Chapter 21

2.8K 342 0
                                    

အပိုင်း ၂၁

ယန့်ကျီဟန်သတိထားမိသလောက်တော့ လင်းယွိတစ်ယောက် အဖွဲ့ချုပ်ဘက်ကနေ ခေါ်လာတဲ့ဗီဒီယိုကောလ် အစပိုင်းလောက်ကတည်းက အနောက်ဘက်မှာရပ်နေသည့် အမျိုးသမီးတစ်ယောက်ကိုသာ ကြည့်နေခဲ့ခြင်းပင်။

ထိုကောင်မလေးက သာမန်လူသားတစ်ယောက်ကဲ့သို့ ဘဲဥပုံမျက်မှာ၊ ပိုနီတေးလ်ဆံပင်ပုံ စည်းထားကာ အဖွဲ့ချုပ်ဘက်က ယူနီဖောင်းကို ဝတ်ဆင်ထားလေသည်။ အလွန်ငယ်ရွယ်ကာ အလွန်တရာလည်း လှပသည်။

ဒါပေမယ့် သူကအမတစ်ယောက်လေ ဘာလို့လင်းယွိက သူ့ပဲကြည့်နေတာပါလိမ့်?

ယန့်ကျီဟန်ဘက်က လင်းယွိလက်ကို ဖိပစ်လိုက်သော်လည်း အခုထိစိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်လာတဲ့ပုံလည်းပေါ်မလာပေ။ ပိုဆိုးတာက ထိုမိန်းကလေးဘက်ကနေ စပြီးမိတ်ဆက်တာကို စကြားလိုက်တာနှင့် လင်းယွိလုံးဝစိတ်လွတ်သွားသလိုပင်။

ယန့်ကျီဟန် ဘာလို့ဒီလိုတွေ ဖြစ်နေမှန်းမသိပေ။ သူ မရေရာသည့် ယုံတမ်းစကားတွေထဲက ဇက်ဘုရင်မအထိပါ သွားစဉ်းစားမိသွားသေးသည်။
တရားဝင်မဟုတ်သည့် သမိုင်းကြောင်းအရဆိုလျှင် ပထမဆုံးဇက်တွေမှာ ဘုရင်မ ရှိခဲ့ဖူးသည်။ သူမကပိုမျိုးရိုးမြင့်ကာ အထီးတွေထက်ပင် ရှားပါးသည်၊ သို့သော် ထိုသမိုင်းကြောင်းအရတော့ သူမ၏မျိုးဆက်ကို မွေးဖွားပြီးသည်နှင့် မထင်မှတ်ထားပဲ သေဆုံးသွားကာ ထိုအချိန်ကစပြီး ဇက်တွေမှာ ဘုရင်မဟူ၍မရှိတော့ပေ။

ယနေ့ခေတ်ခေါ်နေကြသည့် အမတွေဆိုသည်မှာ တတိယမြောက်လိင်အမျိုးအစား တစ်ခုဖြစ်သည်။ သူတို့ယေဘုယျပုံပန်းသွင်ပြင်က ယောက်ျားတစ်ယောက်လိုပင်။ သူတို့မှာ ကလေးမွေးဖွားနိုင်စွမ်းရှိသော်ငြား တစ်ကယ်တော့သူတို့ကို လူဦးရေများပြားလာအောင်ရယ်နှင့် နာခံမှုရှိအောင်သာ မွေးဖွားထားကြခြင်း ဖြစ်လေသည်။

တချို့ဆို ပြောကြသေးသည်၊ ဇက်အထီးတွေက သူတို့ပိုင်သည့်အမတွေအပေါ် ကြမ်းတမ်းစွာဆက်ဆံတတ်ကြသည်တဲ့၊ ထိုအရာမှာ အဘယ့်ကြောင့်ဆိုသော် ထိုအထီးတွေ၏ ဗီဇထဲမှာကိုက ဤ ကမ္ဘာပေါ်မှာ မရှိတော့သည့် ဘုရင်မတစ်ယောက်တည်းကိုသာ ချစ်တတ်တာကြောင့် ဖြစ်သည်ဟုပင်။

အချက်ကျကျပြောရမယ်ဆိုရင်တော့ အထီးတွေက အမတွေမှာရှိသည့် မျက်နှာမျိုးကို ပိုကြိုက်ကြတာများသည်။

ယန့်ကျီဟန်ထိုကဲ့သို့ အခြေအမြစ်မရှိသည့် ဈေးကွက်ထဲလုပ်ကြံဖန်တီးထားသည့် စကားတွေကို တွေးမိရုံနဲ့တင်ကို စိတ်ကရှုပ်လာပြန်သည်။
သို့သော်ကြည့်ရတာ ထိုအမျိုးသမီးအပေါ် လင်းယွိစိတ်ဝင်စားနေတာကတော့ အမှန်ပင်။

အဖွဲ့ချုပ်ဘက်က ဗိုလ်မှူးသည်ပင် လင်းယွိဘက်က သူ့လက်အောက်ငယ်သားကို အာရုံစိုက်နေမှန်း သတိထားမိသွားပုံရကာ စပြောလာလေသည်။
“ယန့်လူကြီးမင်းဘက်က စိတ်ထဲမထားဘူးဆိုရင် ဒီဘက်ကလင်းလူကြီးမင်းကို ကျွန်တော်တို့ရဲ့  ဒုဗိုလ်ကျောက်နဲ့ ညှိနှိုင်းမှုလုပ်ခိုင်းကြည့်လိုက်ကြမလား။ သူမက ယန့်လူကြီးမင်းကို အရမ်းတွေ့ချင်နေခဲ့တာ။ လူကြီးမင်းကို အရမ်းလေးစားတာလေ။”

တစ်ဖက်က အမျိုးသမီးဒုဗိုလ်ဘက်ကလည်း ပါဝင်ကူညီပေးလာသည်။ လေးစားသမှုနှင့် အပြုံးလေးတစ်ခုကို ပြုံးပြလာကာ “ဟုတ်ကဲ့၊ ကျွန်မရဲ့ အိပ်မက်က တစ်နေ့မှာ အာကာသယာဉ်တစ်စီးပိုင်ဖို့လေ။”

လင်းယွိလည်း သူမကိုကြည့်လိုက်ကာ ခေါင်းညိတ်ပြလာလေသည်။ “ပိုင်မှာပါ။”
ယန့်ကျီဟန်မျက်နှာက ချက်ချင်းကို မကောင်းတော့ပေ။

လင်းယွိဘက်က သေချာပြောရမည်လေ။အဘယ့်ကြောင့်ဆိုသော် ဒီတစ်ယောက်က ဒီဝတ္တု၏ ဇာတ်လိုက်ဖြစ်သည်လေ။

ကြည့်ရတာတော့ သူမက စစ်တပ်အကယ်ဒမီကနေ အခုမှဘွဲ့ရလာစ ဖြစ်လိမ့်မည်၊ သို့သော် သူဖတ်တုန်းကတော့ အစပိုင်းမှာကတည်းက သူမက ဗိုလ်မှူးတစ်ယောက် စဖြစ်ခါစဖြစ်ကာ ကိုယ်ပိုင်အာကာသယာဉ်လည်း ရှိနေခဲ့ပြီး အဖွဲ့ချုပ်၏ နယ်နိမိတ်တွေဘက်ကို လေ့လာဖို့တာဝန်ယူထားခဲ့တာ ဖြစ်သည်။

ဒီ ဝတ္တုက အချစ်ဝတ္တုမဟုတ်ပေ။ ဇာတ်ကြောင်းက ဇာတ်လိုက်မ၏ အလုပ်အကိုင်ပေါ် အခြေခံထားတာဖြစ်သည်။ သူမက အမျိုးသမီးတစ်ယောက်ဖြစ်ကာ အမျိုးသားအများစုရှိသည့် စစ်တပ်လိုနေရာကနေ အခက်အခဲတွေ အစွဲအလမ်းကြီးမှုတွေကို ကျော်ဖြတ်လာပုံနှင့် အားနည်းသည့် မျိုးနွယ်တွေကိုကယ်ကာ နောက်ဆုံးနာမည်ကျော် ဗိုလ်ချုပ်မှူးကြီးတစ်ယောက် ဖြစ်လာပုံကို အသေးစိတ် ရေးသားထားသည့် ဝတ္တုတစ်ခုဖြစ်လေသည်။

လင်းယွိလို အစအဆုံးဖတ်ထားသည့် လူတစ်ယောက်အတွက်တော့ သေချာပေါက်သူမလိုလူက လေးစားစရာကောင်းသောသူပင်။ သို့သော် သူ မတွေးထားခဲ့တာက သူမနှင့်အစောကြီးတွေ့ရဖို့ပင်။ ပြီးတော့ ဇာတ်ကြောင်းတောင်မစသေးတာကိုလေ။

လင်းယွိကိုအာရုံမစိုက်နိုင်အောင် လုပ်နေသည့်အဓိကအကြောင်းအရာက ဇာတ်လိုက်က သေချာပေါက်ကို ကမ္ဘာပေါ်က လူသားတစ်ယောက်ဖြစ်နေတာကြောင့်ပင်။

သူသာ ဇာတ်လိုက်နှင့် စကားတစ်ခွန်းနှစ်ခွန်းလောက်သာ ပြောလိုက်နိုင်ပါက အခု ကမ္ဘာမြေပေါ် ဘာတွေဖြစ်နေလဲ သူသိနိုင်လိမ့်မည်။
တစ်ဖက်က သူအရမ်းကို မျှော်လင့်ထားသော်လည်း တခြားတစ်ဖက်ကတော့ အခုချိန် ကမ္ဘာမြေကြီးက သူသိထားတာနဲ့မတူတော့ပဲ လုံးဝကွဲပြားနေမလားတွေးကာ အနည်းငယ်ကြောက်နေသေးသည်။

လင်းယွိထိုအကြောင်းတွေကိုသာ တစ်ချိန်လုံးတွေးနေခဲ့တာဖြစ်ရာ တစ်ဖက်က ယန့်ကျီဟန်မျက်နှာ အခြေအနေကို ဂရုမစိုက်မိလိုက်ပဲ အဖွဲ့ချုပ်က သူနှင့်နှစ်ယောက်တည်း စကားပြောမည်ဆိုသည့် တောင်းဆိုမှုကို သဘောတူလိုက်မိလေသည်။

နှစ်ဖက်အာကာသယာဉ်တွေ ချိတ်ဆက်လိုက်ကာ ဇာတ်လိုက်မလည်း လင်းယွိဆီဖော်ရွေစွာ စကားလာပြောလေသည်။

“လူကြီးမင်းလင်းယွိ၊ သင့်မှာ အံ့ဩစရာစိတ်စွမ်းအားရှိတော့ ကျွန်ုပ်တို့အဖွဲ့ချုပ်ကို လာပူးပေါင်းပေးဖို့ မျှော်လင့်မိပါတယ်။”

လင်းယွိဘက်က စကားပြန်မပြောနိုင်ခင်မှာပဲ ယန့်ကျီဟန်က ဖြတ်ပြောလာသည်။
“သူကမပူးပေါင်းချင်ဘူးတဲ့။”

ဇာတ်လိုက်မဘက်ကနေ ကိုယ့်ကိုယ်ကိုနှိမ့်ချသည့် အပြုံးလား ကြိတ်မှိတ်သည်းခံနေရသည့် အပြုံးလားမသဲကွဲသည့် အပြုံးကိုပြန်ပြုံးပြလာကာ၊ “တောင်းပန်ပါတယ် ဒီမေးခွန်းက ကျွန်မတို့ လူကြီးမင်းလင်းယွိကိုယ်တိုင်ပဲ ဖြေဆိုဖို့လိုမယ်ထင်ပါတယ်။ ပြီးတော့ မှန်ကန်တဲ့အဖြေရလာဖို့အတွက် ယန့်လူကြီးမင်းလည်း ခဏလောက်ရှောင်ပေးဖို့ လိုမယ်ထင်ပါတယ်။”

ယန့်ကျီဟန် မျက်ခုံးမြင့်လိုက်ကာ “မင်းက ငါသူ့ကိုအတင်းအကျပ် ဖြေခိုင်းနေတယ်လို့ ထင်တာလား?”

“ကျွန်မအဲ့လို မပြောမိပါဘူး။”
ဇာတ်လိုက်က ဘာမှမဖြစ်သလို ပြုံးလျက်ပြန်ဖြေလာသည်။
“ကျွန်မက ဒီအတိုင်း ယန့်လူကြီးမင်းဘက်ကပါ ကျွန်မတို့နဲ့ ပူးပေါင်းပေးဖို့ပဲ မျှော်လင့်ထားတာပါ။ ပြောရမယ်ဆိုရင် ကျွန်မတို့ ယန့်လူကြီးမင်းက အမြဲတမ်းလိုလို အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပူးပေါင်းလိုက်နာ ပေးချင်ခဲ့တာပဲလေ၊ မဟုတ်ဘူးလား?”

ဒါက အဲ့လောက်ကြီးပူးပေါင်းပေးခဲ့တာလည်း မဟုတ်ပေ၊ ဒီအတိုင်း နှစ်ဖက်လုံး တစ်ယောက်နဲ့တစ်ယောက် လာမစွက်ဖက်ဖို့သာဖြစ်သည်။

အဖွဲ့ချုပ်ဘက်ကလည်း ယန့်ကျီဟန်၏ စစ်တပ်ကိုကြောက်တာကြောင့် အမြဲတမ်းလိုလို သူဂြိုလ်သားတွေဘက်ခြမ်းဘာလုပ်လုပ် မသိချင်ယောင်ဆောင်ပေးခဲ့တာများသည်။ ပြီး‌တော့ ယန့်ကျီဟန်ဘက်ကလည်း အဖွဲ့ချုပ်၏ နယ်နိမိတ်ဘက်သွားကာ လူသတ်ခြင်း၊ တခြား ပစ္စည်းများကို ယူခြင်းကဲ့သို့အရာမျိုးကို ခွင့်ပြုထားခြင်းမရှိပေ။
ဇာတ်လိုက်မက အမြဲဒီအတိုင်းသာ၊ သို့သော် ဒီတစ်ခေါက် သူမကြည့်ရတာ မရင့်ကျက်သေးသည့်ပုံပင်။ ထို့ကြောင့် သူမပထမဆုံး ယန့်ကျီဟန် အာကာသယာဉ်ပေါ် ဆင်းကာစကတည်းက ကြောက်လန့်နေတာမျိုးမရှိခဲ့ပေ။ သူမဘက်ကလည်း ယန့်ကျီဟန်သူ့ကို သတ်လာမည်ဟု မထင်ပေ။ တစ်ကယ်လို့သာ သူ့အားသတ်ခဲ့ပါက အဖွဲ့ချုပ်နှင့် ယန့်ကျီဟန်တို့ကြားက အပေါ်ယံမျက်နှာဖုံးသာသာ ငြိမ်းချမ်းရေးက လုံးဝပြိုကွဲသွားမှာကြောင့်ပင်။

ယန့်ကျီဟန်သူမကို အေးစက်စက်ပြန်ကြည့်လာကာ ဘာမှဆက်မပြောလာတော့ပေ။

လင်းယွိက သူမအပေါ်ကောင်းကောင်းဆက်ဆံမှန်း ဇာတ်လိုက်မလည်း သတိထားမိလေသည်၊ ထို့ကြောင့်သူမဘက်ကပဲစကာ အရှေ့သို့လျှောက်လာပြီး လမ်းပြပေးလိုက်သည်။
“ကျွန်မတို့ စကားပြောကြရအောင်။”

လင်းယွိလည်း ဇာတ်လိုက်မနှင့် ကမ္ဘာမြေကြီးအကြောင်း ပြောချင်နေခဲ့တာ ဖြစ်သော်လည်း အခုမှ ယန့်ကျီဟန်ဘက်လှည့်ကြည့်ဖို့ သတိရသွားကာ လှည့်ကြည့်လိုက်လေသည်။

အယ်၊ ယန့်ကျီဟန်ကြည့်ရတာ အဆင်ပြေမနေသလိုပဲ။

လင်းယွိအသံတိုးတိုးနှင့် အမြန်ရှင်းပြ‌လိုက်သည်၊ “ငါအဖွဲ့ချုပ်ဘက်ကို မသွားဘူး၊ ဒါက ဒီအတိုင်း …. သူနဲ့စကားပြောကြည့်ချင်ရုံပဲ။”

ယန့်ကျီဟန် ထိုစကားကြားလိုက်ရချင်း သူကိုယ်တိုင်ဘာတွေတွေးမိသွားလဲပင် မသိလိုက်တော့ပေ၊ သူ့အသားအရောင်ကပါ ပိုဆိုးလာကာ အခုသူအသက်ရှူအောင့်ထားပြီး ပြန်လည်းမရှူထုတ်တတ်တော့သလိုပင်။

ဇာတ်လိုက်မက နှစ်ယောက်ကို ကြည့်လာကာ၊ “ဘာလို့လဲ? ယန့်လူကြီးမင်းက လင်းလူကြီးမင်းကို တခြားလူတွေနဲ့ စကားမပြောခိုင်းထားလို့လား?”

ယန့်ကျီဟန် ဇာတ်လိုက်မဘက်ကို ပြန်လှည့်ကြည့်လာကာ သူ့ပါးစပ်ထောင့်စွန်းလေးက အပေါ်သို့တက်သွားလေသည်၊ “အိုး၊ ဒါဆိုပြောကြပါဦး၊ ငါလည်း ကြည့်နေမယ်လေ။”

ဇာတ်လိုက်မက ပြန်ပြောပေးလာသည်။
“ဒီလောက်ထိတော့ မလိုဘူးထင်ပါတယ်။ တစ်ကယ်လို့ လင်းလူကြီးမင်းသာ ကျွန်မတို့နဲ့ မလိုက်ခဲ့ချင်ဘူးဆိုရင်လည်း ကျွန်မတို့အဖွဲ့ချုပ်ဘက်က လူကြီးမင်းရွေးချယ်မှုကို သေချာပေါက်လေးစားပေးမှာပါ။”

ယန့်ကျီဟန်ကတော့ သူမကိုလျစ်လျူသာရှုထားလိုက်ကာ နှစ်ယောက်လုံးကို ကြည်လင်သည့်နံရံတွေရှိသည့် အခန်းထဲသို့ ဝင်ခိုင်းလိုက်လေသည်။ သေချာပေါက် ဒါသူ့ဘက်က နောက်ဆုံးလိုက်လျောပေးတာပင်။
ဇာတ်လိုက်မလည်း ဝင်လာသည်နှင့် ထိုင်လိုက်ကာ လင်းယွိကိုပြုံးပြလာလေသည်၊ “ဘယ်မျိုးနွယ်စုကလည်း မသိဘူး? ရှင်က လူသားနဲ့အရမ်းတူနေတယ် မျက်လုံးတွေက လွဲရင်ပေါ့။”

S အဆင့်ဆိုတာ သေချာပေါက်ရှားပေမယ့် သူတို့ဒီကိုရောက်လာရသည့် အဓိကအကြောင်းပြချက်လည်းရှိသေးသည်၊ ၎င်းမှာ လင်းယွိကို အထက်ကသူတစ်‌ယောက်က စိတ်ဝင်စားနေလို့ပင်။

သို့သော် ဇာတ်လိုက်ကိုယ်တိုင်ပင် အသေးစိတ်အကြောင်းအရာကို မသိရသေးချေ၊ သူမလုပ်ရမှာတစ်ခုတည်းက လင်းယွိမျိုးနွယ်စုအကြောင်း စုံစမ်းပေးရုံသာဖြစ်သည်။

လင်းယွိဘက်ကလည်း သူမထံချဉ်းကပ်လာရာ ပထမဆုံးတွေးမိသည်က လင်းယွိများ လူသားမျိုးနွယ်ကလားဟု သိချင်လာတော့သည်။

လင်းယွိဘက်ကလည်း အများကြီးပြောလိုက်လို့မရပေ။ သူက ဇက်ဖြစ်ဖြစ်၊ လူလုပ်အရုပ်တစ်ယောက်ကိုမှ သာမန်မဟုတ်တဲ့ စိတ်စွမ်းအင်တွေပိုင်ဆိုင်နေပါစေဦး၊ သူကဒီအတိုင်း ထူးဆန်းသည့်တည်ရှိနေမှု တစ်ခုဖြစ်နေတုန်းပင်။

သူဘက်က တောင်းပန်သည့်အပြုံးကိုသာ ပြုံးပြလိုက်ကာ၊ “အဲ့ဒါကလေ….ကျွန်တော်က လူသားတစ်ယောက်တော့မဟုတ်ပါဘူး။”
သူ့ဘက်က ဖြေချင်သည့်ပုံမရှိသဖြင့် ဇာတ်လိုက်မလည်း ဆက်မေးမလာတော့ပေ။

မထင်မှတ်ထားစွာ လင်းယွိဘက်ကနေ နောက်စကားတစ်ခွန်းပြောလာတော့သည်၊ “”ကမ္ဘာမြေကြီး”ကို သိလားဟင်?”

ကမ္ဘာမြေကြီးကို လင်းယွိ တရုတ်လိုပြောလိုက်တာဖြစ်သည်။

ဇာတ်လိုက်မ သူနားမလည်သည့်ပုံနှင့် ခဏလောက်ကြောင်သွားလေသည်။

လင်းယွိနောက်ကနေ ဆက်ပြောလိုက်သည်၊ “အဲ့ဒါက ဂြိုလ်တစ်ခုပဲ။”

ဇာတ်လိုက်မ ရှက်ရှက်နှင့်သာ သူ့ခေါင်းကိုခါပြလိုက်သည်၊ “တောင်းပန်ပါတယ်၊ ကျွန်မ မကြားဖူးပါဘူး။”

လင်းယွိ သူပြောတာကို မကြားချင်သလိုပင်၊ “ကျွန်တော် ခင်ဗျားနေတဲ့ဂြိုလ်ကို ကြည့်လို့ရမလား?”

“ဒါပေါ့ ရပါတယ်။”
ဇာတ်လိုက်မ သူ့တာမီနယ်ကို နှိပ်လိုက်သည်နှင့် 3Dပုံရိပ်တစ်ခုက ပေါ်လာလေသည်။
လင်းယွိတစ်ချက်ကြည့်လိုက်ကာ ပြုံးလိုက်တော့သည်
“ဒါက ကမ္ဘာမြေကြီးပါပဲ!”

ဘေးမှာ ဂြိုပ်ရပ်နားစခန်းတွေများစွာရှိနေပေမဲ့ လင်းယွိဒီအပြာရောင်ဂြိုလ်ကြီးကိုတော့ မမှားနိုင်ပေ။

ဇာတ်လိုက်မက အံ့ဩသွားသည့်ပုံဖြင့် ပြန်မေးလာသည်၊ “ဒါနဲ့ရှေးခေတ်သုံး တရုတ်စကားကို ပြောလိုက်တာလားမသိဘူး?”

လင်းယွိနှလုံးက ရုတ်တရက်ရပ်သွားသလိုပင်။ သူမဒါကိုပြောနေတဲ့အချိန်အထိ တရုတ်လူမျိုးတွေ မရှိကြတော့ဘူးလား?

နှစ်ယောက်က စိတ်အားထက်သန်စွာ အချိန်အတန်ကြာ စကားပြောနေတာကို ယန့်ကျီဟန်အပြင်ကနေ စိတ်မပါစွာ ကြည့်နေလိုက်သည်။

လူသားတွေနှင့် ပိုးကောင်တို့ကြားထဲ တူညီတာများလေသည်။ သို့သော် လူသားတွေထံတွင် ဖယ်ရိုမုန်းဆိုတာမရှိသလို ပိုးကောင်တွေထံတွင်လည်း လိင်ပိုင်းဆိုင်ရာ အင်္ဂါမရှိကြဘူးဟု ပြောလို့ရသည်။

တစ်ကယ်လို့သာ ဘုရင်မရှိခဲ့သည်ဆိုလျှင် လင်းယွိဘက်က လူသားမိန်းမတစ်ယောက်ကို စိတ်ဝင်စားဖို့ဆိုတာ မဖြစ်သင့်ပေ။
သို့သော် သူ့ရှေ့ကပုံကလည်း အတုမဖြစ်နိုင်ပေ။

လင်းယွိ သူ့ရှေ့ကအမျိုးသမီးက တော်တော်စိတ်ဝင်စားစရာကောင်းမှန်း ဝန်ခံရမည်။

လူသားအမျိုးသမီးက လင်းယွိကို အဖွဲ့ချုပ်၏ မြို့တော်ကြယ်ကြီးကို အနီးကပ်ချဲ့ပြနေတာဖြစ်ကာ တစ်ခုပြီးတစ်ခုကို မိတ်ဆက်ပေးနေလေသည်။ လင်းယွိကြည့်ရတာလည်း လုံးဝမျောပါနေပုံပင်။ သူမလည်းသေချာကြည့်ကာ လင်းယွိကို‌မေးခွန်းတွေ တစ်ခုပြီးတစ်ခုမေးလိုက် ပြုံးလိုက်နှင့်ဖြစ်နေကြသည်၊ ပြီးတော့ သူမက သူ့အနားကပ်နေသည်တဲ့။

အရူးသွားမေးရင်တောင်မှ လင်းယွိအဲ့အမျိုးသမီးနောက် လိုက်ချင်နေမှန်း ပြောနိုင်လိမ့်မည်။

ရှေ့ကလူနှစ်ယောက်၏ ခေါင်းတွေပူးကပ်လာတာကို မြင်လိုက်ရသည်နှင့် ယန့်ကျီဟန်သည်းခံမထားနိုင်တော့ပေ၊ သူတံခါးကိုဖွင့်ကာ ဝင်သွားလိုက်တော့သည်။

လင်းယွိမော့ကြည့်လိုက်သည်နှင့် ယန့်ကျီဟန်က ဇာတ်လိုက်မဆီ ဒေါသတကြီးလျှောက်လာသည်ကို မြင်လိုက်ရာ လန့်သွားပြီး သူ့ကိုတားလိုက်လေသည်။
သူက တကယ်ကို အဲ့မိန်းမကို ကာကွယ်ပေးနေတာပေါ့! ယန့်ကျီဟန်ပို စိတ်တိုလာကာ လင်းယွိကိုစူးစိုက်ကြည့်လာပြီး အပြင်ကိုဆွဲခေါ်လာလေသည်။
“လိုက်ခဲ့!”

လင်းယွိ အံ့အားသင့်ကာ ပြန်ပြောလာသည်၊ “ဘာလုပ်တာလဲ?”

ယန့်ကျီဟန်သူ့ကိုအပြင်သာ ဆွဲခေါ်ထုတ်လာလေသည်။ အခန်းတံခါးကို ပိတ်လိုက်သည်နှင့် လင်းယွိလက်ကို လွှတ်ပေးလိုက်သည်။ သူလင်းယွိအပေါ်ကို အားအများကြီးမသုံးရက်ပေ။
“ကိုယ့်ကိုယ်ကို အားဘယ်လောက်နည်းနေမှန်းရော သိရဲ့လား? အဲ့ဒါတောင် သူ့ကိုကာကွယ်ပေးသေးတယ်ပေါ့!”

“ငါသူ့ကို မကာကွယ်ပါဘူး။”
လင်းယွိ ယန့်ကျီဟန်နှင့် ဇာတ်လိုက်တို့ကြား အမုန်းတရားတွေ မထားစေချင်ပေ။
“ဘာလို့စိတ်ဆိုးနေတာလဲ?”

“မင်း မင်းပြောထားသလို မလုပ်ချင်တော့ဘူးမလား၊ အဲ့ဒါကို ငါမရိပ်မိဘူး ထင်နေတာလား?”

“မဟုတ်ဘူးလေ၊ ငါသူ့ဂြိုလ်ကို အလည်သွားချင်ရုံပဲ။”

ယန့်ကျီဟန်ဘက်က လန့်သွားသည့်မျက်နှာကိုမြင်လိုက်ကာ လင်းယွိအမြန်ထပ်ပြောလိုက်ရသည်။ “ဒါပေမယ့် သူနဲ့မသွားဘူးလေ။ မင်းနဲ့ပဲ သွားမှာ…”

ယန့်ကျီဟန်ပြုံးပြလာသည်၊ “မင်းက ငါ့ကိုအဖွဲ့ချုပ်ရဲ့ ကြယ်ပေါ်ကို ခြေချစေချင်တယ်ပေါ့? ဒီနှစ်တွေအတွင်းမှာ အဲ့အဖွဲ့ချုပ်ဘက်က လူအင်အားစက်အင်အားတွေ ဘယ်လောက်ထိသုံးပြီး ငါ့ကိုသူတို့ နယ်မြေထဲရောက်လာအောင် လှည့်စားခဲ့တယ်လို့ ထင်တုန်း? အဲ့ဒါအလုပ် မဖြစ်တာထားတော့၊ အခုတော့ မင်းကပါ ငါ့ကိုသူတို့ အခြေစိုက်စခန်းဆီ သွားမယ်ဆိုပြီး ပြောလာပြန်ပြီပေါ့။ မင်းငါ့ကို ဒီအတိုင်းပင်လယ်ထဲသာ ခုန်ချခိုင်းလိုက်ပါလား?”

လင်းယွိအခုမှ ကမ္ဘာက အဖွဲ့ချုပ်၏ အခြေစိုက်စခန်းဖြစ်သွားမှန်း သဘောပေါက်သွားတော့သည်။ သူလည်း အတန်ကြာ တွန့်ဆုတ်သွားကာ၊ “အဲ့ဒါဆို ကိုယ့်ဟာ့ကိုယ်သွားလိုက်မယ်လေ…”

“ရာရာစစ!” အဲ့မိန်းမနဲ့ သွားမယ်ပေါ့!

လင်းယွိအရှုံးမပေးချင်သေးပေ။ အခုလေးတင် ဇာတ်လိုက်မက တရုတ်မြေပုံပေါ်က မြို့အတော်များများနာမည်တွေကို ရွတ်ပြသွားလေရာ အကုန်လုံးက သူရင်းနှီးနေသည့် နာမည်တွေကြီးဖြစ်ကြသည်။ “ဒါပေမယ့်….ဒီအတိုင်းသွားပြီး ကြည့်ရုံပဲလေ…တစ်ချက်ပဲ ကြည့်မှာလေ..ပြီးတာနဲ့ပြန်လာပါ့မယ်။”
ယန့်ကျီဟန်အတွက်တော့ ဒီလိုအာမခံမှုတွေက အီးပေါက်လိုက်သလိုပင်။ လင်းယွိထွက်သွားပါပြီတဲ့ သူပြန်လာမလာကို ဘယ်သူမှမသိနိုင်ပေ!
“မရဘူး။”

ထိုအချိန်မှာပဲ ယန့်ကျီဟန်တာမီနယ်က အသံမြည်လာသည်။ အဖွဲ့ချုပ်ဘက်က ဗိုလ်မှူးဆီကနေ ဆက်သွယ်လာခြင်းဖြစ်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမျက်နှာထက်တွင် အပြုံးတစ်ပွင့်ကရှိနေကာ “ယန့်လူကြီးမင်း ကျွန်တော်တို့ရဲ့ ဒုဗိုလ်ကို တရားမဝင်ဖမ်းဆီးထားတာတော့ မဟုတ်ပါဘူးနော်?”

ယန့်ကျီဟန်မျက်နှာသေနှင့် ပြောလိုက်သည်။ “အဲ့လိုမျိုး ဖြစ်လာမှာမဟုတ်ဘူး။”

တပ်မှူးကို လွှတ်ပေးဖို့ အမူအရာလုပ်ပြလိုက်သည်၊ “လွှတ်ပေးလိုက်။”

ဇာတ်လိုက်မထွက်လာသည်ကို တွေ့သည်နှင့် ဗိုလ်မှူးက လင်းယွိကိုထပ်ပြောလာပြန်သည်။ “ကျွန်တော့ဒုဗိုလ်ပြောသလို လင်းလူကြီးမင်းက အဖွဲ့ချုပ်ရဲ့ ရုံးချုပ်ကြယ်ကို စိတ်ဝင်စားနေတယ်ဆိုတာ ဟုတ်သလားမသိဘူး?”

လင်းယွိ ယန့်ကျီဟန်ကိုပြန်ကြည့်လာကာ ဘာမှထပ်ပြောမလာပေ။
“စိတ်မပူပါနဲ့၊ အသင့်ဘက်ကသာ အဖွဲ့ချုပ်ဘက်ကို မလာချင်ဘူးပြောထားသရွေ့ ကျွန်တော်တို့ဘက်ကလည်း သင့်လုပ်ပိုင်ခွင့်အားလုံးကို အာမခံပါတယ်။ ယန့်လူကြီးမင်းဘက်ကလည်း ကျွန်တော်တို့အဖွဲ့ချုပ်ဘက်ကလူတွေကို ဂြိုလ်ကိုလေ့လာဖို့ကို တားဆီးပိုင်ခွင့်မရှိဘူးလို့ ထင်ပါတယ်။”

“ကျွန်တော်…” လင်းယွိ နောက်ဆုံးတော့ ယန့်ကျီဟန်ပြောတာကို လက်ခံနိုင်လာသလိုပင်၊ ဒါကို ငြင်းကိုငြင်းရမယ်။

သို့သော် ယန့်ကျီဟန်ဘက်ကတော့ လင်းယွိကို တုံ့ဆိုင်းနေသည့်အမူအရာနှင့် ပြန်ကြည့်လာကာ ရုတ်တရက်သူ့နှလုံးရပ်သွားတော့သလိုပင်။

“သူခင်ဗျားတို့နဲ့ လိုက်မှာမဟုတ်ဘူး။"
ယန့်ကျီဟန် ပထမဆုံးစကားကို မည်းမှောင်နေသော မျက်နှာထားနှင့်ပြောလာလေသည်။
“ငါကိုယ်တိုင်သူ့ကိုလိုက်ပို့မယ်။”

လင်းယွိ ယန့်ကျီဟန်ကို မျက်လုံးပြူးကာ ကြည့်လိုက်၏။ ပြောတော့ အန္တရာယ်များတယ်ဆို?

တပ်မှူးလည်း ကြောင်သွားသလိုပင်၊ “မာရှယ်?”
တစ်ဖက်က ဗိုလ်မှူးလည်း အံ့ဩသွားတာကို မဖုံးနိုင်ပုံပင်၊ “ယန့်လူကြီးမင်းက အဖွဲ့ချုပ်ဘက်ကို အလည်လာမလို့လား?”

ဇာတ်လိုက်မလည်း ယန့်ကျီဟန်နှင့် လင်းယွိကို နားမလည်သလိုကြည့်လာလေသည်။ “လူအင်အားဘယ်လောက်နဲ့ သူ့ကိုလွှတ်မှာလဲ?”

ယန့်ကျီဟန် တစ်ဖက်က အမျိုးသမီးကို မျက်ခုံးမြင့်ကာ ကြည့်လိုက်လေသည်။ ဒီတစ်ယောက်ကို သတ်ပစ်ချင်လိုက်တာ။ သူလုပ်ချင်တာ အကုန်လုပ်ပစ်လို့ရသည် ပြီးတော့ သူလိုနေတာက အမည်တစ်ခုတည်းသာ!

“ဘယ်အင်အားနဲ့ မင်းကရောငါ့ကို မေးခွန်းတွေအများကြီး လာမေးနေတာလဲ?

“ဧည့်သည်ကိုပြန်ပို့လိုက်!”
ယန့်ကျီဟန် လင်းယွိကို ဇာတ်လိုက်မနှင့် နောက်ထပ်စကားပြောခွင့်မပေးတော့ပဲ ဆွဲခေါ်လာတော့သည်။

ဇာတ်လိုက်မလည်း အဖွဲ့ချုပ်၏ ကိုယ်ပိုင်အာကာသယာဉ်ပေါ်သို့ ပြန်လာခဲ့လိုက်သည်၊ ပြီးတာနှင့် ဗိုလ်မှူးက သူမကို ချက်ချင်းမေးခွန်းတွေ မေးလာတော့သည်၊ “လင်းယွိက ဘယ်လိုလူမျိုးလို့ မင်းထင်လဲ?”

“လိင်လုပ်သားလိုမျိုး။”
ဒါက ယန့်ကျီဟန်နှင့်တော့ လုံးဝပြောင်းပြန်ပင်။

ဗိုလ်မှူးခေါင်းညိတ်ပြလိုက်သည်။

တစ်ချို့လူတွေက လင်းယွိဟာ လွန်ခဲ့သော ကြယ်အစုအဝေးစစ်ပွဲကနေ ရှင်ကျန်ခဲ့သည့် ဇက်အထီးတစ်ကောင်ဖြစ်နိုင်ကြောင်း သံသယဝင်နေကြတာဖြစ်သည်။

သူ့အတွက်တော့ ဒါကအခြေအမြစ်မရှိသည့် စကားသာဖြစ်၏။ ဖြစ်နိုင်ချေကလည်း အရမ်းနည်းလွန်းသည်။ အဖွဲ့ချုပ်၏ ဇက်အင်ပါယာအပေါ် တိုက်ခိုက်နိုင်စွမ်းက လုံးဝမြွေတစ်ကောင် အကိုက်ခံလိုက်ရသလိုပင်၊ ဆယ်နှစ်ကြာအထိကို မြက်ကြိုးတွေကို ကြောက်နေကြသည်အထိကိုဖြစ်သည်။

တစ်ခုရှိတာက လင်းယွိ ယန့်ကျီဟန်နှင့် အတူရှိနေတာကသာ အတော်ထူးဆန်းနေတာဖြစ်သည်။ “ယန့်ကျီဟန်ဆီမှာ ဘာလို့ အဲ့လိုလူတစ်ယောက် ရှိနေတာပါလိမ့်? ကြည့်ရတာ နှစ်ယောက်ကြားဆက်ဆံရေးလည်း ကောင်းသလိုပဲ။”
ဇာတ်လိုက်မလည်း စကားပြောဖို့ပြင်လိုက်သော်လည်း ဗိုလ်မှူးက စိတ်မဝင်စားသည့်ပုံဖြင့် လက်ကိုယမ်းပြလာလေသည်။
“အိုခေ၊ အထက်ကိုတင်ဖို့ တင်ပြချက်ကိုရေးထားလိုက်။”

“ဟုတ်ကဲ့။”
ယန့်ကျီဟန် လင်းယွိကို သူတို့အခန်းဆီသို့ လျင်မြန်စွာဆွဲခေါ်လာလေသည်။

တပ်မှူးလည်း သူတို့နောက်ကလိုက်လာကာ၊ “မာရှယ်၊ တစ်ကယ် အဖွဲ့ချုပ်ဘက်ကို သွားမလို့လား?”

ယန့်ကျီဟန်အေးစက်စွာ ပြန်ဖြေလာသည်၊ “အင်း။”

“ဒါပေမယ့်….” ဘာလို့ အန္တရာယ်များတာကို လုပ်မှာတုန်း? တပ်မှူး လင်းယွိကို ကြည့်လိုက်ကာ ပြောချင်သည့်စကားတွေကို မျိုသိပ်သာထားလိုက်လေသည်။

လင်းယွိလည်း တပ်မှူးဆီကနေ ကြည့်လာတာခံလိုက်ရာ တကယ်လည်း ယန့်ကျီဟန် အန္တရာယ်များမှန်းသိကာ လျင်မြန်စွာပြောလာလေသည်
“မေ့လိုက်တော့၊ တကယ်မသွားတော့ဘူး။”

ယန့်ကျီဟန် မျက်မှောင်ကြုံ့လိုက်ကာ
“အဲ့ဒါဆို အနာဂတ်မှာ မင်းက ဘယ်သူနဲ့သွားချင်သေးတာတုန်း? ငါပဲအဲ့ကို ခေါ်သွားမယ်!”

လင်းယွိသူ့ကိုလျှော့တွက်လိုက်မှာစိုးကာ ယန့်ကျီဟန်ခေါင်းကိုမော့ကာပင် ထပ်ပြောလိုက်သေးသည်။ “စိတ်မပူနဲ့၊ အဖွဲ့ချုပ်က အတွင်းပိုင်းမှာလည်း ခွဲခြားထားတာတွေရှိသေးတော့ နောက်ဆုံးဖြတ်ချက်တစ်ခု ထပ်ချဖို့ဆိုတာက နှစ်တစ်ဝက်လောက်ကြာဦးမှာ။ ငါ့ကိုအနိုင်ချချင်နေတဲ့ လူတွေဆိုတာလည်း အများကြီးရှိသေးတယ်၊ သူတို့ငါ့ကို ဒီဘဝမှာတော့ ဘာမှာလာမလုပ်ရဲပါဘူး။”

ယန့်ကျီဟန် လင်းယွိကို အခန်းထဲပို့လိုက်ကာ တပ်မှူးကို စကားအနည်းငယ်ပြောလာသည်။
“အဓိက ဂြိုလ်ဘက်ကနေ နောက်ထပ်စစ်တိုက်ယာဉ်နှစ်စီးပို့ခိုင်းလိုက်၊ သူတို့ကို အတတ်နိုင်ဆုံး အမြန်ရောက်အောင်လာခိုင်း၊ ပြီးတော့ အဖွဲ့ချုပ်နယ်နိမိတ်နားမှာ စောင့်ခိုင်းထား။”

သူတို့စကားပြောလို့ပြီးတာနှင့် ယန့်ကျီဟန်တံခါးကို စောင့်ပိတ်လိုက်ကာ လင်းယွိကိုစိတ်တိုနေသည့်အကြည့်နှင့် ကြည့်လာကာမေးလိုက်သည်။
“မင်းအဲ့မိန်းမကို ကြိုက်နေတာလား?”

ယန့်ကျီဟန်က သူဇာတ်လိုက်မကို ကြိုက်နေတာလို့ ထင်နေတာလား?

“မဟုတ်ပါဘူး။ ဘာလို့သူ့ကိုကြိုက်ရမှာတုန်း?” လင်းယွိတစ်ကယ်ကို ကူကယ်ရာမဲ့လာသလိုပင်၊ ယန့်ကျီဟန်က တကယ်တော့ သဝန်တိုတတ်တဲ့သူပဲ။

ယန့်ကျီဟန်ကတော့ လင်းယွိပြောလာတာကိုတောင်မှ အမှန်ပြောနေသည်ဟု မထင်သေးပဲ ဂရုတစိုက်ထပ်မေးလာပြန်သည်။
“အဲ့ဒါဆို ဘာလို့သူ့ဂြိုလ်ပေါ်သွားချင်တာတုန်း?”

လင်းယွိ ယန့်ကျီဟန်ကိုဆွဲလိုက်ကာ ချော့ပြောလိုက်သည်။
“မဟုတ်ဘူးလေ အဲ့ဒါက သူနေတဲ့ဂြိုလ်က ငါရှာနေတဲ့ ဂြိုလ်မလို့လေ။”

ယန့်ကျီဟန် လင်းယွိ ထိနေသည်ကိုတော့ ဘာမှပြောမလာပေမဲ့ သူ့ကိုခုထိမယုံသေးသည့် အကြည့်နှင့်တော့ ကြည့်နေသေးသည်။

လင်းယွိ ယန့်ကျီဟန်ဘက်က သူဘာလို့ ကမ္ဘာမြေကြီး ကိုရှာနေသလဲ မေးလာရင်တောင်မှ သူသေချာရှင်းမပြနိုင်သေးပေ။ သူအခုအရမ်းလည်း ကြောက်မနေတော့ပဲ ယန့်ကျီဟန်ဆီ တိုးလာကာနမ်းလိုက်လေသည်။
“ငါတကယ်သူ့ကို မကြိုက်ပါဘူး။”

အခုတော့ သူ ယန့်ကျီဟန်ကို ဘယ်လိုချော့ရမလဲ သိသွားသလိုပင်။

အသေအချာကို ယန့်ကျီဟန်အာရုံတွေအားလုံးက ချက်ချင်းကို လင်းယွိအနမ်းဆီသာ ရောက်သွားကြတော့သည်။
လင်းယွိဘက်က ဖြည်းညင်းစွာသာ ချဉ်းကပ်ပေးလာသည်။ ယန့်ကျီဟန်က အစာတောင်းနေသည့် ကြောင်လေးတစ်ကောင်လို မျက်လုံးလေးတွေမှေးကာ လင်းယွိအနံ့နောက်ကို သူ့ဘက်ကသာ စတင်လိုက်လာလေတော့သည်။

ယန့်ကျီဟန်ခုနောက်ပိုင်း သူ့ကိုပိုပိုပြီး တွယ်ကပ်လာတာကိုကြည့်ပြီး လင်းယွိပြုံးမိလိုက်လေသည်။ သူ့ဘေးမှာပဲ အမြဲကပ်နေရုံသာမက သူ့ကိုခဏခဏလည်း နမ်းလာသလိုပင်။

လင်းယွိနမ်းနေရင်း မေးလိုက်သည်။
“အဖွဲ့ချုပ်ဘက်ကို သွားဖို့က တကယ်ရော ဘေးကင်းရဲ့လား?”

ယန့်ကျီဟန် လင်းယွိကြည့်ရတာ သူ့နားကနေ အဝေးသို့ရောက်သွားသလို ဖြစ်သွားသဖြင့် စိတ်တိုင်းမကျသလို အနားကပ်လာလေသည်။
“ဟင့်အင်း၊ ငါ့ကို ပစ်မထားနဲ့။”

ယန့်ကျီဟန်စကားပြောလို့ပြီးတာနှင့် ထပ်နမ်းလာပြန်သည်။ တဖြည်းဖြည်း သူသိလာရာတာက နမ်းရင်သွားကို သုံးစရာမလိုဘူးဆိုတာပင်၊ ထို့ကြောင့် သူလျာကိုလင်းယွိပါးစပ်ထဲ ထိုးထည့်လိုက်ကာ ချိုသည့်အရသာရှိသည့် အရည်ကိုလိုက်လျက်နေလိုက်ပြီး ဖြည်းဖြည်းချင်းဆီစုပ်ကာ မျိုချလိုက်တော့သည်။

လင်းယွိ တစ်ခါတစ်လေဆို ယန့်ကျီဟန်က ဗိုက်ဆာလို့တစ်ခုခုကို အငမ်းမရ စားနေသလိုမျိုးပင် ခံစားလာရသည်။

ယန့်ကျီဟန်ဘက်က ဖြစ်နေသည်ကိုကြည့်ကာ နောက်ဆုံးလင်းယွိဘက်က ဦးဆောင်ကာ အိပ်ယာပေါ်ချပေးလိုက်ပြီး အနမ်းကိုသာ အာရုံစိုက်ပြီး နမ်းနေလိုက်တော့သည်။ ယန့်ကျီဟန်ကိုယ်တိုင်တောင် မသိလိုက်ပဲ အသံထွက်မိသွားကာ လင်းယွိကိုဖက်လာလေသည်။

လင်းယွိအနမ်းက နူးညံ့ကာ ယန့်ကျီဟန်ဘက်က သူ့လျာနောက်ကိုလိုက်နေတာ မရပ်ပေးမချင်း ရှည်ကြာစွာနမ်းခဲ့ကြလေသည်။

နမ်းလို့ပြီးသွားသည်နှင့် ယန့်ကျီဟန်ကြည့်ရတာ အစာစားပြီးသွားလို့ ဗိုက်ကလေးဖော်ထားသည့် သားရဲတစ်ကောင်လို နာခံနေကာ လင်းယွိကိုဖက်ကာ သူ့ပါးတွေနှင့် ပွတ်လာပြန်လေသည်။

“ဘာလို့ ငါ့နောက်ကိုလိုက်ဖို့လိုသေးတာလဲ?”

လင်းယွိသူ့ခေါင်းကို ပွတ်ပေးလာကာ ပြုံးရင်းပြောလာသည်။
“ခင်ဗျားမှာ ကမ္ဘာမှာ အကောင်းဆုံး ခြေရာခံစက်ရှိတာပဲကို။ မဟုတ်လည်း ငါ့မှာတပ်ပေးလိုက်လေ။”
ယန့်ကျီဟန်မျက်လုံးတွေက အရက်မူးနေသလို ရီဝေနေကာ လင်းယွိကို သူ့လက်မောင်းတွေကြားထဲကိုင်ကာ ပြန်ပြောလာသည်။
“ငါမစိုးရိမ်ပါဘူး၊ ဒီအတိုင်း မင်းကိုလူကိုယ်တိုင်တွေ့ချင်နေရုံပဲ။”

ခဏလောက်တိတ်သွားကာ ထပ်ပြောလာလေသည်၊ “ပြီးတော့ ငါမင်းနဲ့မခွဲချင်ဘူး။”

လင်းယွိနှလုံးသားလေးက ပျော့ပြောင်းသွားတော့သည်။
“ဘာလို့လဲ?”

“……အဆင်မပြေ ဖြစ်လာလိမ့်မယ်။”

“အဆင်မပြေဘူး? ဟမ် ဘယ်နားက အဆင်မပြေဖြစ်တာလဲ?” လင်းယွိ သူ့ကိုစိတ်ပူပန်စွာ ကြည့်လာလေသည်။

ယန့်ကျီဟန်မျက်မှောင်ကြုံ့လိုက်ကာ အတန်ကြာအောင် တွေးကြည့်လိုက်သော်လည်း သူရှင်းမပြတတ်တော့သဖြင့်၊ နောက်ဆုံး သူ့ဗိုက်ကိုသာ ပွတ်ပြလိုက်လေသည်။

လင်းယွိလည်းကြောင်သွားကာ ဗိုက်ကိုပွတ်ပေးလာလေသည်။
“ဗိုက်အောင့်နေလို့လား?”

ယန့်ကျီဟန်နောက်ထပ်ဘာမှ ထပ်ပြောမလာတော့ပဲ မျက်လုံးတွေကို မှေးကာလင်းယွိလက်မောင်းတွေကို မှီပြီးအနံ့လေးကိုသာ ရှူနေလိုက်လေသည်။

နောက်တစ်ကြိမ် လင်းယွိထူးဆန်းတဲ့ အတွေးတစ်ခုကို တွေးမိပြန်လေသည်။ ဒီဗီလိန်က….. ကြည့်လို့ကောင်းလိုက်တာ။

လင်းယွိ ယန့်ကျီဟန်ဗိုက်က ပွတ်လို့ကောင်းသဖြင့် သူ့ဗိုက်ကြွက်သားတွေ တစ်ခုချင်းဆီကိုကိုင်ကာ သေချာစွာအပေါ်ဘက်သို့ပင့်ကာ ပွတ်ပေးနေလိုက်သည်။

ယန့်ကျီဟန် သဘောကျသည့် အသံလေးကိုလုပ်လာကာ ရုတ်တရက် တွန့်သွားပြီး သူ့လက်ကို ဖမ်းကိုင်လာလေသည်။

လင်းယွိ ပြုံးလိုက်ကာ ယန့်ကျီဟန်ရင်ဘတ်ကို ကိုင်လိုက်ပြီးပြောလိုက်သည်။ “ဘာလို့လဲ ယားလို့လား?”

ယန့်ကျီဟန် ဘာမှပြောမလာပေမဲ့ သူ့နားရွက်တွေကတော့ နီရဲတွတ်နေလေသည်။

ချီး။

အဲ့နေရာက ခံစားလွယ်နေတာ ထူးဆန်းလိုက်တာ။







ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now