်း ရွှေရောင်မျက်လုံးများရှိနေပြီး သူနှင့်ပင် ဆင်တူနေသေး၏။

အပြာရောင်အသားအရေနှင့်လူက လင်းယွိကိုကြည့်လိုက်ကာ သူ့နှာခေါင်းကို သတိမမူမိပဲ ထိလိုက်ပြီး အနည်းငယ်ပင် အံ့ဩသွားသည့်ပုံပင်။

ထိုလူ့ကြည့်ရတာ ကြောက်ဖို့မကောင်းသည့်ပုံပေါ်သဖြင့် လင်းယွိ ဖော်ဖော်ရွေရွေပုံဖြင့် ပြုံးပြလိုက်လေတော့သည်။

ထိုလူ နေရာမှာပင် တောင့်ခဲသွားတော့သည်။

ထို့နောက် ထိုလူကသူ့ဆီ လျှောက်လာကာ လင်းယွိနားမလည်သည့် ကြယ်အစုအဝေးသုံး ယေဘုယျဘာသာစကား တစ်ခုကိုပြောလာလေတော့သည်။

သူတိုးလာကာ လင်းယွိကို အနံ့ခံလိုက်လေသည်။ သူ့မျက်နှာက အနည်းငယ်ထူးဆန်းသွားကာ သူ့နောက်ကအဖွဲ့ကို တစ်ခုခုလှမ်းပြောလိုက်ပြီး လင်းယွိကိုပါခေါ်သွားလေတော့သည်။
လင်းယွိအနောက်က လိုက်လာကာ လျှောက်လမ်းတစ်လျှောက် သတိကြီးကြီးထားပြီး လျှောက်လာရင်း သူ့စိတ်ထဲမှာတော့ ယန့်ကျီဟန်၏ ကြယ်သင်္ဘောစစ်တပ်ထဲဝင်ပြီး သူ့ဘဝကြီးကို ဘယ်လိုကယ်တင်ရမလဲသာ တွေးနေလိုက်တော့သည်။

မကြာခင်မှာပဲ လင်းယွိကို အပြာရောင်အသားအရေရှိသော ယောက်ျားက ကြီးမားသည့် နေရာတစ်ခုထဲသို့ခေါ်လာတော့သည်။ ထိုအထဲတွင် သေးငယ်သည့် သင်္ဘောများကို ထားထားကာ ကြည့်ရသည်မှာ ထွက်သွားဖို့ပြင်နေကြသည့်ပုံပင်။

လင်းယွိ ယန့်ကျီဟန်ကို ချက်ချင်းမြင်လိုက်ရလေတော့သည်။

ထိုလူက အနက်ရောင် စစ်ယူနီဖောင်းကို တင်းရင်းစွာဝတ်ထားကာ နေရာတွင် ဓားတစ်ချောင်းလို ရပ်နေလေသည်။ သူ့ပတ်ပတ်လည်တွင် တခြားလူတွေရှိနေကြပြီး အများစုက ဂြိုလ်သားတွေဖြစ်သဖြင့် သူ့ထက်အရပ်ရှည်ကြ‌သော်လည်း သူ့ကိုမြင်သည်နှင့်‌ ခေါင်းတွေ ကျောတွေကိုငုံ့သွားကြကာ သူ့ဘေးတွင် ကြောက်ကြောက်နှင့်ရပ်နေကြပြီး သူ့ဆီက ညွှန်ကြားချက်တစ်ခုခုကို စောင့်နေကြလေ၏။

တခြားသူနှင့်ဆို ယန့်ကျီဟန်ပုံက ဘာမှထူးမခြားနားဟန်ပေါ်နေပေမဲ့ သူလင်းယွိကိုမြင်လိုက်သည်နှင့် မျက်နှာအမူအရာက ထူးထူးခြားခြားကို ပို၍ဆိုးရွားသွားတော့သည်။
လင်းယွိဆံပင်တွေ ထပ်ထောင်လာပြန်သည်။ ကြည့်ရသည်မှာ အပြာရောင်အသားအရေနှင့်လူက သူ့ကိုမသတ်သည်မှာ ယန့်ကျီဟန်ဆီက ညွှန်ကြားချက်တစ်စုံတစ်ခုကို မမေးရဲသဖြင့် သူ့ပါအပါခေါ်လာခဲ့ဟန်တူလေသည်။

ယန့်ကျီဟန်က သူ့စစ်တပ်ထဲမှာ လုံးဝဆရာကြီးဟ။

လင်းယွိ အမြဲတမ်းလိုလို ခံစားမိလိုက်သည်မှာ ယန့်ကျီဟန်ကသူ့ကို ဤနေရာတွင် ခဏတာကျန်နေခိုင်းရင်ခိုင်း ဒါမှမဟုတ် ချက်ချင်းသတ်ပစ်လိုက်တော့မည် ဆိုတာပင်။

အကြောက်တရားက လင်းယွိစိတ်ကို ဗလာဖြစ်သွားအောင် လုပ်လိုက်သည့်အလား သူ့ဖိအားတွေကြောင့် မထင်မှတ်ထားသည်ကို လုပ်လိုက်မိလုနီးပါးပင်။ နောက်ဆုံး သူထရီလိုက်ပြီး ယန့်ကျီဟန်ဆီသို့ ပြေးသွားကာ ဖက်ဖို့လုပ်လိုက်လေတော့သည်။

ကြည့်ရတာ သူတစ်ကယ်ကြီး ယန့်ကျီဟန်ကို သဘောကျကာ ဒီလူနဲ့ပဲ နေသွားချင်သည့်ပုံပင်။

ယန့်ကျီဟန် အမူအရာကပြောင်းသွားပြီး လင်းယွိကို သူ့ဆီရောက်လာဖို့ အခွင့်အရေးပင် မပေးလိုက်ပေ။ ဘေးသို့တစ်ချက်လေး ရှောင်လိုက်ရာ လင်းယွိတစ်ယောက် ကြမ်းပြင်ပေါ်သို့ ဘမ်းကနဲတိုက်ရိုက် ကျသွားလေတော့သည်။
ဒါနဲ့တင်မပြီးသေး နောက်ထပ်ခြေလှမ်းအနည်းငယ်ပင် အနောက်ဆုတ်လိုက်ပြီး သူ့နှာခေါင်းကာ,ကာ အသံဩဩနှင့် တစ်ခုခုကို ပြောနေလိုက်သေးသည်။

အပြာရောင်လူက သူ့ဆီချက်ချင်းရောက်လာကာ လင်းယွိကို ဆွဲခေါ်သွားလေတော့သည်။

လင်းယွိထင်လိုက်သည်မှာ ယန့်ကျီဟန်သူ့ကို ဒီမှာပဲ သေသွားဖို့ထားခဲ့မည်ကိုပင်။ ကြောက်ကြောက်လန့်လန့်နှင့် ရုန်းလိုက်ပြီး ယန့်ကျီဟန်ဘက်ကို သနားကမားမျက်နှာလေးနှင့် ကြည့်လိုက်သော်လည်း သူ့ပတ်ဝန်းကျင်က လူတွေ၏ အံ့ဩနေသည့် မျက်နှာတွေကိုတော့ သတိမထားမိခဲ့ပေ။

အပြာရောင်လူက လင်းယွိတစ်ယောက် ရုန်းနေတာကို တွေ့ပေမဲ့ မေ့သွားအောင်လည်း မလုပ်ရဲရာ သူ့ကိုကောက်ကာ လက်တွေနှင့်ချုပ်၍ ခေါ်လိုက်လေတော့သည်။

ယန့်ကျီဟန် သူ့ကိုတစ်ချက်ကြည့်လိုက်သော်လည်း သူ့မျက်ခုံးတွေက ပိုပိုကြုံ့လာတော့သည်။ ရှေ့ကိုတိုးလိုက်ပြီး လင်းယွိကော်လံကိုဆွဲကာ ပြန်ဆွဲထုတ်လိုက်လေ၏။

လင်းယွိအပျော်လွန်သွားကာ ချက်ချင်းလှည့်လိုက်ပြီး ဖက်လိုက်တော့သည်။ ယန့်ကျီဟန်၏ အပြာရောင်သွေးကြောတွေက နဖူးမှာပေါ်လာပြီး သူ့ကိုဆူလိုက်ကာ သူကပူလောင်နေသည့်အရာတစ်ခုအလား အဝေးသို့တွန်းထုတ်လိုက်လေတော့သည်။ ပြီးနောက် သူ့ကိုကြမ်းကြမ်းဆွဲသွားကာ ယဉ်၏အနောက်ဘက်အခန်းငယ်ထဲသို့ ထိုးထည့်လိုက်ပြီး တံခါးကိုဆောင့်ပိတ်လိုက်လေတော့သည်။

ယန့်ကျီဟန်က သူ့ကိုပါ ခေါ်သွားချင်တာလား?

လင်းယွိနှလုံးသားလေး မြေကြီးပေါ်ကျသွားကာ ကြမ်းပြင်ပေါ် လဲကျသွားလေတော့သည်။

အပြာရောင်လူက သူ့မာရှယ်ကိုတစ်ချက်ကြည့်လိုက် သူ့ကိုပြန်ကြည့်လိုက်နှင့် လုပ်ပြီး ခေါင်းက လေးစားဟန်အပြည့်နှင့် အမြန်ဦးညွှတ်လိုက်လေသည်။

မာရှယ် အာကာသယာဉ်ပေါ်ရောက်တုန်းက သူ့လက်ကိုသူ သေချာနမ်းကြည့်ခဲ့လေသည်။

အဲ့အလှလေးက ဘယ်ကနေရောက်လာတာပါလိမ့်?

သူ့အနံ့ကရော ကောင်းလိုက်တာ။

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now