Chapter 22

2.8K 323 1
                                    

အပိုင်း ၂၂

ယန့်ကျီဟန် အာကာသယာဉ်နှင့် အဖွဲ့ချုပ်ဘက်က ယာဉ်နှစ်ခုလုံးက ကမ္ဘာကိုမရောက်ခင် တူညီသည့် လမ်းကနေပဲ ရက်အတန်ကြာ မောင်းနှင်နေခဲ့ကြတာဖြစ်သည်။ ထို့နောက်မှာတော့ ကမ္ဘာကို ပတ်တည်ဆောက်ထားသည့် ဂြိုလ်ရပ်နားစခန်းမှာ ရပ်နားလိုက်ကြတော့သည်။

လင်းယွိနောက်တစ်ကြိမ် ရင်းနှီးနေသည့် အပြာရောင်ဂြိုလ်ကြီးကို စခရင်ပေါ်ကနေ တွေ့လိုက်ရတာကြောင့် စိတ်လှုပ်ရှားလာလေသည်။

ယန့်ကျီဟန် လင်းယွိနောက်မှာ လက်ပိုက်ကာကြည့်နေပြီး စိတ်အခြေအနေကတော့ သိပ်ကောင်းမနေပေ။

လင်းယွိဘာလို့ အဖွဲ့ချုပ်၏ကြယ်ကြီးကို ဒီလောက်ထိစွဲလမ်းနေမှန်း မသိပေ။ လင်းယွိက ထိုဂြိုလ်နှင့် ပတ်သက်ပြီး သတင်းတွေကိုသာ ဆက်တိုက်ရှာနေခဲ့တာဖြစ်၏။ တကယ်လို့ ယန့်ကျီဟန်ကသာ ဒီဂြိုလ်က သူ့နေထိုင်သည့် ကြယ်ကြီးလောက်မကောင်းပဲ တစ်ခုခုမှားနေတယ် ဆိုပြီးသာ ပြောခဲ့မိရင် လင်းယွိသေချာပေါက်ကို စိတ်မကောင်းဖြစ်သွားမှာပင်။

သို့သော် တစ်ဖက်က လင်းယွိအပျော်လွန်နေတာကိုကြည့်ပြီး ယန့်ကျီဟန်စိတ်တိုနေတာ လျော့လာကာ လက်ကိုပဲကိုင်ထားလိုက်လေသည်။
“အဲ့မှာကြည့်ပါဦး။ ငါတို့သွားလို့ ရပါတယ်နော်?”

လင်းယွိသူ့ကို လှည့်ကြည့်လာလေသည်။
“ဒါပေမယ့် ငါအောက်ဆင်းပြီး ကြည့်ချင်သေးတယ်။”

ယန့်ကျီဟန် မျက်မှောင်ကြုံ့လိုက်ကာ “ဘာလို့အောက်ဆင်းနေမှာတုန်း? မသွားနဲ့။”

ကြယ်အစုအဝေးထဲက လူအတော်များများ၊ အထူးသဖြင့် အလည်အပတ် လာတတ်ကြသော လူများသည် များသောအားဖြင် သူတို့၏အာကာသယာဉ်တွေက ယာဉ်ရပ်နားသည့် ဂိတ်တွေမှာသာ နေလေ့ရှိကြလေသည်။ အပျော်ဈေးဝယ်ထွက်တာမျိုးနှင့် တခြားလိုအပ်တာမှန်သမျှက ဒီအတိုင်းရပ်နားသည့် ဂိတ်နေရာကနေသာ ဖြေရှင်းနိုင်ကြသည်။

အခြေချနေထိုင်လိုသူအများစုကသာ ဂြိုလ်ပေါ်ဆင်းတတ်ကြတာ ဖြစ်လေသည်။

ထိုအချိန်မှာပဲ အဖွဲ့ချုပ်အာကာသယာဉ်ဘက်က ဇာတ်လိုက်မကနေတစ်ဆင့် လင်းယွိဆီသို့ ဆက်သွယ့်သည့်စကားရောက်လာလေသည်။
“အဖွဲ့ချုပ်ရဲ့ အဓိကကြယ်ကြီးကနေ ကြိုဆိုပါတယ်။ လင်းလူကြီးမင်း အောက်ဘက်ကိုဆင်းပြီး ကျွန်မတို့နဲ့အတူ ကြည့်ချင်ပါသလား?”
ယန့်ကျီဟန်ထိုင်နေရာကနေ ချက်ချင်းထလိုက်ကာ လင်းယွိရှေ့ကနေ ကာပေးလိုက်ပြီး
“မလိုဘူး၊ ငါပဲသူနဲ့ လိုက်ဆင်းမယ်။”

လင်းယွိ: “….”

ယန့်ကျီဟန် တကယ်ကို ဇာတ်လိုက်မအကြောင်း ဘာမှမသိတာပဲ။ သွားနေသည့်တစ်လျှောက်မှာလည်း သူမဘက်ကနေ လင်းယွိဆီကို ဆက်သွယ်လာတတ်သေးသည်။
“ဘာလို့သူ့ပဲ လိုက်ကပ်နေတာလဲ၊ ကိုယ့်ဟာ့ကိုနေလို့မရဘူးလား?”
ဇာတ်လိုက်မက ဒေါသတော့ထွက်မလာပေ
“ယန့်လူကြီးမင်း အထင်လွဲနေပါပြီ၊ ဒါက ကျွန်မအလုပ်မလို့ပါ။”

“ဒါဆိုလည်း မင်းလည်း မင်းအလုပ်ကအရေးကြီးလား အသက်က ပိုအရေးကြီးလားကို သေချာခွဲခြားတတ်အောင် လုပ်ထားလိုက်၊ အိုခေ။”
ယန့်ကျီဟန်သူ့ဘက်က စကားပြောလို့ပြီးသွားသည်နှင့် စကားပြောစက်ကို ပိတ်ပစ်လိုက်တော့သည်။

လင်းယွိတောင် ယန့်ကျီဟန်ပြောသည့်ပုံကြည့်ပြီး လန့်သွားကာ ဆွဲထားလိုက်ရသည်။
“အဲ့လိုကြီး မလုပ်ရဘူးလေ…..”

“ငါဘာအမှားလုပ်မိလို့လဲ?”
“ခင်ဗျားဘက်ကနေစပြီးတော့လည်း သဘောထားကွဲလွဲအောင် လုပ်လို့မရဘူးလေ။”

ယန့်ကျီဟန်မပျော်တော့ပေ “ဘာလဲ မင်းကသူနဲ့ အတူလိုက်ဆင်းချင်နေတာလား?”

“မဟုတ်ဘူး၊ မဟုတ်ဘူးလေ။ ငါက ဒီအတိုင်းသူနဲ့မင်းကို ရင်းနှီးစေချင်တာပါ၊ သူနဲ့ ရန်သူတွေ မဖြစ်သွားစေချင်ရုံပဲလေ….”

ယန့်ကျီဟန်တစ်ကယ်ကို ဘာပြောရမှန်းမသိတော့ပေ
“ငါကသူ့ကို ဘာလို့ ကောင်းပေးရမှာတုန်း?”

လင်းယွိကလွဲပြီး တခြားသူတစ်ယောက်အပေါ် ကောင်းပေးဖို့ဆိုတာ သူ့အဘိဓာန်မှာ မရှိပေ။

လင်းယွိလည်း အနည်းငယ် စိတ်ရှုပ်လာတော့သည်။ အခုထိ ဒီဝတ္တုက ဇာတ်လမ်းတောင်မစရသေးဘူးဆိုပေမဲ့ သူမက ဇာတ်လိုက်တစ်ယောက် ဖြစ်နေတုန်းဖြစ်ကာ ယန့်ကျီဟန်ကလည်း ဒီဝတ္တုထဲမှာ အမျိုးသမီးတွေ ဦးဆောင်ဖို့ခက်ခဲသည့် အဖွဲ့၏ခေါင်းဆောင်ကြီးတစ်ယောက်လေ။
ဒါပေမယ့် ဇာတ်လိုက်ကို သွားတိုက်ခိုက်နေတာမျိုးကနေ ကောင်းတဲ့အကျိုးဆက်က ထွက်လာမှာမဟုတ်ပေ။ အဆုံးမှာ ယန့်ကျီဟန်တစ်ယောက် နာကျင်ရမှာကိုတွေးပြီး လင်းယွိစိတ်ပူနေသေးသည်။

သူ့အနေနဲ့ အရင်ကတော့ အနာဂတ်မှာ ယန့်ကျီဟန်နှင့် ဇာတ်လိုက်မတို့ လေ့လာစူးစမ်းကြမည့် ကြယ်ရပ်ဝန်းကိုသာ ရှောင်နိုင်ရင် အားလုံးအဆင်ပြေသွားမှာဟု ထင်ထားသော်လည်း အခုကတည်းက နှစ်ယောက်က မျက်နှာချင်းဆိုင် တွေ့နှင့်ကြနေပြီတဲ့။

ယန့်ကျီဟန် လင်းယွိ၏အတွေးများနေပုံကိုကြည့်ကာ ထပ်သဝန်တိုလာပြန်တော့သည်။
“မင်းက သူ့ကိုအဲ့လောက်တောင် စိတ်ပူနေတာပေါ့။ ငါဘာမှ မလုပ်တာကိုတောင်မှလေ။ မင်းသူ့ကိုကြိုက်နေတာမလား ဟမ်?”

လင်းယွိ ယန့်ကျီဟန်ကိုကြည့်လိုက်ကာ သေချာပြောလိုက်ရသည်၊ “ငါသူ့ကို ဂရုမစိုက်ဘူး၊ ငါမင်းကိုပဲ စိတ်ပူတာ။”

သူစာအုပ်ကို စဖတ်တုန်းကတော့ ဇာတ်လိုက်မကိုသာ သဘောကျခဲ့သော်လည်း အခုလိုနေရာကူးပြောင်းခံလိုက်ရတဲ့နောက်မှာတော့ ဗီလိန်နဲ့တစ်ဖက်တည်း နေခဲ့ဖို့ဖြစ်လာခဲ့သည်။ သူအခုစိတ်ပူနေတာက ဇာတ်လိုက်မက ယန့်ကျီဟန်ကို ထိခိုက်အောင် လုပ်လာမှာကိုပင်။
သို့သော်သူပြောလိုက်သည့် စကားကအပေါ်ယံသာသာလို့သာ ယန့်ကျီဟန်က သဘောထားလိုက်ပုံရသည်၊ အခုထိမယုံသေးပဲ စိတ်တိုနေတော့သည်၊ “ငါသူ့ကို အခုမဟုတ်လည်း နောက်ကျ မရရအောင် သတ်ပစ်ဦးမယ်။”

လင်းယွိအတွက်တော့ ဒါကဖြစ်လာလို့မရပေ၊ တစ်ကယ်လို့သာ သူကဇာတ်လိုက်မရဲ့နာမည်ကို နောက်တစ်ကြိမ်ထပ်ပြောကြည့်လိုက်မယ်ဆိုရင် မထင်ထားသည့် တလွဲပြဿနာတွေ တက်လာတော့မည်ဟု ခံစားလာရတော့သည်။ သူ့ဘက်ကပဲစကာ ယန့်ကျီဟန်ကိုဖက်လိုက်ပြီး အာရုံကိုလွှဲပေးလိုက်ရ၏။
“ဘာလို့စိတ်ဆိုးနေတာလဲ?”

ယန့်ကျီဟန်သူ့ကို ပြန်ကြည့်မလာပေ၊ “မင်းကသူ့ကို ကြိုက်နေတာကို။”

လင်းယွိ ယန့်ကျီဟန်ပုံလေးကြည့်ပြီး အူမြူးလာသလိုပင်၊ “ဘာလို့ အဲ့လောက်သဝန်တိုတတ်တာပါလိမ့်?”

ယန့်ကျီဟန် မျက်နှာအမူအရာက ချက်ချင်းကိုဆိုးလာကာ စကားလမ်းကြောင်း လွှဲပစ်လိုက်လေသည်၊ “ငါဒီအတိုင်းပဲ သူ့ကိုမကြိုက်တာလေ။”

“ငါကတော့ မင်းကိုဂရုစိုက်တယ်လေ။ မင်းခုနကတည်းက ဗိုက်ကိုပဲ ကာနေသလားလို့?” လင်းယွိ ယန့်ကျီဟန်ဗိုက်ကို ပွတ်ပေးနေလိုက်သည်။
ယန့်ကျီဟန်ပထမတော့ သဘောမပေါက်လိုက်ပေမဲ့ ချက်ချင်းသူ့လက်ကို ဖယ်လာလေသည်။ “ဘာမှမဖြစ်ပါဘူး။”

လင်းယွိသူ့ကိုကြည့်ကာ ပိုစိတ်ပူလာလေသည်၊ ဘာလို့ဆို အရင်က ယန့်ကျီဟန်ကသူသာ ထားသွားရင် သူအဆင်မပြေဖြစ်မှာဆိုပြီး ပြောဖူးထားသည်လေ။ “ခန္ဓာကိုယ်စစ်ဆေးတာမျိုး လုပ်မလား?”

ယန့်ကျီဟန် ဘာမှမဖြစ်သလို လက်ကို ယမ်းကာ ပြောလာလေသည်။
“ရတယ်၊ ငါ့ကိုမင်းလို အားနည်းတဲ့လူထင်နေတာလား?”

ယန့်ကျီဟန် အခုတခြားတွေးစရာတွေကိုသာ စိတ်ရောက်နေတာဖြစ်သည်။ အဖွဲ့ချုပ်ဘက်က အစောပိုင်းကတည်းက ဇက်မျိုးစပ်မိဘမဲ့တွေကို မွေးစားဖို့ကို အများကြီးခေါ်သွားခဲ့တာဖြစ်လေသည်။ ထိုအချက်ကြောင့် လင်းယွိသာအပြင်ကို လူလုံးထွက်ပြလိုက်သည်နှင့် ရူးနေသောထိုပျားတွေ၊လိပ်ပြာကောင်တွေက သူ့ဆီကို အပြေးအလွှားရောက်လာကြမှာကို သူတွေးပူနေတာဖြစ်သည်။

သူဒီလူတွေကို ကြည့်ကျပ်ကိုင်တွယ်ရတော့မှာပဲ။

ယန့်ကျီဟန် မက်တပ်ရပ်လိုက်ကာ၊ “ငါမင်းနဲ့ အတူတူအောက်မှာ လမ်းလျှောက်ပေးမယ်၊ ပြီးတာနဲ့ ပြန်မယ်။ အိုခေ။”
“အိုခေ။” လင်းယွိ ကမ္ဘာမြေနဲ့ပတ်သက်ပြီး သိချင်တာရှိသော်လည်း အခုချိန်မှာ ယန့်ကျီဟန်နှင့် အဖွဲ့ချုပ်ကြားက ပြဿနာတွေကိုသာ ပိုစိတ်ပူနေမိလေသည်၊ “ငါနေရာရွေးလို့ရလား?”

“ငါသူတို့နဲ့ ညှိကြည့်မယ်။”

ဒါကအဖွဲ့ချုပ်၏ နယ်မြေလည်းဖြစ်ရာ သူ့စိတ်တိုင်းကျ ဆိုက်ကပ်လို့လည်း မရသေးပေ။

သူတို့အာကာသယာဉ်ပေါ်ကနေ ဆင်းဖို့လိုသေးကာ အာကာသဂိတ်နံပါတ် ၁ ကိုဝင်ပြီး အဖွဲ့ချုပ်အား ဆိုက်ရောက်ကြောင်းတောင်းခံစာ တင်ဖို့လည်းလိုသေးသည်။

သူထွက်လိုက်သည်နှင့် လင်းယွိအပြင်ဘက်ကနေရာက အလွန်အင်မတန်ကျယ်ကာ အမိုးတစ်ခုလုံးကို ဖန်နှင့်လုပ်ထားသည်ကို တွေ့လိုက်ရလေသည်။ ၎င်းကနေတစ်ဆင့် အပြင်ဘက်ကို တိုက်ရိုက်မြင်နိုင်ကာ ကြည့်ရတာတစ်ခုခုကို ပြထားသလို ဖြစ်နေတာကြောင့် လင်းယွိလျှောက်ကြည့်နေမိတော့သည်။

ရှုခင်း၏ ထိပ်ဆုံးကကြယ်စုံသောကောင်းကင်ကြီးတစ်ခုဖြစ်ကာ သူ့အောက်မှာတော့ ကမ္ဘာမြေပေါ်က ထူးဆန်းသော အကောင်ပလောင်မျိုးစုံနှင့် အပင်မျိုးစုံတို့ကို ပြသထားကြလေသည်။
အပင်တော်တော်များများကိုတော့ လျှောက်လမ်းဘေးတစ်လျှောက်စိုက်ထားကြကာ တိရိစ္ဆာန်တွေကတော့ 3D ပုံရိပ်တွေသာ ဖြစ်ပေမဲ့ကြည့်ရတာ တကယ့်သက်ရှိတွေလိုပင်။ လင်းယွိအတွက်တော့ သူမြင်တွေ့လေ့ရှိတတ်သည့် တိရိစ္ဆာန်တွေကို မြင်ရတာကြောင့်ပျော်လာသလိုပင်။ ဒါကမှ တကယ်ကို အိမ်ပြန်လာရသလို ခံစားချက်မျိုးပဲ။

အပြင်ကိုရောက်သည်နှင့် သူ့ကိုတောင်မေ့သွားကာ အရှေ့သို့ထွက်သွားသည့် လင်းယွိကိုကြည့်ပြီး ပြုံးလိုက်မိလေသည်၊ ထို့နောက် လင်းယွိလက်ကို အမြန်သွားဆွဲထားလိုက်သည်။

လင်းယွိ ယန့်ကျီဟန်ဘက်ကနေ လက်ဆွဲလာသည်ကို သိလိုက်ကာမှ သူ့ပတ်ပတ်လည်မှာလည်း မတူညီသည့် ဂြိုလ်သားမျိုးနွယ်စုတွေ ဝန်းရံနေမှန်း သတိထားမိသွားတော့သည်။ ဤရပ်နားစခန်းတစ်ခုလုံးပုံက အရင်တစ်ခေါက် သူရောက်ဖူးသည့်နေရာနှင့် တစ်ပုံစံတည်းပင်။

သေချာကြည့်မယ်ဆိုရင် ခင်းကျင်းပြသထားသည့် အကောင်ပလောင်မျိုးစုံက ခရီးသွားတွေကို ဆွဲဆောင်ဖို့ဖြစ်နိုင်လေသည်။ သို့သော် တိရိစ္ဆာန်တွေကလွဲလို့ တခြားအဆောက်အဦးတွေ၊ လူသားမျိုးစိတ်ပုံစံတွေက သူ့အတွက်တော့ ထူးဆန်းနေသလိုပင်။

သူတို့ထွက်လာသည်နှင့် လူအတော်များများက ဝန်းရံလာကြလေသည်။ နောက်မှလင်းယွိ သဘောပေါက်လိုက်တာက ထိုလူတွေက ယန့်ကျီဟန်ကို လာနှုတ်ဆက်ကြတာဖြစ်ပြီး သူတို့နှင့်အတူညစာသုံးဆောင်ဖို့ လာဖိတ်ကြတာဖြစ်ကြသည်။ သူတို့က ယန့်ကျီဟန်ကို ဘယ်ကိုသွားချင်သလဲပင် မေးလာကာ အနောက်ကနေလမ်းပြပေးဖို့ လူထည့်ပေးဖို့ပါ ပြောလာကြသည်။

ယန့်ကျီဟန်ကတော့ ဒီလူတွေသူ့အပေါ် ဧည့်ဝတ်လာကျေနေကြတာက သူ့ရန်ကနေ ကာကွယ်ထားဖို့မှန်း သိထားလေသည်။ သူဒီလို ဗျူရိုကရေစီစကားဝိုင်းတွေကို  စိတ်မပါသော်လည်း ခဏတာတော့ စားစရာရှိတာစားကာ သူတို့နှင့်ပူးပေါင်းပေးဖို့‌တော့ လိုသေးသည်။

လင်းယွိ ယန့်ကျီဟန်နောက်ကနေသာ ငြိမ်သက်စွာလိုက်လာကာ ဘာမှပြောမလာပေ။

ပတ်ပတ်လည်ဖန်သားတွေနှင့် ဆောက်လုပ်ထားကာ အပြင်ဘက်က ဂြိုလ်တွေနှင့် အပြာရောင်ဂြိုလ်ကြီးကိုပင် မြင်နိုင်သော ထိပ်ဆုံးထပ်က သီးသန့်အခန်းလေးတွေရှိသော အဝိုင်းပုံစံ စားသောက်ဆိုင်ထဲကို သူတို့အဖွဲ့ဝင်လိုက်ကြလေသည်။

ဂိတ်ပိုင်ရှင်က သက်လတ်ပိုင်းအရွယ် လူသားတစ်ယောက်ဖြစ်ကာ အသားညိုပြီး သူ့ဘေးတွင် လက်ထောက်လူငယ်လေး တစ်ယောက်ပါ ပါလာလေသည်။ ကျန်တဲ့သူတွေကြည့်ရတာတော့ ဂြိုလ်သားတွေနှင့်သာ ပိုတူကြလေသည်။

ယန့်ကျီဟန်အမူအရာက သူတို့နှင့် စကားပြောနေသည့်တစ်လျှောက်လုံး မည်သည့်ခံစားချက်မျှပြမလာသော်လည်း အနေအထားက အဆင်ပြေသေးသည် ပြောရမည်။

ယန့်ကျီဟန်က သူတို့တွေ ဒီဂြိုလ်ပေါ်ကို ဆင်းလေ့လာမည်ပြောလာတော့ ဂိတ်ပိုင်ရှင်အံ့ဩသွားပုံပင်။ သူတို့ဘက်က ကြိုဆိုပါကြောင်းတွေပါပြောလာကာ သူတို့၏ယာဉ်တွေပါ ယူလာပေးမည်ဟုပင် ပြောလာသေးသည်။

ယန့်ကျီဟန်လည်း သဘောတူလိုက်သည်။

လင်းယွိကြည့်ရသလောက်တော့ သူတို့အကုန် ယန့်ကျီဟန်ကို ကြောက်ကြကာ သူ့ကိုလာထိခိုက်အောင်လုပ်ရဲမည့် အရိပ်အယောင်လည်း မရှိပေ။

လင်းယွိလည်း အခုမှ စိတ်သက်သာရလေသည်။ ဒါကသူ့နဲ့အတူလိုက်လာပေးဖို့သာ မဟုတ်ရင် ယန့်ကျီဟန်လည်း ဒီလိုလူတွေနဲ့ တွေ့ရမှာမဟုတ်ကြောင်း တွေးမိပြီးစိတ်ချမ်းသာလာသလိုပင်။
လင်းယွိကို အံ့အားသင့်သွားစေတာကတော့ ဒီနေရာက အစားအသောက်တွေက ယန့်ကျီဟန်တို့ဆီကလိုမဟုတ်တာပင်။ ပုံပန်းသွင်ပြင်ကတော့ တရုတ်အစားအစာပုံနှင့် မတူပေမဲ့ အရသာတော်တော်များများက သူနှင့်ရင်းနှီးနေလေသည်။

ထိုအရာကပင် လင်းယွိကိုစားနေရင်း ပျော်လာစေသလိုပင်၊ ဒီဟင်းပွဲတွေကို ဘာနဲ့လုပ်ထားပါလိမ့်ပဲ တွေးမိနေလေသည်။

ဖန်ခွက်ထဲထည့်ထားသည့် ရေကိုသူသောက်လို့ကုန်သွားသည်နှင့် ဘေးကတစ်ယောက်က သူ့ကိုအလိုလိုဖြည့်ပေးလာသည်ကို ခုမှသူမြင်လိုက်ရလေသည်။

ဘယ်သူမှန်းလင်းယွိသိအောင် ကြည့်လိုက်သည်နှင့် တစ်ဖက်လူက ရွှေရောင်မျက်လုံးတစ်စုံရှိကာ ဂိတ်ပိုင်ရှင်ဘေးမှာ ထိုင်နေသည့် ငယ်ရွယ်သောလက်ထောက်လေးမှန်း ခုမှသတိထားမိလိုက်လေသည်။

လင်းယွိ ခဏလောက်ကြောင်သွားသော်လည်း၊ “ကျေးဇူးပါ။”

လက်ထောက်က အရပ်ရှည်ကာ ငယ်ရွယ်သောအမျိုးသား တစ်ယောက်ဖြစ်လေသည်။ သူကလင်းယွိပြောတာကို ကြားသည်နှင့် မျက်လုံးချင်းစုံအောင်တောင် ပြန်မကြည့်ပဲ ခေါင်းတွေကိုသာ စွတ်ညိတ်ကာ တခြားဘက်လှည့်သွားလေသည်။
ဒါပေမယ့်လည်း လင်းယွိကသူကမ်းပေးသည့် ရေကိုသောက်လိုက်သည်ကို မြင်လိုက်ရတာက သူ့စိတ်ထဲခေါင်းဆောင်က ချီးမွမ်းပေးလိုက်သလိုပင်၊ မပြောပြတတ်သည့် တစ်ခုခုကို ပြီးမြောက်အောင် လုပ်လိုက်သလို ခံစားချက်ကလေးကို ခံစားလာရလေ၏။ သေချာပေါက်ကို မကြာခင်မှာပဲ ယန့်ကျီဟန်က သူ့ကိုအေးစက်သည့်အကြည့်နှင့် ကြည့်လာတာကြောင့် ကြောက်ကြောက်နှင့် အဝေးကိုသာ ပြန်လှည့်လိုက်ရလေသည်။

ယန့်ကျီဟန်သူ့နား ကပ်လာကာ လင်းယွိကျောပေါ် လက်တင်ပြီးပြောလာလေသည်။
“နည်းနည်းပဲစားဦး၊ အစာသေချာ ချေနိုင်လို့လား?”

လင်းယွိ မြန်မြန်မျိုချလိုက်ကာ တွန့်ဆုတ်ဆုတ်နှင့် ခေါင်းညိတ်ပြလိုက်သည်၊ “အိုခေ….”

ယန့်ကျီဟန် လင်းယွိ ဒီက အစားအစာတွေကို လက်မလွှတ်ချင်‌သေးသည့်ပုံကိုကြည့်ကာ  အံ့ဩသွားတော့သည်။ “မင်းဒီဟင်းပွဲတွေကို ကြိုက်လို့လား?”

“အင်း။ အရသာရှိတယ်။”
လင်းယွိသူ့ကို ပြန်ပြုံးကာကြည့်လာသည်။
“စားကြည့်ပါလား?”

လင်းယွိ ထိုတရုတ်စာနှင့် အရသာတူသည့် ဟင်းကို ယန့်ကျီဟန်ပါးစပ်ဆီသို့ ခွံ့ကျွေးလိုက်သည်။
လူတိုင်းလိုလို သူတို့ တရုတ်စာအရသာကို လုံးဝကြွေသွားရမည်လေ။

ယန့်ကျီဟန် လင်းယွိခွံ့ကျွေးလာသည့်အတိုင်း စားလိုက်သည်။ သူ့အနေနှင့်တော့ သဘောကျသည့် အစားအစာဆို၍ တစ်သမတ်တည်းမရှိပေ၊ အာဟာရ ရရှိမှုက အရင်လာကာ အစာအိမ်ကို ဖြည့်ရုံလောက်ဆိုရင်ပဲ သူ့အတွက် အဆင်ပြေနေပြီဖြစ်သည်။ ပြီးတော့ အခုလို အမွှေးအကြိုင်ပိုင်းကို ပိုအာရုံစိုက်သည့် အဖွဲ့ချုပ်ဘက်က အစားအသောက်ပုံစံမျိုးက သူ့အတွက်တော့ သိပ်အဆင်မပြေပေ။

သို့သော် တစ်ဖက်ကသူ့တုံ့ပြန်မှုကို မျှော်လင့်တကြီးစောင့်နေသည့် လင်းယွိကိုကြည့်လိုက်ကာ ယန့်ကျီဟန်ခေါင်းသာ ညိတ်ပြလိုက်ရသည်။ “အရသာရှိတယ်။”

လင်းယွိ ပိုပျော်လာတော့သည်။ “ဒါပဲလေ။”

“အင်း”

ယန့်ကျီဟန် လင်းယွိစားပြီးသည်နှင့် တေ့ဘလက်တစ်ခု ကမ်းပေးလိုက်သည်။ “မင်းသွားချင်တဲ့ နေရာကိုရွေးလိုက်။”

လင်းယွိ နောက်တစ်ကြိမ်ပြုံးပြလိုက်ကာ “ကျေးဇူးပဲ။”

နှစ်ယောက်သားက ဘေးမှာဘယ်သူမှရှိမနေသလို ချစ်ကြည်နူးနေကြတာကြောင့် ပတ်ပတ်လည်က လူတွေအကုန်လုံးအကြည့်က လင်းယွိဆီသာ ရောက်နေကြတော့သည်။

အမှန်အတိုင်းဆိုရလျှင် သူတို့တွေ ယန့်ကျီဟန်ဒီကိုလာရသည့် ရည်ရွယ်ချက်ကို စိုးရိမ်နေကြတာဖြစ်သည်။ သူ့ဘေးကပါလာသည့် လူဆိုတာကလည်း ဒီအတိုင်း သူတို့စိတ်ရှုပ်ထွေးအောင် အသုံးချဖို့ ခေါ်လာတာပဲဟုသာတွေးထားတာဖြစ်သည်။

ဒါပေမယ့် အခုကြည့်ရတာတော့…..

ထိုအချိန်မှာပဲ ယန့်ကျီဟန်က ခေါင်းကိုမော့လာပြီး‌ ပြောလာသည်၊ “ငါတောင်းဆိုစရာတစ်ခုရှိတယ်။”

ဂိတ်ပိုင်ရှင်ခမျာ ချက်ချင်းမက်တပ်ထရပ်လိုက်ကာ၊ “ဟုတ်ကဲ့ ပြောပါ။”

“အဖွဲ့ချုပ်ရဲ့ကြယ်ဘက်က အစားအသောက်တွေက အရသာရှိတာပဲ။ အဆင်ပြေရင် မင်းတို့ အစားအစာလုပ်တဲ့စက်ကနေ ဟင်းချက်နည်းကော်ပီကို ပို့ပေးလို့ရမလား။”
ဂိတ်ပိုင်ရှင် : “….”
ပါးစပ်ကိုတောင် တစ်ချက်လေးမလှုပ်ခဲ့ပဲနဲ့ အရသာကရှိသွားပြီလား….

“အဟွတ်…ဟုတ်ကဲ့။ ရပါတယ်။”

ကြည့်ရတာတော့ ယန့်ကျီဟန်က တကယ်ကြီးကို သူ့ဘေးကလူကြောင့် ရောက်လာတာပဲ။

ကမ္ဘာ၏မြေပုံက အရင်ကနှင့်သိပ်ပြီး ကွာခြားသွားခြင်းမရှိချေ။ လင်းယွိ တရုတ်နိုင်ငံ၏ နေရာကိုမြေပုံပေါ်မှာ တွေ့လိုက်ကာ သူ့နိုင်ငံကိုသွားဖို့ အများဆုံးတိုင်းတာချက်တွေကိုပါ တစ်ပါတည်းတွေ့လိုက်ရလေသည်။

ထိုနေရာကိုသာ သွားဖို့ပဲဆုံးဖြတ်လိုက်လေသည်။

သူတို့စားလို့ပြီးသည်နှင့် ချက်ချင်းထကာ ဂြိုလ်ပေါ်ဆင်းဖို့ ပြင်ဆင်ကြတော့သည်။ အခြေအနေတစ်ရပ်လုံးက အဆင်ပြေပြေပင်။ ဂိတ်ပိုင်ရှင်၏ လက်ထောက်က သူတို့ကို ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးလာသည်။

အဖွဲ့ချုပ်၏ အာကာသယာဉ်ပေါ် ရောက်သည်နှင့် နောက်တစ်ကြိမ် ကမ္ဘာမြေပေါ် ခြေချရမည်ကိုတွေးပြီး စိတ်လှုပ်ရှားကာ တစ်ပါတည်းကြောက်လာတာကြောင့် မသိလိုက်ပဲ ယန့်ကျီဟန်လက်ကိုသာ သွားဖျစ်မိနေတော့သည်။ လင်းယွိဘာလို့ စိတ်လှုပ်ရှားနေလဲမသိပေမဲ့ သူစိတ်ထိခိုက်သွားစေမဲ့ အရာတစ်ခုမှတော့ မပြောတော့ပေ။

လက်ထောက်လည်း လင်းယွိနှင့်အဝေးဆုံးနေရာကို ရှာကာထိုင်လိုက်ပြီး လင်းယွိကိုမကြည့်ဖို့သာ ခက်ခက်ခဲခဲကြိုးစားနေရရှာသည်။

သူထိုင်နေတုန်းမှာပင် တာမီနယ်ကနေ တစ်ယောက်ယောက်က စာပို့လာလေသည်။
“မြေပြင်ပေါ် ဆင်းဖို့သေချာပြီမလား?”

လက်ထောက်ဘက်က လေးစားစွာပြန်စာပို့လိုက်သည်: “ဟုတ်ကဲ့၊ တည်နေရာက ပို့ထားတဲ့နေရာပါပဲ။”

“သူက ဘယ်မျိုးစိတ်ကလဲ မင်းပြောလို့ရလား?”

“ကြည့်ရတာတော့ သေချာပေါက် ဇက်မျိုးစိတ်က အထီးဖြစ်ဖို့များပါတယ်။”

“မင်းသေချာတယ်နော်?”

“ဒါ….ဒါမမှားနိုင်ပါဘူး။”
လက်ထောက်အနေနှင့်လည်း သူကိုယ်တိုင်က ဇက်မျိုးစပ်မှန်းသိအောင် မနည်းပြောခဲ့ရတာဖြစ်ရာ အခုလည်း လင်းယွိအခြေအနေကို စုံစမ်းပေးဖို့ အထူးစေလွှတ်ခြင်းခံထားရတာဖြစ်သည်။

အထက်ကလူတိုင်းက လင်းယွိအထီးတစ်ယောက်ဖြစ်မှန်း လက်မခံချင်ကြပေ။ သူကိုယ်တိုင်လည်း ဒါမဖြစ်နိုင်ဘူးသာ ထင်ထားတာဖြစ်သည်။ သို့သော်လည်း လင်းယွိကိုမြင်လိုက်ရသည်နှင့် သူပါအံ့ဩသွားတော့သည်။

သူဒီလူကို ဗီဒီယိုထဲကထက် ပိုကြည့်ကောင်းမယ်လို့ မထင်ထားရုံသာမက ဒီလူမှာ တကယ်ကြီး ဖယ်ရိုမုန်းပါ ရှိနေတယ်တဲ့။

လက်ထောက်၏ ဇက်မျိုးရိုးဗီဇက သိပ်မထင်ရှားပေ၊ သူကိုယ်တိုင်တောင် နေ့စဉ်ဘဝမှာ သိပ်ဂရုမပြုမိပေ။ ဒီနေ့လိုသာ သူ့ကိုထူးဆန်းသည့်တာဝန်ပေးခံမလာရဘူးဆိုရင် သူ့ကိုယ်သူဇက်မျိုးစပ်ဆိုတာတောင် မေ့သွားလောက်သည်။

အခုတော့ သူလင်းယွိနဲ့အဝေးဆုံးမှာ နေနေတာတောင်မှ ထိုအထီးတစ်ကောင်၏ ဖယ်ရိုမုန်းက နှာခေါင်းထဲတိုးဝင်လာကာ သူ့ခြေထောက်တွေကို အားနည်းလာအောင် လုပ်နေတော့သည်။

ဒါကြီးက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ!
သူလင်းယွိကို ကြည့်ချင်ပေမဲ့ ကြည့်ရဲသည့်စိတ်လည်း မရှိပေ။

ယန့်ကျီဟန်ကိုယ်ပေါ်မှာ ထိုအထီး၏ အနံ့တွေက အတော်စွဲကျန်နေတာကို သူအနံ့ခံနိုင်လေသည်၊ ကြည့်ရတာတော့ ဒီနှစ်ယောက်မှာ တော်တော်နီးစပ်သည့် ဆက်ဆံရေးရှိပုံပင်။

ပြီးတော့ ယန့်ကျီဟန်ဘက်ကနေ သူ့ကိုလာပြီး စိုက်ကြည့်လာတတ်တာတွေပါ ထည့်မယ်ဆိုရင်ပေါ့။

လက်ထောက်သူ့စိတ်ထဲမှာ ယန့်ကျီဟန်၏ အန္တရာယ်ရှိမှုက လုံးဝဆိုးရွားသည်၊ တော်တော်ကို ဆိုးရွားသည်ဟုသာ ကိုယ့်ကိုယ်ကိုဆက်တိုက် သတိပေးနေခဲ့တာဖြစ်သည်။ ထိုခံစားချက်က သူကအမြီးအမွေးရိတ်ခံလိုက်ရသည့် ခွေးတစ်ကောင်ဖြစ်သွားကာ ကျားစာအဖြစ် လှောင်အိမ်ထဲ အပိတ်ခံလိုက်ရတော့မလိုပင်။

သူ တကယ်ကြီးကို ဘယ်နေရာသွားသွား၊ အချိန်တိုင်းလိုလို စိတ်ဖိစီးနေတော့သည်။

ယန့်ကျီဟန်ကိုတော့ အဖွဲ့ချုပ်က နဂါးမျိုးနွယ်ဘက်ကသာ ဖြစ်မှန်းတွေးထားခဲ့တာဖြစ်သည်။
သို့သော်လည်း နဂါးမျိုးနွယ်က တစ်ယောက်ချင်းစီတောင် စွမ်းအားကြီးသည်မှာမှန်သော်လည်း နဂိုကတည်းကကို သီးသန့်နေရတာ ကြိုက်သူများဖြစ်ကြရာ အဖွဲ့ချုပ်ကို လာခြိမ်းခြောက်မှာမျိုးတော့ မစိုးရိမ်ရပေ။

ယန့်ကျီဟန်တစ်ယောက်တည်းကသာ စစ်တပ်ကြီးထောင်ကာ နေရာတိုင်းလိုလို လိုက်သိမ်းပိုက်နေတာဖြစ်သည်။ သူ့စစ်တပ်တွင် တင်းကျပ်သည့်စည်းမျဉ်းတွေရှိကာ သူ့တိုက်ခိုက်သည့်နည်းလမ်းတွေကလည်း….အင်း အဖွဲ့ချုပ်ကို တော်တော်တော့ လန့်အောင်လုပ်နိုင်ခဲ့လေသည်။

လက်ထောက်လည်း ယန့်ကျီဟန်က သူ့ဘေးကအထီးကို ခါးပါတ်သေချာတပ်ပေးကာ စောင်နှင့်အုပ်ပေးလိုက်ပြီး ဘေးမှာထိုင်နေသည်ကို ကြည့်နေလိုက်လေသည်၊ ထိုလူက သူကိုယ်တိုင်တောင် သတိမထားမိပဲ လင်းယွိကို ကာကွယ်စောင့်ရှောက် ပေးနေသည့်ပုံပင်။

သူ့စိတ်ထဲပထမဆုံးရောက်လာသည့် ထူးဆန်းသည့်အတွေးက သူပါအားကျလာတာပင်….

နောက်တစ်ခုကတော့…..နေပါဦး ယန့်ကျီဟန်ကပါ ဇက်မျိုးစပ်ဖြစ်နေတာလား?
အဖွဲ့ချုပ်၏ ယာဉ်က လေထုကို ဖြတ်သန်းပြီးသွားသည်နှင့် သူတို့အကုန်မြေပြင်ပေါ်မှာ သွားနိုင်သည့်အမြန်ယာဉ်လေးပေါ်သို့ ကူးပြောင်းစီးနိုင်သည့်လမ်းပေါ်ကို ဆင်းသက်လိုက်ရလေသည်။

ဤနေရာက အဖွဲ့ချုပ်၏ နယ်မြေဖြစ်ရာ အကုန်လုံးက အဖွဲ့ချုပ်စီစဉ်ထားသလိုပင် လုပ်ကြရလေသည်။

လက်ထောက်က နှစ်ယောက်လုံးကို မြေပြင်ပေါ်သို့ ဂရုတစိုက်ခေါ်ဆောင်လာကာ အပြစ်ရှိသည့်စိတ်ပါ ရောက်လာလေသည်၊ “ကျွန်တော်တို့ ဒရိုင်ဘာနဲ့ လမ်းညွှန်စီစဉ်ပေးထားပါတယ်၊ ပြီးတော့ လည်ပတ်ပြီးလို့ပြန်လာတာနဲ့ ကျွန်တော်တို့ ဂိတ်ကိုပြန်နိုင်အောင်ပါ စီစဉ်ပေးပါ့မယ်။”

ယန့်ကျီဟန်ဘာမှပြန်မပြောလာပဲ သူတို့စီစဉ်ပေးထားသည့် ကားထဲကိုသာ ဝင်လိုက်လေသည်။

နှစ်ယောက်ထိုင်ပြီးသည်နှင့် ကားတံခါးက ပွင့်လာတော့သည်။

“အဖွဲ့ချုပ်ရဲ့ ကြယ်ကြီးဆီကနေ ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ လူကြီးမင်းတို့ကို ခရီးစဉ်တစ်လျှောက် အဖော်ပြုပေးမယ့် လမ်းညွှန်ပါ။”
အရပ်ရှည်ရှည်နှင့် အဖွဲ့ချုပ်ယူနီဖောင်းဝတ်ထားသည့် လူတစ်ယောက်ကို လင်းယွိမော့ကြည့်လိုက်သည်နှင့် တွေ့လိုက်ရသည်။ ထိုလူ့ကျောဘက်တွင်လည်း နက်ပြာရောင်အတောင်ပံတွေက ရှိနေလေသည်။

ထိုလူ့ကြည့်ရတာ အရပ်ရှည်သော်လည်း သူကလင်းယွိရှေ့နားထိ တိုးလာကာ လင်းယွိကြည့်ရတာအဆင်ပြေအောင် ကိုယ်ကိုညွှတ်လာပေးလေသည်။ သူ့ထံတွင် စိမ်းပြာရောင်ဆံပင်၊ စနစ်တကျ ပုံသွင်းထားသည့်မျက်ခုံးမွေး၊ သပ်ရပ်သည့် အဝတ်အစားတို့ကို ဝတ်ထားကာ ချောမောပြီးကြည့်ကောင်းသည့် ပုံစံကိုပိုင်ဆိုင်ထားလေသည်။ ကြည့်ရတာတော့ သူ့ကိုယ်သူတော်တော်ကြာ ဂရုစိုက်ထားသည့်ပုံပင်။

လင်းယွိသူ့ကို ကြည့်နေတာသတိထားမိလိုက်သည်နှင့် ဒေါင်းကသူ့အမြီးကို ဂုဏ်ယူစွာဖြန့်ကျက်ပြသလိုမျိုး သူ့အတောင်ပံတွေကို လင်းယွိမြင်သာအောင် ဖြန့်ပြလာတော့သည်။

အမွေးအတောင်တွေက ထင်ရှားကာ၊ အရောင်တဝင်းဝင်းနှင့် နူးညံ့နေပြီး နေရောင်အောက်မှာဆို ပိုတောက်ပနေတော့သည်၊ မသိလျှင် အရောင်စုံအလင်းတန်းတွေကို ထုတ်လွှတ်နေသလိုပင်။

ယန့်ကျီဟန်ဘက်က သူ့ကိုမြင်ရတာတော့ ထိုလူ၏ ရွှေရောင်မျက်လုံးတွေကိုသာ ဖြစ်လေသည်။

အဘယ့်ကြောင့်ဆိုသော် ထိုမျက်လုံးတွေက လင်းယွိကိုကြည့်လိုက်သည်နှင့် သိသာစွာအပြုံးတစ်ခုကပါ ပါလာတော့သည်။

“ဘယ်ကိုသွားချင်ပါသလဲ?”

အိုး၊ သူဘာပြောလိုက်တယ်?

ယန့်ကျီဟန် ထိုအကောင်၏ အတောင်ပံတွေကို အေးစက်စက်ကြည့်နေလိုက်သည်။

အရူးပျားကောင်၊ လိပ်ပြာကောင်တွေ။ အနည်းနဲ့ အများတော့ ပေါ်လာကြတာပဲ။









ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now