Chapter 13

3K 421 1
                                    

အပိုင်း - ၁၃

ယန့်ကျီဟန်မျက်ဆံတွေက တုန်ရီလာပြီး ကျယ်ကျယ်လောင်လောင် ဆဲလိုက်ကာ မွန်းစတားကောင်၏ မျက်လုံးထဲသို့ သေနတ်ဖြင့်ပစ်လိုက်ပြီး နဂါးမျိုးနွယ်စုနှင့် သက်ဆိုင်သောအနက်ရောင် အတောင်ပံတွေကို ဖြန့်လိုက်ကာ ကျောက်တောင်စွန်းအောက်ကို ဘာမှမတွေးတော့ပဲ လင်းယွိနောက်ကို လိုက်လာလေသည်။

ဆေးကုသသည့်သေတ္တာလေးက ကျောက်တောင်စွန်း၏ အစွန်းတွေနှင့် တိုက်မိကာ ဒလိမ့်ကောက်ကွေး လှိမ့်နေလေ၏။

ယန့်ကျီဟန် နှလုံးတစ်ခုလုံးက အလွန်ခုန်နေကာ သူ့လည်ချောင်းထဲက ထွက်ကျလာတော့မလိုပင်။ သူအကောင်းဆုံးကြိုးစားပြီး ကုသရေးသေတ္တာလေးကို ရအောင်လှမ်းဖမ်းယူသော်လည်း လွတ်လွတ်ထွက်သွားနေဆဲပင်။

နောက်ဆုံးမှာတော့ ကုသရေးသေတ္တာလေးက ရေခဲတုံးကိုရိုက်မိကာ ဘုန်းကနဲ အသံကြီးမြင်ပြီး ချောက်အောက်ချေက မြစ်ထဲသို့ ပြုတ်ကျသွားလေတော့သည်။ ယန့်ကျီဟန် ဘာမှမတွေးနိုင်တော့ပဲ ရေထဲသို့ခုန်ဆင်းလိုက်ကာ အဆုံးတွင်တော့ ကုသရေးသေတ္တာလေးကို ဆွဲယူနိုင်လိုက်လေတော့သည်။

သူအဖုံးကို ပွင့်လာအောင် အကြိမ်များစွာ ကြိုးစားကြည့်သော်လည်း နဂိုကတည်းက ဖျက်ဆီးခံထားရသောကြောင့် တံခါးကကပ်နေလေသည်။ ယန့်ကျီဟန် သူ့လက်ကိုမြှောက်လိုက်ကာ အဖုံးနှင့်အောက်ခြေကြားထဲရှိသည့် အဆက်ကို လက်သီးနှင့် ပြင်းပြင်းထိုးချလိုက်ရာမှသာ ထိုအရာက အားပြင်းပြင်းနှင့် ပွင့်ထွက်လာလေ၏။ ထို့နောက် လင်းယွိကိုအထဲမှ ဆွဲထုတ်လိုက်ပြီးနောက် ရေစီးအပေါ်အတိုင်း ပြန်မျောပါသွားလေတော့သည်။

လင်းယွိ သတိမေ့နေသေးသော်လည်း မြစ်ကရေခဲတမျှ အေးနေသော်ကြောင့် သူနောက်တစ်ကြိမ် တုန်တုန်ရီရီနှင့် နိုးလာလေသည်။

ယန့်ကျီဟန် သူ့ကိုအေးခဲနေသည့် ရေခဲတွေကြားမှ သယ်လာကတည်းက သူသူ့ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲအပိုင်းအစတစ်ခုလိုကို အေးခဲနေပြီဟုသာ ထင်ထားခဲ့တာဖြစ်သည်။

“ဘယ်လိုနေလဲ? အာ? ဟေး! ငါ့ကိုကြည့်!”
ယန့်ကျီဟန်ကြည့်ရတာ အလွန်အမင်း ထိတ်လန့်နေသည့် ပုံပေါ်နေကာ သူ့ကိုတင်းကျပ်စွာ ဖက်ထားပြီး ခေါင်းကိုကိုင်လျက် သူသတိလွတ်မသွားအောင် ဆက်တိုက်ခေါ်နေတော့သည်။

လင်းယွိသူ့မျက်လုံးတွေကို ဖွင့်ဖွင့်ချင်း ယန့်ကျီဟန်၏ အနက်ရောင်ကြီးမားလှသည့် အတောင်ပံကြီးတွေကို တန်းမြင်လိုက်ရသော်လည်း ဒီတစ်ခါတော့ သူနတ်ဆိုးတစ်ကောင်နှင့် တူမနေတော့ပေ။
ယန့်ကျီဟန် သူ့ကိုကယ်ဖို့ ရောက်လာတာပဲ။

အသက်ရှင်သန်ချင်သည့် အသိစိတ်က လင်းယွိကို သူ့အားပိုတင်းတင်းကျပ်ကျပ် ဖက်မိစေသည်။ သို့သော် လက်တွေအကုန် အေးခဲနေလေရာ အားကပါမလာတော့ချေ။

“နေဦး၊ နေဦး!”
ယန့်ကျီဟန် သူ့အဝတ်တွေကို ဟလိုက်ကာ လင်းယွိလက်တွေကို အထဲသို့ထည့်ထားလိုက်သည်။ ထို့နောက် လင်းယွိကိုဖက်လိုက်ကာ ကျောက်တောင်စွန်းတွေ အပေါ်သို့ ပျံတက်လိုက်သည်။

သို့သော်လည်း အေးစက်နေသည့် လေပြင်းတွေက လင်းယွိကို နောက်တစ်ကြိမ်ထပ်တိုက်နေရာ သူ့လက်တွေရှိတယ်လို့တောင် မထင်ရတော့ပဲ ပြင်းထန်သည့် မူးဝေခြင်းကလည်း သူ့ဆီထပ်ရောက်လာရာ သူရုတ်တရက် အလွန်ပြန်အေးလာသလိုပင်။

ဒီအတိုင်းသာဆက်ဖြစ်နေလျှင် သူအေးခဲပြီး မကြာခင်သေသွားလိမ့်မည်။

ယန့်ကျီဟန် လင်းယွိအခြေအနေကို ကြည့်ကာ တုန်လှုပ်လာလေတော့သည်။
“ဟေး! အိပ်မပျော်စေနဲ့နော်။"

သူ့လက်မောင်းတွေကြားထဲရှိနေသည့် သူကိုတင်းနေအောင်ဖက်ထားလိုက်ပြီး အကြောက်လွန်နေပြီး တစ်ခုခုကိုဆဲလိုက်လေသည်။ သူဆက်ပြီး မပျံရဲတော့ပေ။ ထိုအစား သူမြေပြင်ပေါ်က အမွေးရှည်ရှည်နှင့်အကောင်တစ်ကောင်ကို မြင်လိုက်ကာ ထိုအကောင်ဆီသို့ ထိုးချပစ်လိုက်လေသည်။

ထိုအကောင်ပုံက အမွေးရှည်နွားတစ်ကောင်နှင့် အတန်ငယ်တူလှလေသည်။ ထိုသတ္တဝါက ယန့်ကျီဟန်ကို မြင်မြင်ချင်း သူခေါင်းကဂျိုနှင့် ကြမ်းတမ်းစွာခွေ့လာသော်လည်း ယန့်ကျီဟန်က ခေါင်းကဂျိုကိုဆွဲကိုင်လိုက်ကာ သူ့ခေါင်းဆီပို့လိုက်လေ၏။ ထို့နောက် ကန်ချလိုက်ကာ နောက်ဆုံးတော့ ထိုအကောင်ကြီးက ဘန်းခနဲအသံကြီးမြည်ကာ ကျသွားတော့သည်။

ယန့်ကျီဟန် သူ့သားရိုင်းကောင်ကြီး၏ ဗိုက်ကိုလက်ဗလာဖြင့် ဆွဲဖြဲလိုက်ကာ လင်းယွိကို မချီလိုက်လေသည်။

“ဝင်လိုက်!”

လင်းယွိ ယန့်ကျီဟန်ဘာကို ပြောချင်တာလဲဆိုတာကိုပင် မတုန့်ပြန်နိုင်ခင်မှာပင် သူ့ကို ထိုသားရိုင်းကောင်ကြီး၏ ဗိုက်နားက ကြောက်မက်ဖွယ်အနာကြီးထဲသာ ထိုးထည့်လိုက်လေတော့သည်။
သူ့မျက်နှာဆီ သွေးနံ့စူးစူးက လာရိုက်ခတ်လေတော့သည်။ လင်းယွိ သားရိုင်းကောင်ကြီး၏ ကိုယ်တွင်းအင်္ဂါတွေနှင့်အတူ ညှစ်ခံလိုက်ရကာ သားမွေးတွေ၊ အဆီထူထူတွေနှင့်ပါ ဖုံးအုပ်ခံလိုက်ရတော့သည်။

နောက်ဆုံးတော့ သူသဘောပေါက်သွားလေသည်…..ယန့်ကျီဟန်က သူ့ကိုနွေးနေအောင် လုပ်ပေးနေတာမလား??

လင်းယွိ ကိုယ်တွင်းအားတွေက ထိန်းချုပ်မထားပဲ သွေးတွေပေနေကာ ပုံမှန်မဟုတ်သည့် အပူချိန်ပေးပုံကြောင်း အနည်းငယ်နှေးကွေးနေသော်လည်း  သူ့ ခန္ဓာကိုယ်ကတော့ တစ်ကယ်ကို ပူနွေးလာတော့သည်။

ယန့်ကျီဟန် သူ့ကျယ်ပြန့်ကာ စွမ်းအားကြီးမားလှသည့် အတောင်ပံတွေကို ဖြန့်လိုက်ကာ ထိုအကောင်ကြီး၏ သားမွေးတွေကို ဆွဲလိုက်ပြီး သားရိုင်းကောင်ကြီးနှင့်အတူ လင်းယွိပါ လေထဲသယ်ခေါ်လာတော့သည်။

သို့သော် ဤနွားသိုးလိုကောင်ကြီးမှာ အလွန်တရာကို ကြီးမားလှကာ ကျောက်တောင်စွန်းကလည်း မက်စောက်လွန်းလှဖြင့် နားနေစရာလည်း ရှိမနေချေ။

ယန့်ကျီဟန် ကိုယ်ကဘယ်လောက်ပဲ သန်မာနေပါစေ သူဒီတစ်ခါတော့ အပေါ်ကို တန်းတန်းမတ်မတ်မပျံနိုင်တော့ချေ။ သို့သော် သူလင်းယွိကိုတော့ တစ်ယောက်တည်းမထားခဲ့ပေ။ လေဒဏ်ကနေကာကွယ်နိုင်ကာ လင်းယွိနှင့် တောရိုင်းကောင်ကြီးကိုပါ အကုန်လုံးထိုးသိပ်ထည့်နိုင်မည့် လိုဏ်ဂူတစ်ခုကိုသာ ရှာဖို့သာလုပ်လိုက်တော့သည်။

တဝှီးဝှီးမြည်နေသည့် လေတွေမရှိတော့ပဲ နောက်ဆုံးတော့ လင်းယွိသူ့မျက်နှာ‌လေးကို အပြင်ထုတ်နိုင်လိုက်ကာ လေကိုကောင်းကောင်း ရှူနိုင်လိုက်ရတော့သည်။

ယန့်ကျီဟန် လင်းယွိကို ကြောက်ကြောက်နှင့် တစ်ချက်ကြည့်လာသော်လည်း ထိုလူမျက်နှာကတော့ အခုထိမပြေလျော့လာသေးပေ။

သူထိုင်ချလိုက်ကာ အသေကောင်ကို လက်နှင့်ထိကြည့်လိုက်ပြီး အပူချိန်ကို ခန့်မှန်းကြည့်လိုက်ကာ သူ့အတောင်တွေကို ဖြန့်ချလိုက်ပြီး ပွင့်နေသည့်အပေါက်ကို ကာလိုက်ပြီး လင်းယွိကိုလေဒဏ်ကနေ ကာကွယ်ပေးထားလိုက်သည်။

လင်းယွိမျက်နှာက အခုဆိုသွေးတွေနှင့် ဖုံးနေပြီး တောရိုင်းကောင်ကြီး၏ သားမွေးတွေဆိုလည်း ထိုနည်းလည်းကောင်းပင်။ သူ့တစ်ကိုယ်လုံးက ပြုတ်ကျသည့်ဒဏ်မှ နာကျင်နေတုန်းဖြစ်ပြီး ခြေထောက်တွေဆို အခုထိထုံကျဉ်နေကြတုန်းပင်။ ပြောရမယ်ဆို အခုသူ့အခြေအနေက အလွန်ရှက်ဖို့ကောင်းနေလေသည်။

သို့သော် အခုအခိုက်အတန့်လေးမှာတော့ သူ ယန့်ကျီဟန်ကြောက်နေသည့် ပုံလေးကိုကြည့်ကာ ပြုံးမိသွားလေသည်။

သူ့ရဲ့ အချိန်ခရီးသွားလာရခြင်းက သူတွေ့ကြုံလာခဲ့ရသမျှထဲတွင် သူ့ဘဝထဲ ဖြစ်လာမည်ဟု တွေးမထားဘူးသော အတွေ့အကြုံတစ်ခု ဖြစ်လေသည်။ ရုပ်ရှင်တစ်ခုလို စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။

သူအခု ယန့်ကျီဟန် မျက်မှောင်ကျုံ့နေပုံလေးနှင့် အပြင်ဘက်က နှင်းတွေ၊ လေတွေကို ကြည့်ကာ ထပ်တွေးမိလိုက်ပြန်သည်။

ယန့်ကျီဟန်လို ယောက်ျားမျိုး။

အရမ်းခန့်ညားတာပဲ။

ခွန်အားကလည်း အလွန်သန်မာသည်။ အတောင်ပံတွေကို ဖြန့်ကြက်လိုက်ကာ တော့ရိုင်းကောင်ကြီးကို သယ်လာသည့်ပုံကလည်း အလွန်ယောက်ျားဆန်လှသည်။ ကြည့်မိသမျှ လူတိုင်းလိုလို သူ့ကိုလေးစားသွားကြမည်သာဖြစ်လေသည်။ သူသာ ယန့်ကျီဟန် နီးပါးလောက် သန်မာလာမယ်ခဲ့လျှင်။
လင်းယွိသူ့ကို ကြည့်နေသည်ကို ခံစားမိလိုက်ကာ ယန့်ကျီဟန်စိတ်က ပိုပြီးပူလာလေသည်။
“တစ်ခုခုမှားနေလို့လား၊ အဆင်မပြေ ဖြစ်နေလား?”

သူထိုင်ချလိုက်ကာ အိတ်ထဲကနေ ဘီစကစ်အိတ်အသေးလေးကို ထုတ်လိုက်ပြီး ကိုယ်တိုင်ဖွင့်ပေးလိုက်ကာ အထဲကအပိုင်းလေးတစ်ခုကိုယူလိုက်ပြီး လင်းယွိပါးစပ်နားအထိ ခွံကျွေးလာလေသည်။ “အားတင်းထား၊ ငါမင်းကို ပြန်မခေါ်သွားနိုင်ခင် ဒီညကို အသက်ရှင်အောင်လုပ်ထား။”

လင်းယွိ သူ့ပါးစပ်နားထိ ရောက်လာသည့် ဘီစကစ်ကိုကြည့်ကာ လှမ်းယူပြီးစားချင်သော်လည်း သူ့လက်တွေက သွေးတွေနှင့်ပေကျံနေကြလေသည်။ ပြီးတော့ ဒါက ရန့်ဇီကိုယ်တိုင် ကျွေးနေတာလေ။ သူခွံ့ကျွေးလာသည့်အတိုင်းသာ စားလိုက်လေတော့သည်။

ယန့်ကျီဟန် လင်းယွိကို မုန့် ၂ ချပ်စာလောက်‌ ကျွေးပြီးသည်နှင့် ကျန်သည့်တစ်ချို့ကို သိမ်းထားလိုက်သည်။ သူ့တဲကိုပြန်ရောက်သည်နှင့် လင်းယွိကိုကျွေးရမည်ဖြစ်ရာ အိတ်ကပ်ထဲထည့်ကာ သိမ်းထားလိုက်လေသည်။ သူ့ကိုယ်ပေါ်မှာ အိတ်တစ်လုံးရှိနေသေးရာ အစားအစာတစ်ချို့ကို သူသိမ်းထားဖို့လိုသေးသည်လေ။

ပိုးကောင်အတွက် အစာရှာဖို့ နေရာကအခုရှိမနေပေ။

ဒါပေမယ့် လောလောဆယ် သူ့ကိုတိုက်ဖို့ ရေရှာထားတာတော့ အကောင်းဆုံးဖြစ်နိုင်လေသည်။

ယန့်ကျီဟန် မျက်မှောင်သာကျုံ့နေကာ အပြင်ကိုကြည့်လိုက်ပြီးနောက် လင်းယွိကိုပြန်ကြည့်လာကာ လင်းယွိလက်တွေကို လက်သီးထဲကျစ်နေအောင် ဆုပ်ကိုင်ပြီး ပြန်လွှတ်လိုက်ရင်း
“ငါပြောခဲ့တာ……မင်းဒီညမကျော်ဘူးဆိုပြီးတော့လေ ဟုတ်တယ်မလား?”

တီကောင်လေး၏ ချောမောသည့်မျက်နှာက သွေးတွေနှင့်ဖုံးအုပ်နေသည်။ သူ့မျက်နှာလေးက သေးသထက်သေးလာကာ တောက်ပသည့် ရွှေရောင်မျက်လုံးတစ်စုံနှင့် ဘာမှမပြောပဲ သူ့ကိုသာကြည့်နေကြလေသည်။

ယန့်ကျီဟန် မျက်မှောင်သာ ကျုံ့နေမိတော့သည်။

သူစိတ်ထဲကကို သိနေတာက ဒါကဖြစ်နိုင်သည်ဆိုတာပင်။ သူဘယ်လိုမှ ဒီညကျော်ပြီး အသက်မရှင်နိုင်ပေ၊ ပြောရမယ်ဆို ဒီပိုးကောင်က အရမ်းအားနည်းသည်လေ။

သူ သူ့ကို အောက်သို့ခေါ်မလာခဲ့သင့်ပေ။ သူကိုယ်တိုင်လည်း ဒီဂြိုလ်က အန္တရာယ်ရှိမှန်းသိနေသည့်ကြားက ဒီပိုးကောင်လေးကို အာကာသယာဉ်ကနေကို ခွဲမထုတ်လာသင့်ပေ။
ယန့်ကျီဟန်ကိုယ်တိုင်လည်း သူလင်းယွိကို ဒုက္ခရောက်စေမှန်း ရှင်းရှင်းလင်းလင်း သိသော်လည်း သူအခုထိ ဒီပိုးကောင်ဘာလုပ်ချင်နေမှန်းကိုလည်း သူတစ်ချက်မှကို တွေးလို့မရပေ။

သူဒီအတိုင်း သူ့လုပ်နိုင်စွမ်းတွေ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုသာ တိုးတက်အောင်လုပ်ချင်နေတာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ဘေး ထိုပိုးကောင် မရှိပါက သူနေရတာအဆင်မပြေသလိုဖြစ်လို့ပင်။

ယန့်ကျီဟန်အနေနှင့် ပထမဒီလိုဖြစ်နေတာက အရေးကြီးသည်ဆိုပြီး သူ့ကိုယ်သူကိုပင် ဦးစားမပေးတော့ပေ။ သို့သော် သူဒီပိုးကောင်ကိုရော ပေးခဲ့ဖူးလား?

အခုတော့ ယန့်ကျီဟန် နောင်တရနေပြီဖြစ်သည်။

သူတစ်ခုခု အမှားလုပ်မိထားသလိုမျိုး ခံစားနေရသည်။ ပိုးကောင် အခုသေသွားမှာကိုလည်း သူကြောက်လာတော့သည်။

သူကိုယ်တိုင်လည်း ဒီပိုးကောင်၏ သေရေးရှင်ရေးကို ဘာလို့ဒီလောက်အထိ ဂရုစိုက်မိနေလဲကို မသိပေ။ ဒါပေမယ့် ဆေးကုသရေး သေတ္တာလေးက ကျောက်တောင်စွန်းကနေ ပြုတ်ကျသွားသည်ကို မြင်လိုက်ရတုန်းက သူနှလုံးရုတ်တရက်ခုန်တာ ရပ်သွားခဲ့တာကို သူခံစားမိခဲ့သည်။ အနောက်ကနေ ပြေးလိုက်ဖို့ဆိုတာက သူ့ဦးနှောက်ထက်အရင် တစ်ဆင့်ကြိုလုပ်မိခဲ့သော အရာသာဖြစ်လေသည်။

သူ့အမှားကြောင့် ဒီပိုးကောင်သာ တစ်ကယ်ပျောက်ကွယ်သွားခဲ့လျှင်…..

ယန့်ကျီဟန် သူ့နှုတ်ခမ်းအောက်ကို ကိုက်လိုက်ကာ အရှေ့သို့ထပ်တိုးလာပြီး လင်းယွိလက်ကို ဖျစ်ပြီးကိုင်လိုက်သည်။

လင်းယွိ အခုထိမျက်မှောင်ကျုံ့နေသည့်ပုံကိုကြည့်ကာ သူတစ်ခုခုကို စိတ်ရှုပ်နေသည့်ဟု သဘောပေါက်သွားကာ သူလည်း ယန့်ကျီဟန်လက်ချောင်းတွေကို သူ့လက်ထဲဖျစ်ပြီး ပြန်ဆုပ်ကိုင်ထားလိုက်ပြီး ပြုံးပြလိုက်လေသည်။
“ကျ ကျနော်အဆင်ပြေတယ်။”

ယန့်ကျီဟန်နဲ့ လင်းယွိတစ်ယောက်ကိုတစ်ယောက် ခဏလောက်ကြည့်နေလိုက်ကြကာ သူတို့နှစ်ယောက်ကြား ပိုပုံမှန်ဖြစ်လာကြသလိုခံစားလိုက်ရပြီး အသံတွေကလည်း ညင်သာလာကြတော့သည်။ “ကောင်းတယ်….မင်းမသေတာ။ ငါဒီမှာရှိနေတယ်နော်။ ငါမင်းကိုကာကွယ်ပေးမယ်။”

ယန့်ကျီဟန်တစ်ကယ်ကို လင်းယွိအား လိုဏ်ဂူဝကနေ စောင့်ရှောက်ပေးလေ၏။

ညတာ အလွန်ရှည်ကြာလှကာ ပတ်ဝန်းကျင်ကလည်း ပိန်းပိတ်အောင်မှောင်နေပြီး တစီစီမြည်နေသော လေပြင်းတွေက ဆက်တိုက်ရိုက်ခတ်နေကြလေသည်။ သွေးနံ့က အသားစားသတ္တဝါများစွာကို ဆွဲဆောင်သလိုဖြစ်နေကာ လာသမျှ အကောင်တိုင်းကိုလည်း ယန့်ကျီဟန်က ချက်ချင်းကိုသတ်ပစ်နေလေသည်။

သေသွားသောအကောင်ကြီး၏ အနွေးဓာတ်က တစ်ဖြည်းဖြည်းအေးလာသော်လည်း အဆီပြင်ထူထူနှင့် သားမွေးတွေက လင်းယွိကိုအနွေးဓာတ်ပြန်ပေးထားကြလေသည်။

ထိုအချိန်အတွင်းမှာပဲ လင်းယွိထပ်အိပ်ပျော်သွားကာ ယန့်ကျီဟန်က သူအသက်ရှူရတာအဆင်ပြေအောင် သူ့ခေါင်းကိုလက်နှင့်သေချာထောက်ပေးထားပြီး သူ့ကိုနာရီအနည်းငယ်ကြာရင် နှိုးရလိမ့်မည်ဖြစ်သည်။

သူအအိပ်လွန်ပြီး အေးခဲကာသေသွားမည်ကို ယန့်ကျီဟန်စိတ်ပူနေခြင်းဖြစ်သည်။

လင်းယွိနိုးနိုးလာချင်း သူမြင်လိုက်ရသည်မှာ ယန့်ကျီဟန်က သူ့ထံတိုးလာပြီးရင်း ထပ်တိုးလာကာ နောက်ဆုံးအမှောင်ထဲမှာ သူ့နှုတ်ခမ်းကို လင်းယွိနှုတ်ခမ်းပေါ်သို့ ဖိကပ်လိုက်လေခြင်းပင်။

လင်းယွိအံ့ဩဖို့အချိန် မရလိုက်ခင်မှာပင် သူ့နှုတ်ခမ်းတွေနှင့် သွားတွေကြားထဲကို ရေနွေးနွေးလေတွေ ဝင်လာသည်ကို ခံစားမိလိုက်လေသည်။
ယန့်ကျီဟန်က သူ့ကိုအခု သူ့ပါးစပ်ကိုသုံးပြီး ရေတိုက်နေတာပဲ…..

အခုအချိန်က ရေဘယ်နေရာကနေရလာသလဲဆိုပြီး ဂျီးများနေရမည့်အချိန် မဟုတ်သဖြင့် လင်းယွိနာခံစွာနှင့် သောက်နေလိုက်သည်။ သူသောက်လို့ပြီးတာနဲ့ ယန့်ကျီဟန်အနောက်သို့ ချက်ချင်းနီးပါး ဆုတ်လိုက်လေသည်။

သူလင်းယွိမျက်လုံးတွေကို မကြည့်ပဲ အမှောင်ထဲမှာ သူ့ပါးစပ်ကိုသာ ကာထားကာ အတန်ကြာ တိတ်ဆိတ်နေလိုက်ပြီးနောက် ထပ်မေးလာသည်။
“မင်းထပ်လိုသေးလား?”

လင်းယွိ : “…..”

ရေဆာတာက ရေဆာတာပဲလေ ဟုတ်တယ်မလား။

လင်းယွိ ခေါင်းထပ်ညိတ်ပြလိုက်သည်။

ယန့်ကျီဟန် သူ့အတောင်တွေကို ဖြန့်လိုက်ကာ ထပ်ပျံထွက်သွားပြန်လေသည်။ ထို့နောက် ချက်ချင်းမြန်မြန်ပြန်လာကာ သူ့ကိုတိတ်ဆိတ်စွာပြန်ကြည့်နေလေသည်။

လင်းယွိလည်း ယန့်ကျီဟန်ကို ပြန်ကြည့်နေလိုက်သည်။
ယန့်ကျီဟန် သူ့မျက်လုံးတွေကို မှိတ်ကာ သူ့ကိုထပ်နမ်းလာပြန်၏။

လင်းယွိလည်စေ့က လှုပ်နေကာ နောက်ထပ်တစ်မျိုးကောင်းတဲ့ နည်းတစ်ခုခုနဲ့များ ရေကိုသောက်လို့ရသေးသလား မမေးတော့ပဲ ရေကိုသာမျိုချနေလိုက်တော့သည်….

နောက်ဆုံး ညတာကုန်ဆုံးသွားသည့်အခါမှာတော့ အပြင်ဘက်တွင်လည်း အလင်းရောင်ပျပျက ဝင်လာကာ ပတ်ဝန်းကျင်အပူချိန်သည်လည်း ပြန်လည်မြင့်တက်လာလေသည်။

ဤဂြိုလ်ပေါ်က နေ့နှင့်ညကြား အပူချိန်ကွာခြားမှုက အတော်ကိုကြီးမားလွန်းလှသည်။ အပြင်ဘက်တွင် နေမင်းကြီးက မြင့်တက်လာသည်နှင့် အညိုရောင်နှင်းတို့က စတင်ပျော်နေသည်ကိုကြည့်ပြီး လင်းယွိအံ့ဩသွားတော့သည်။

ယန့်ကျီဟန်လိုဏ်ဂူ၏ အဝတွင်ရပ်နေကာ အပြင်ဘက်ကိုအခြေအနေကို စူးစမ်းလေ့လာနေပုံက မသိလျှင် မမြင်ရသည့် သင်္ချာဉာဏ်စမ်းတစ်ခုကို အာရုံစိုက်ပြီး ဖြေရှင်းနေသလိုပင်။

“သွားရအောင်။”
ယန့်ကျီဟန် ပြန်လှည့်လာကာ လင်းယွိကို ကူထုတ်ပေးပြီးနောက် သူ့ကိုအသာလေးသယ်လိုက်ကာ အပြင်သို့ထွက်လာကြလေသည်။

လင်းယွိအပြင်ကို မထွက်ခင်မှာပဲ သူ့ကို ယန့်ကျီဟန်ဘာလို့ ပွေ့ချီထားရသလဲဆိုတာကို နားလည်သွားလေတော့သည်။ သူကအပြင်ဘက်က အပူချိန်ကို အတော်အသင့်မြင့်လာသည်အထိ လက်တစ်ဖက်နှင့် တစ်ဖက်ကိုရှေ့ထုတ်ကာ ခန့်မှန်းနေမှန်းသိသွားတော့သည်။

နေက အရမ်းကိုပူနေတာပဲ!

အပြင်က နေကပူကျွတ်နေလေသည်။ ဒီလောက်ဆို လူတွေကိုကင်လိုက်ရင် ခဏလေးပဲ အချိန်ပေးရမယ်ထင်တယ်?

သူ့ကို ယန့်ကျီဟန်တဲအပြင်မထွက်ခိုင်းတာ အံ့ဩစရာမရှိတော့ပေ။

သူလိုဏ်ဂူထဲက ထွက်လိုက်သည်နှင့် ယန့်ကျီဟန်သူ့အတောင်ပံတွေကို ဖြန့်လိုက်ကာ လင်းယွိကိုနေရောင်ကနေ ကာပေးထားလိုက်ပြီး အလယ်မှာရှိသော မြစ်ဆီသို့ခေါ်သွားကာ မျက်နှာဆီရေလောင်းပေးလိုက်ပြီး ခေါင်းပေါ်ကသွေးတစ်ချို့ကို ခပ်ကြမ်းကြမ်းပင် ဆေးချပေးလိုက်သည်။

လင်းယွိ သူ့ကြမ်းတမ်းစွာဆေးကြောပေးနေသည့် လှုပ်ရှားမှုကြောင့် နာကျင်လာကာ မသိလိုက်ပဲ သက်ပြင်းချလိုက်မိလေသည်။ ထို့နောက် ယန့်ကျီဟန်လည်း သူ့လှုပ်ရှားမှုတွေကို ညင်သာစွာ ပြန်လုပ်ပေးလာ၏။
“ဘာလို့လဲ? နာလို့လား?”

လင်းယွိလက်တွေက အတော်ကိုနာနေတာဖြစ်လေသည်။ မနေ့က ပြုတ်ကျထားသည့် အရှိန်ကြောင့်မနာဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ သူအတတ်နိုင်ဆုံး နာကျင်နေသည့် အမူအရာမျိုးမပြဖို့ကိုသာ ကြိုးစားနေခဲ့တာဖြစ်သည်။

အခုသူ့ခေါင်းပေါ်က ယန့်ကျီဟန်၏အတောင်ပံကြီးတွေကို မြင်လိုက်သည့်အခါမှာတော့ သူအဖြစ်က ကြက်မေမေကြီးက နောက်ကနေလိုက် ကာကွယ်ပေးခံနေရသည့် ကြက်ပေါက်လေးလိုပင်။

သူ့ရှေ့က ကြက်မေမေကြီးကို တစ်ချက်ကြည့်လိုက်ကာ မသိအောင်ပြုံးလိုက်လေသည်။
“အဆင်ပြေပါတယ်။”

သို့သော် အခု ယန့်ကျီဟန်က နေရောင်အောက်ကနေ လင်းယွိခေါင်းပေါ် အနာကိုကြည့်ကာ သူ့မျက်နှာက စိတ်မကောင်းဖြစ်နေလေသည်။

လင်းယွိကို ရေတွေနှင့်စိုအောင်လုပ်ပြီးနောက် သူ့ကိုထပ်ချီလာကာ အတောင်ပံတွေကိုဖြန့်လိုက်ပြီး ပျံတက်သွားလေတော့သည်။
သူ့လက်မောင်းတွေကြားထဲကနေ လင်းယွိကို နေရောင်မထိအောင် အကောင်းဆုံးသယ်နိုင်အောင်ကြိုးစားသယ်ပေးလာသည်။ နေရောင်က သူ့အသားအရေကို ထိနေပေမယ့်ပေါ့။

သူ့ယူနီဖောင်းမှာပါသည့် အအေးမုတ်က အော်တိုပြောင်းသွားသော်လည်း လင်းယွိနေအပူရှိန်ကို ထိုလူ့အဝတ်အစားတွေဆီကနေ ရနေတုန်းပင်။

ယန့်ကျီဟန်ပျံသန်းသည်မှာ အလွန်မြန်လှသည်။ သူပျံနေတုန်းမှာပင် သူ့ကိုလိုက်ရှာနေသည့် စစ်သားအုပ်နှင့် တွေ့သွားလေတော့သည်။

သူတို့အဖွဲ့ကလည်း တစ်ညလုံး မွန်းစတားတွေကို သတ်နေခဲ့ရတာဖြစ်လေသည်။ တပ်မှူးအနေနှင့် မာရှယ်အဆင်ပြေမည်ဆိုတာကို သိသော်လည်း သူဘာလို့တစ်ညလုံး ပြန်မလာခဲ့သလဲဆိုတာကိုတော့ သေချာမသိပေ။ ထို့ကြောင့် သူလူလွှတ်ကာ ရှာခိုင်းထားခြင်းဖြစ်သည်။

ထိုစစ်သားတွေက မော်တော်ဆိုင်ကယ်တွေနှင့်တူသည့် လေထုသုံးယာဉ်တွေကို စီးထားကြတာဖြစ်သည်။ သူတို့ ယန့်ကျီဟန်ကို မြင်မြင်ချင်း အလေးပြုဖို့ပြင်လိုက်သော်လည်း ယန့်ကျီဟန်က လှမ်းအော်လာလေသည်။
“မင်းတို့ဆီမှာ ဆေးကုတဲ့ သေတ္တာပါလား?”

အဖြေကတော့ သေချာပေါက်မပါဘူးပင်။ ယန့်ကျီဟန်သူ့လက်ကို စိတ်မရှည်သည့်ပုံနှင့် ယမ်းပြလာကာ စစ်သားတစ်ယောက်ကို နောက်တစ်ယောက်နှင့် ပေါင်းစီးခိုင်းလိုက်ပြီး နောက်ဆုံးတော့သူကိုယ်တိုင် ပျံသန်းနေသည်ကို အနားပေးလိုက်ကာ အတောင်ပံတွေကို လင်းယွိအားကာပေးရန်သာ သုံးထားလိုက်တော့သည်။

ယန့်ကျီဟန်သူ့ခေါင်းကို ငုံ့လာကာ လင်းယွိအခြေအနေကို ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။ “အရင်ပြန်နှင့်။ ပြီးတော့ တစ်ယောက်ယောက်က အာကာသယာဉ်ပေါ်ပြန်ဖို့ ယာဉ်ပြင်ထားလိုက်။”

“ဟုတ်ကဲ့။”

စစ်သားတွေ အကုန်မပြန်ခင်လေးမှာ သူတို့အကုန် မာရှယ့်လက်ပေါ်က အမျိုးသားထံ အကြည့်တွေကို ပို့လာကြလေသည်။

မဖြစ်နိုင်တာ။ သူတို့ မာရှယ်လူတစ်ယောက်ကို အဲ့လောက်ဂရုစိုက်နေတာမျိုး မမြင်ဘူးတာကို။ ပြီးတော့ အဲ့ဒါက ယောက်ျားတစ်ယောက်ဖြစ်နေတာတောင်ကိုမှလေ!

လင်းယွိ သူတို့မျှော်လင့်ချက်တွေကို မြှင့်တင်ပေးလိုက်သလိုပင် သူတို့ကိုပြန်ကြည့်လာလေသည်။ ပြောရတာရှက်ဖို့ကောင်းပေမဲ့ မေ့မသွားနိုင်လောက်အောင်ကို အံ့ဩဖို့ကောင်းသည့် မျက်နှာကို သူတို့ဆီ လှစ်ဟပြသလာလေသည်။

အဟွတ်၊ ဒီယောက်ျားက……!
ဘိုးဘေးတွေက ငါတို့ကိုဘယ်တော့မှ မလိမ်ခဲ့ကြဘူးပဲ။

သူရဲကောင်းကြီးက အလှလေးတစ်ယောက်ကြောင့် ကြေကွဲနေတာပဲ…..


ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now