Chapter 11

3.3K 375 1
                                    

အပိုင်း ၁၁

ယန့်ကျီဟန်က သူ့လက်မောင်းတွေကြားထဲ အိပ်ပျော်နေရုံသာမက သူ့ကိုတစ်ဝက်က ဖိထားသေးကာ သူ့ပုခုံးပေါ်ဆို ခေါင်းပါအုံးထားသေးသည်။

အမှန်အတိုင်းပြောရရင်….အင်း၊ နည်းနည်း လေးတယ်….

လင်းယွိ နားရွက်တွေက အနည်းငယ်ပူလာကာ၊ သူရွေ့လည်းမရွေ့ရဲသေးပဲ ဘေးကိုသာအနည်းငယ် လိုက်ကြည့်သာနေလိုက်သည်။

သူမနေ့ညက ခဏလှဲနေရင်း အိပ်ပျော်သွားတာဖြစ်လိမ့်မည်။ သူဆိုတာက အိပ်ပျော်သွားသည်နှင့် ရုတ်တရက်ရဲလာကာ ယန့်ကျီဟန်ဘေးကို လှိမ့်သွားရဲသည့်သူလည်း မဟုတ်ပေ။

အဲ့ဒါဆို ယန့်ကျီဟန်က သူ့ဘက်ရောက်လာတာပဲ…..

တစ်ကယ်လို့ ယန့်ကျီဟန်သာ သူ့ကိုခေါင်းအုံးလုပ်ပေးဖို့ ပြောလာရင်တောင် လင်းယွိငြင်းရဲမည် မဟုတ်ပေ။ သို့သော် လင်းယွိထင်မထားသည်က ဒီလိုဗီလိန်ကြီးဆီမှာ ဒီလိုဝါသနာမျိုးရှိနေမည်ကိုပင်။

အခုအခြေအနေက…..မတော်တဆတစ်ခုသာ ဖြစ်နိုင်သည်။

လင်းယွိထိုကဲ့သို့သာ တွေးလိုက်ကာ ကုတင်ဘေးကို ဖြည်းဖြည်းချင်းရွေ့လိုက်ပြီး ယန့်ကျီဟန် နှိပ်စက်နေတာကနေ ထွက်လာဖို့လုပ်လိုက်လေသည်။

သို့သော် သူထဖို့လှုပ်လိုက်မိသည်နှင့် ယန့်ကျီဟန်မျက်မျောင်က ကျုံ့လာကာ သူ့ကိုပိုပြီးဖိလာပြီး ဖက်ထားသည့် လက်မောင်းတွေကပါ ပိုတင်းလာတော့သည်။

လင်းယွိအတွက် တစ်ယောက်ယောက်နှင့် နီးနီးကပ်ကပ်နေသည်ဆိုတာက ရှားလှသဖြင့် သူ့နှလုံးတွေကပါ အခုန်မြန်လာသလို့ ဖြစ်လာကာ ဒါကအကြောက်တရားကြောင့်လား ဒါမှမဟုတ် အကြောက်လွန်နေတာကြောင့်လားကိုပင် မသိတော့ပေ။

သူနေရာမှာပဲ နာခံစွာနှင့် လှဲနေနိုင်ကာ မလှုပ်ရဲတော့ပေ။

ဘယ်လောက်မှန်းမသိသည့် အချိန်ထိစောင့်ပြီးသည့်အခါမှာတော့ လင်းယွိ ထပ်အိပ်ပျော်တော့မလိုပါ ဖြစ်လာတော့သည်။ ထိုအချိန် အခန်းထဲ ကျယ်လောင်သည့် ခေါင်းလောင်းသံက ထွက်လာလေတော့သည်။

ထိုအသံက အိပ်ရာဘေးက ယန့်ကျီဟန် တာမီနယ်ကနေ ထွက်လာခြင်းဖြစ်လေသည်။
လင်းယွိ အနက်ရောင်လက်ပတ်လေးကို ကြည့်လိုက်ကာ ကြောက်ကြောက်နှင့် တံတွေးမြိုချလိုက်ပြီး ယန့်ကျီဟန်ကို ပြန်လှည့်ကြည့်လိုက်လေသည်။

ယန့်ကျီဟန် အသေအချာကို မျက်မှောင်ကြီးကျုံ့ထားကာ၊ သူ့မျက်တောင်မွေးတွေကတော့ လှုပ်လာပြီး၊ နောက်ခေါင်းကို မော့လိုက်ကာ သူ့ကိုယ်သူနေသာသလို ပြန်ပြင်လိုက်ပြီး လက်တစ်ဖက်က သူ့ကိုဖြတ်သွားကာ အိပ်ရာဘေးက တာမီနယ်ကို လှမ်းယူလိုက်လေတော့သည်။

“ဟယ်လို။”

ယန့်ကျီဟန် နိုးတစ်ဝက်ပဲ ရှိနေသေးလို့လားမသိပေမဲ့ အခုသူ့စကားတစ်ခွန်းက အသံကိုက အလွန်ဩကာ ရှတတလေးဖြစ်နေပေသည်။

ပြီးတော့…..အရမ်းနားထောင်ကောင်းတာပဲ။

တစ်ဖက်ကလူက ချက်ချင်းစကားတစ်ချို့ကို တရိုတသေပြောလာလေသည်။ ကြည့်ရတာ လိုင်းကသိပ်မကောင်းသလိုပင်။ ထို့ကြောင့် အသံကြားရတာ အနည်းငယ်အဆင်ပြေမနေသလိုပင်။
ယန့်ကျီဟန်မျက်မှောင်ကိုသာ အနည်းငယ်ကျုံ့နေကာ သူမနက်အစောကြီး ထရသည်ကြောင့်လား သို့မဟုတ် တစ်ဖက်ကကြားရသည့် သတင်းကမကောင်းလို့လားတော့မသိ ဒေါသထွက်နေသလိုပင်။

လင်းယွိ လှဲသာနေလိုက်ကာ အသက်ပင် မရှူရဲတော့ပေ။ ယန့်ကျီဟန် ဖုန်းကိုအကြာကြီး နားထောင်နေလိုက်ကာ သူ့မပွင့်သေးတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ရင်း လင်းယွိနှင့်အကြည့်ဆုံသွားတော့သည်။

လင်းယွိ ကသောကရောနှင့် ပြုံးပြလိုက်လေသည်။

ယန့်ကျီဟန် ကြည့်ရတာအခုမှ သူလင်းယွိကိုယ်ကိုမှီထားမှန်း သိသွားသည့်ပုံပင်။ သူတခဏလောက် ရပ်သွားကာ ချက်ချင်း သူနဲ့အဝေးကိုဖယ်လိုက်ပြီး အိပ်ရာပေါ်ကနေ တန်းဆင်းသွားလေတော့သည်။

လင်းယွိလည်း စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်ပြီး သူ့အကြည့်တွေကို နှိမ့်လိုက်ကာ ပုခုံးကိုသာ ဖြည်းဖြည်းလေးနှိပ်နေလိုက်သည်။

ယန့်ကျီဟန် အိပ်ရာကိုမှီကာ ရပ်နေပြီး ဖုန်းခဏလောက်ပြောနေပြီးနောက် ချက်ချင်းဘေးဘီကိုကြည့်လိုက်ကာ သူတစ်ခုခုကို တွေးနေဟန်နှင့် သူ့ကိုသေချာကြည့်လာပြန်သည်။ သူ့မျက်နှာအမူအရာကြည့်ရတာတော့ သူ့ကိုနည်းနည်းရွံနေသလိုလိုနှင့် အကူအညီမဲ့သလိုပင်။

လင်းယွိ : “?”

“နားလည်ပြီ။ ငါအောက်ကို ခဏနေရင်ဆင်းလိုက်မယ်။” ယန့်ကျီဟန် တာမီနယ်ကနေ ပြောလိုက်သည်။

တပ်မှူး :  “မာရှယ် အဲ့ပိုးကောင်ကို ခေါ်လာချင်တာ သေချာပါသလား?”

“အင်း။ ငါသူ့ကို ခေါ်လာလိုက်မယ်….အသုံးဝင်အောင်။”

အဲ့ဒီ အားမရှိတဲ့ ပိုးကောင်က ဘယ်နားအသုံးဝင်မှာလဲလို့။ တပ်မှူးတစ်ယောက်ကတော့ ချက်ချင်းနားလည်မှုလွဲသွားလေသည်။

မာရှယ် တာဝန်မပြီးခင်ထဲက ထိုပိုးကောင်ကို ချက်ချင်းပြန်တွေ့တာ အံ့ဩစရာတော့ မရှိတော့ပေ။ ဇက်ဖယ်ရိုမုန်းဆိုတာက အရမ်းကောင်းတာပဲကို သူနားလည်ပါတယ်လေ။

လင်းယွိ ယန့်ကျီဟန်ရေချိုးကာ အဝတ်လဲနေသည်ကို ကြည့်နေရင်း သူအပြင်ထွက်သွားတာနဲ့ သူ့အခန်းဆီကို ခိုးပြန်ကာ စာကြိုးစားပြီး တိုးတက်လာအောင် ကြိုးစားဖို့ကို တွေးနေလိုက်သည်။ မထင်မှတ်ထားပဲ ယန့်ကျီဟန်က သူ့ကော်လာကို ဆွဲလာလေတော့သည်။

“ငါနဲ့လိုက်ခဲ့။”

လင်းယွိ : “??”

အချိန်အတော်ကြာပြီးနောက်မှာတော့ လင်းယွိ ဒီအခန်းလေးထဲကနေ အပြင်ကိုထွက်ရတော့မည်ဖြစ်လေသည်။ ယန့်ကျီဟန် သူ့ကိုသူမသိသည့် နေရာတွေကို ခေါ်သွားကာ ထိုနေရာက သိုလှောင်ရုံတစ်ခုနှင့်ပင် တူလေသည်။

“နောက်ထပ် ကာကွယ်ရေးဝတ်စုံတစ်ခုရှာလိုက်၊ သူဝတ်တဲ့ ဆိုဒ်မျိုးနော်။” ယန့်ကျီဟန် လင်းယွိကို ပြန်ညွှန်ပြလိုက်သည်။

အဝတ်တွေ သွားယူသည့်လူ ပြန်ထွက်လာလေသည်။ သူက လင်းယွိဆီ အဝတ်တွေကိုပေးရန်ကြံလိုက်သော်လည်း ယန့်ကျီဟန်က ကြားထဲကယူလိုက်ကာ
"ငါ့ကိုပေး။”

ထို့နောက် လင်းယွိကိုအခန်းအသေးလေးထဲ ခေါ်သွားကာ တံခါးကိုပိတ်လိုက်လေသည်။ ထိုအခန်းလေးကို အဝတ်လဲသည့် အခန်းလေးတစ်ခုအလား အသုံးချလိုက်တော့သည်။

“ဒါကိုဝတ်။”

လင်းယွိ သူ့ကို ယန့်ကျီဟန်က အဝတ်လဲစေချင်မှန်းသိ၍ သူနောက်ထပ် အချိန်မဆွဲရဲတော့ပေ။ ထို့ကြောင့် ချက်ချင်းသူ့ရှပ်ကို ချွတ်လိုက်လေသည်။

ယန့်ကျီဟန် ခဏရပ်သွားကာ တစ်ခုခုပြောချင်သည့် ပုံပေါ်လာသော်လည်း သူ့ပါးစပ်ကိုသာ ထပ်ပိတ်ထားလိုက်လေသည်။

အခန်းလေးထဲတွင် နေရာသိပ်မရှိပေ။ ထို့ကြောင့် နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာရှိနေကြလေသည်။ သူပထမကတော့ လင်းယွိကိုရှင်းပြပေးသည်နှင့် ထွက်သွားပေးဖို့ပြင်ထားတာဖြစ်သည်။

သို့သော် လင်းယွိကအခုကတည်းက ချွတ်လိုက်ရာ ယန့်ကျီဟန်တံခါးလက်ကိုင်ဖုကို ကိုင်ထားသည့်လက်ကို ပြန်ရုတ်လိုက်လေသည်။ ထိုအချိန်အတွင်းမှာပဲ နှစ်ယောက်က ပိုနီးကပ်လာကြတော့သည်။
ယောက်ျားလေးတစ်ယောက်နှင့် သူ၏အတော်အသင့် ဖော်ပြထားသည့် အသားအရေ အရောင်အဝါက ဤအခန်းငယ်လေးကို ဖြည့်တင်းထားလေသည်။

ယန့်ကျီဟန် တံတွေးမျိုချလိုက်ကာ မသိလိုက်ပဲ အနောက်ကိုဆုတ်လိုက်သဖြင့် သူ့ကျောက တံခါးကို ဖိမိလိုက်တော့မလိုပင်။

ကံကောင်းစွာနဲ့ပဲ လင်းယွိကသတိမထားမိပဲ သူ့အဝတ်တွေကိုသာ အမြန်ဝတ်နေခဲ့လေသည်။

ဤအဝတ်အစား၏ ပုံက ယန့်ကျီဟန်နှင့် မတူသော်လည်း စစ်ယူနီဖောင်းနှင့်တော့ အနည်းငယ်တူနေသေးသည်။

လင်းယွိတွင် သေးသွယ်သောကိုယ်အချိုးအစားရှိကာ ၎င်းနှင့်အတူ သေးသွယ်သောခါးနှင့် ခြေတံရှည်တို့ကိုပါ ပိုင်ဆိုင်ထားလေသည်။ ဤဝတ်စုံကို ဝတ်လိုက်ရာ သူအလွန်အမင်းကို တောက်ပသည့်ပုံလေးပေါ်လာလေသည်။

အပြာရင့်ရောင်က သူ့အသားအရေကို ပိုဖြူလာအောင်လုပ်ပေးပြီး သူ့ကြည့်ကောင်းသည့် အစိတ်အပိုင်းမှန်သမျှက မျက်စိဖမ်းစားထားလေတော့သည်။

လင်းယွိ သူ့ခေါင်းကိုမော့လာကာ ယန့်ကျီဟန်နှင့် အကြည့်ချင်းဆုံသွားတော့သည်။

ယန့်ကျီဟန်က သူအဝတ်လဲနေကတည်းက တောက်လျှောက်ကြည့်နေခဲ့တာဖြစ်ပြီး အခုသူအဝတ်လဲပြီးတော့လည်း ဆက်ကြည့်နေသေးသည်။

ဘာဖြစ်နေတာလဲဟ……

လင်းယွိ သူ့ထံတွန့်ဆုတ်ဆုတ်နှင့် ကပ်လိုက်သည်နှင့် ယန့်ကျီဟန် လင်းယွိကို တွန်းထုတ်လိုက်မိမှန်းသိသွားတော့သည်။
“မင်းမှာ ကြည့်စရာမျက်နှာတစ်ခုပဲ ရှိတယ်နော်။”

ယန့်ကျီဟန်ပြောပြီးပြီးချင်း သူ့မျက်လုံးတွေက အောက်ကိုရွေ့သွားကာ လက်ကိုဆန့်လိုက်ပြီး လင်းယွိရင်ဘတ်နားသို့ လှမ်းလာလေသည်။ အဆုံးမှာတော့ သူကိုယ့်အဝတ်ဆွဲချွတ်လိုက်ပြီး ခါးနားကို သဘောမကျသည့်ပုံဖြင့် ဆွဲဆိတ်လိုက်သည်။
“ပိန်လိုက်တာ။”

သူ့စစ်သားတွေပါ လင်းယွိလို အားနည်းနေဖို့ဆိုတာ မဖြစ်နိုင်ပေ။ သို့သော် ပတ်ဝန်းကျင်က အတော်လေးဆိုးလေသည်။ သူ့မှာနောက်ထပ် ကာကွယ်သည့်ဝတ်စုံမရှိသဖြင့် လင်းယွိအတွက် ဒီလိုဝတ်စုံမျိူးသာ ဝတ်နိုင်လေသည်။
စစ်သားတွေအားလုံးအတွက် ပုံမှန်ယူနီဖောင်းဆိုတာရှိပြီး သူလည်း တစ်ခါမှ သေချာမကြည့်ဖူးချေ။

အခုတော့ ဒီတီကောင်လေးကဝတ်ထားရာ ထိုအဝတ်အစားတွေ၏ ပုံစံကလှသည်ဟုပင် စဉ်းစားလာမိတော့သည်။

ယန့်ကျီဟန် သူ့ခေါင်းကိုရမ်းလိုက်လေသည်။ သူထူးဆန်းတာ တစ်ခုခုကို တွေးမိလိုက်တာပဲ။

“အိုခေ၊ သွားမယ်။”

လင်းယွိ စိတ်ရှုပ်ထွေးသွားကာ ယန့်ကျီဟန်က သူ့ကို အာကာသယဉ်ရပ်နားထားသည့် နောက်ထပ်အခန်းအကြီးတစ်ခုဆီသို့ ဆွဲခေါ်လာလေတော့သည်။

တံခါးကပွင့်သွားသည်နှင့် သူအဝတ်အစားသပ်ရပ်စွာ ဝတ်ထားသည့်စစ်သား နှစ်တန်းလောက်က ကြိုစီထားကြပြီး လက်ထဲသေနတ်တွေကိုင်ကာ စောင့်နေကြသည်ကို တွေ့သွားလေသည်။

လင်းယွိနောက်မှ သတိထားမိသွားသည်မှာ သူဝတ်ထားသည့် ယူနီဖောင်းနှင့် ထိုစစ်သားတွေ ဝတ်ထားသည့်ယူနီဖောင်းတွေက တူနေကြချင်းပင်။

စစ်သားတွေကာ ယန့်ကျီဟန်ကို မြင်လိုက်သည်နှင့် ညီညီညာညာအလေးပြုလာကြသည်။ သို့သော် သူ့ကိုတော့ လူတွေက စူးစမ်းနေကြကာ ဘာမှသေချာမသိသည့် ပုံဖြင့်ကြည့်လာကြတော့သည်။

လင်းယွိ ရုတ်တရက် ဖိအားတွေကို ခံစားလာရသော်လည်း ဒါက လုံးဝ သူလည်းနားလည်ပေးနိုင်သည်လေ။ ပြောရမယ်ဆိုရင် သူကိုယ်တိုင်တောင် ဘာလို့ဒီနေရာရောက်နေရမှန်းကိုတောင် မသိတာကို…..

ယန့်ကျီဟန်အထဲကို အမြန်ဝင်လာပြီး မကြာခင်မှာ သူလည်းနောက်ကနေ ငြိမ်ငြိမ်လေးလိုက်နေတာကို တွေ့သွားကြတော့သည်။ သူ့အနောက်ဘက်တံခါးနောက်မှာ ရပ်နေကြတဲ့လူတွေခမျာ ရှေ့သို့ဆက်မသွားရဲကြတော့ပေ။

ယန့်ကျီဟန် မျက်မှောင်ကျုံ့လိုက်ကာ
"ဒီကိုလာ။”

လင်းယွိမှာ ရွေးချယ်စရာမရှိတော့ပဲ ကျည်ဆံကိုသာ ကိုက်ထားဖို့သာ ရွေးလိုက်ရသကဲ့သို့ပင်။ အားလုံး၏ အကြည့်တွေအောက်ကနေ မြန်မြန်သာလျှောက်လာလိုက်တော့သည်။

ယန့်ကျီဟန်က လက်ကို သူ့ဘက်ကမ်းလာပေးတာမြင်တော့ သူလည်းအမြန် ယန့်ကျီဟန်လက်ကိုသာ ဆွဲလိုက်တော့သည်။

ယန့်ကျီဟန်အမူအရာက ခဏလောက်ကြောင်သွားတော့သည်။

သူလက်ကမ်းလိုက်တာက လင်းယွိလျှောက်တာ နှေးနေသောကြောင့် ဆွဲခေါ်ချင်ရုံသာဖြစ်လေသည်။

ယန့်ကျီဟန်ခဏလောက်တွေးနေလိုက်ကာ ပြီးနောက်လင်းယွိလက်ကို ခါချလိုက်ပြီး သူ့ကိုသဘောမကျသလို ပြန်ကြည့်လာလေသည်။

ဒီပိုးကောင်က ကိုယ်ပိုင်အချိန်တွေမှာဆို သူ့ကိုအမြဲကပ်နေတတ်ပြီး သူ့အိပ်ရာပေါ် တက်လာတတ်သော်လည်း ဒါမျိုးက သူ့အတွက်အဆင်ပြေသေးသည်။ ဒါပေမယ့် အခုကကျတော့ ဒီလိုဝတ်စုံမျိုးကိုဝတ်လာပြီး လူအများကြီးရှေ့မှာ ကလေးလေးတစ်ယောက်လို ထပ်ပြီးလုပ်နေပြန်သေးသည်။

ဒါက ကြည့်လို့သိပ်အဆင်မပြေပေ။
သို့သော် လင်းယွိခမျာမှာတော့ ကြောင်သွားလေသည်။ အခု ယန့်ကျီဟန်အပြုအမူက သူ့ကိုနောက်ကဆက်လိုက်စေချင်သေးတာလား ထွက်သွားစေချင်နေတာလား သူ မခန့်မှန်းတတ်တော့ပေ။

သူ့ဘက်ကတော့ မည်ကဲ့သို့သော ငြင်းဆိုစရာအချက်မှ မရှိပေမဲ့ အဲ့ဒီဗီလိန်ဘက်ကပေးနေတဲ့ အချက်ပြတွေကတော့ အမြဲပြောင်းလဲနေတော့သည်။

ယန့်ကျီဟန် လင်းယွိကို အဝေးတွန်းလိုက်မိကာ ထိုနေရာမှာပဲ မထွက်သွားပဲ ရပ်နေတာကို မြင်လိုက်ရသည်။ မတတ်နိုင်ပေ ရပ်သာကြည့်နေလိုက်သည်။

သူ စည်းရုံးသိမ်းသွင်းနိုင်လိုက်လေသည်။ မျက်နှာထားတည်တည်နှင့် ရန့်ဇီက လင်းယွိလက်ကို ဆွဲခေါ်လာလေသည်။

ဒီလိုအားနည်းတဲ့ ခန္ဓာကိုယ်အတွက်တော့ မကောင်းပေမဲ့ ဒီကောင်လေး ကလေးလေးတစ်ယောက်လို လုပ်ပြလိုက်သည့် အားထုတ်မှုကတော့ အတော်အားပြင်းလေသည်။

တီကောင်လေးကြည့်ရတာ အခုမှစိတ်သက်သာရာရသွားသည့်ပုံပေါ်ကာ သူ့လက်ကိုဆွဲလာပြီး နောက်ကနေ သူ့ကို သေချာလိုက်ကြည့်နေပြီး နာခံစွာလိုက်လာလေသည်။
ယန့်ကျီဟန်အပြင်ဘက်က မျက်နှာကတော့ ရွံရှာသည့်ပုံဖြစ်နေပေမယ့် စိတ်အခြေအနေကတော့ ကောင်းနေကာ လင်းယွိကို သူ့အာကာသယာဉ်ပေါ်သို့ တန်းခေါ်လာတော့သည်။ သူ့ကိုတစ်ခါတည်း ယာဉ်မောင်းသည့် အခန်းထဲကိုပါ ဆွဲခေါ်လာလေသည်။ အမိန့်ပေးစေခိုင်းသည့် အခန်း၏အလယ်တည့်တည့်တွင် သူ့ကိုထိုင်စေလိုက်ပြီး ထိုင်ခုံခါးပတ်ကိုပင် သူကိုယ်တိုင်ပတ်ပေးလိုက်သေးသည်။

အပြင်ဘက်က စီတန်းနေသည့် စစ်သားတွေခမျာ မလှုပ်နိုင်ကြသော်လည်း ဘေးဘီကိုတစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြကာ အကြည့်တွေထဲ အံ့အားသင့်နေမှုတွေကို ပြနေကြတော့သည်။

ဒီလူက ဘယ်သူတုန်းဟ?

ဘာလို့ မာရှယ်က သူနဲ့အတူတူ ခေါ်လာတာတုန်း?

လင်းယွိက စစ်ဝတ်စုံကို ဝတ်ထားပေမဲ့ အကုန်လုံး တစ်ချက်ကြည့်လိုက်သည်နှင့် လင်းယွိက စစ်သားမဟုတ်မှန်း တန်းသိကြလေသည်။

မာရှယ့်ရှေ့မှာ စစ်သားတစ်ယောက်ကသာ ပြီးစလွယ်လာရပ်နေပါက အဲ့စစ်သားကို မာရှယ်ဆောင့်ကန်ပြီးသား ဖြစ်နေလိမ့်မည်။
သို့သော် ဒီလူက နှေးတိနှေးတုန်းလျှောက်လိုက်၊ ရပ်လိုက် လမ်းလျှောက်လိုက်နှင့် မာရှယ့်ရှေ့မှာ လုပ်နေသော်လည်း မာရှယ်ကစောင့်တောင် စောင့်နေလိုက်ပြီးတော့ လက်ပါကိုင်ပေးလိုက်တယ်တဲ့!

အင့်၊ သူက မာရှယ့်လက်ကို ကိုင်ရဲတယ်ပေါ့…..

သူကမြေနေရာတစ်ခုကို လက်သက်သက်နှင့် ဖျက်ဆီးပစ်တာကို မျက်မြင်တွေ့ထားကြသလို စစ်သားတွေအကုန်လုံးက လင်းယွိကို အံ့ဩကာကြည့်နေကြတော့သည်။

လင်းယွိဇာစ်မြစ်ကို ဘယ်သူမှလည်း မသိကြကာ လူအတော်များများဆို မာရှယ်၏မျိုးဆက်ကိုပါ မသိထားကြပဲ ဇက်မျိုးနွယ်တွေအကြောင်းဆို ပိုလို့မသိကြပေ။

လင်းယွိဘယ်ကိုကြည့်လိုက် ညာကိုကြည့်လိုက်နှင့်လုပ်နေကြကာ သူတို့သိသလောက်ကတော့ ဒီလူက ကြည့်ကောင်းကာ တိုက်ခိုက်နိုင်စွမ်း နည်းနည်းလေးသာရှိသည့်သူဖြစ်လေသည်။ သူတို့အကုန်လုံး ဖြစ်နိုင်ချေတစ်ခုတည်းကိုသာ တွေးလိုက်နိုင်ကြတော့သည်။

ငါတို့မာရှယ်၊ မိန်းမတွေဆို တစ်ခါမှနီးနီးကပ်ကပ် မနေဖူးတဲ့သူ၊ နောက်ဆုံးတော့ ဘယ်လိုဆက်လုပ်ရမလဲ သိသွားပြီး အခုတော့ ယောက်ျားတစ်ယောက်ကို တွေ့သွားပြီပဲ!?

အတိတ်မှာတော့၊ မာရှယ်က သူကြည့်ကောင်းတဲ့ ယောက်ျားတွေကို မုန်းတယ်ဆိုပြီးပြောတာ….အဲ့ဒါတစ်ကယ်တော့ သူ့ဗီရိုက အရမ်းနက်လွန်းနေလို့များလား??!
(ဒါက Coming out of the closetဆိုတဲ့ စကားပုံကိုညွှန်းတဲ့သဘောပါ၊ လူတစ်ယောက်က သူဂေးဆိုပြီး ပြောချင်ရင် တိုက်ရိုက်ပြန်ရမယ်ဆိုရင် အဝတ်ဗီရိုထဲက ထွက်လာတယ်ဆိုတဲ့ သဘောနဲ့ပြောကြပါတယ်။)

ဒါပေမယ့် ဒီလူကတော်တော်ကို ကြည့်ကောင်းလွန်းနေတာလည်း မပြောနဲ့လေ……

ထိုအဖွဲ့လည်း နောက်ဆုံးတော့ အာကာသသင်္ဘောအသေးလေး သုံးစီးထဲဝင်သွားကြကာ တစ်ခုပြီးတစ်ခု ပျံထွက်သွားကြတော့သည်။
ကြယ်အစုအဝေးသုံးတိုက်သင်္ဘောတွေက ကြီးမားကာ ပုံစံတွေအားလုံးကလည်း အာကာသထဲတစ်ချိန်လုံး မျောနေနိုင်အောင် ဆောက်လုပ်ထားကြတာ ဖြစ်လေသည်။ သူတို့တွေကို အာကာသဂိတ်မှာ ရပ်လို့ရသော်လည်း ဂြိုလ်တစ်ခုပေါ်မှာတော့ ရပ်နားထားတာမျိုးက အဆင်မပြေပေ။

အထူးသဖြင့် အခုလို မတိုးတက်ကာ အန္တရာယ်ရှိသည့် ဂြိုလ်မျိုးတွင်ဖြစ်လေသည်။
ထို့ကြောင့် သူတို့တွေ နောက်ထပ်ပေါ့ပါးသည့် အာကာသယာဉ်တစ်ခုသို့ ပြောင်းရခြင်းဖြစ်လေသည်။

မြင့်မားသည့် အမိန့်ပေးရသောခုံပေါ် ထိုင်နေရသည့် လင်းယွိတစ်ယောက် သူ့ရှေ့ကစခရင်လေးကို သိချင်စိတ်အပြည့်နှင့် ကြည့်နေရာ မကြာမီ သူအရင်နေ့တွေက မြင်နေကျပုံရိပ်တစ်ခုကပေါ်လာတော့သည်။ ၎င်းမှာ အဖြူတစ်ဝက်နှင့် အဝါတစ်ဝက်ဖြစ်နေသော ဂြိုလ်တစ်လုံးဖြစ်လေသည်။

ဟေး၊ သူကဘာတုန်း၊ ပြီးတော့ သူကအခု ဘယ်နေရာကို ဆိုက်တော့မှာတုန်း?

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Onde histórias criam vida. Descubra agora