Chapter 5

3.8K 466 8
                                    

အပိုငျး 5

မာရှယ်သည် အမြဲလိုလို ခန့်မှန်းရခက်သည့်သူဖြစ်သော်လည်း အများစုက အလုပ်ကြောင့်သာ ဖြစ်လေသည်။

နေ့စဉ်ဘဝမှာဆိုရင် မာရှယ်ထံ တာဝန်ထမ်းဆောင်ရသည်မှာ လွယ်ကူလေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် ဘဝနှင့်ပတ်သက်ပြီး အသေးစိတ်ကျကျရှိတတ်သည့် အကျင့်ကြောင့်ပင်။

နေ့တိုင်း ဘယ်လိုအဝတ်ကိုဝတ်မယ်၊ ဘယ်အချိန်မှာ စားမယ်၊ ဘာစားမယ်နှင့် အဝတ်တွေကို ဘယ်လိုလျှော်ဖွပ်မယ်အထိ အကျင့်တွေက နှစ်များစွာကြာသည့်တိုင် မပြောင်းလဲသေးပေ။ ထို့ကြောင့်လည်း မာရှယ်ထိုအရာများနှင့်ပတ်သက်ပြီး ဒေါသကထွက်ခဲလေသည်။

သို့သော် အခုတလော ယန့်ကျီဟန်၏ အကြိုက်တွေက ပြောင်းလဲလာလေသည်။

သူစားနေကျ အစားအစာတွေ ဖြစ်နေပါစေဦးတော့ အခုတော့ လွှတ်ပစ်လာတတ်သည်။ အရင်က မာရှယ် သတိမပြုပဲထားသည့် အသေးစိတ်အချက်အလက်များပါ ဥပမာ ဆပ်ပြာရည်လိုမျိုးကိုပါ ဂျီးများလာကာ နောက်တစ်ခုနှင့် အစားထိုးခိုင်း လာသည်အထိပင်။
တစ်ခါတစ်လေ တံခါးဖွင့်ထားလျက်တောင်မှ မာရှယ်၏ အသားအရောင်က ချက်ချင်းကို ပြောင်းသွားတတ်သေးသည်။

အာကာသယာဉ်ထဲက လေများသည် သန့်စင်သည့်စက်ကနေ အကြိမ်ကြိမ်သန့်စင်ပြီးသား ဖြစ်လေသည်။ ယန့်ကျီဟန်သည်လည်း ဂြိုလ်တစ်ခုပေါ်တွင် နေရသည်ကို မကြိုက်သူဖြစ်ပြီး ယာဉ်ပေါ်တွင်နှစ်အကြာကြီး နေတတ်သူဖြစ်လေသည်။ ထို့ကြောင့် အခုထိကို သုံးလာသည့် လေလှည့်ပတ်သည့်လမ်းကြောင်းသည် ပြဿနာဟူ၍ မရှိခဲ့ဖူးပေ။

အခုတော့ မာရှယ်ကြည့်ရတာ ဘာ့ကြောင့်မှန်းမသိ ရုတ်တရက်တစ်ခုခုကို စိတ်တိုင်းမကျသည့်ပုံ ဖြစ်နေတတ်လေသည်။

တပ်မှူးသူ့ကိုတားကာ မေးလိုက်ရာ ရှင်းပြလာလေသည်။
"မာရှယ်က ကျွန်တော်တို့ လေကြောင်းသန့်စင်တဲ့စနစ်က သေချာမသန့်စင်လို့ ထူးဆန်းတဲ့ အနံ့တစ်မျိုးကိုပဲ ရနေတယ်လို့ပြောလာတာ။ ဒါပေမယ့် ဒါက ဈေးကွက်ထဲမှာ ခေတ်အမှီဆုံး နည်းပညာကို သုံးထားတာလေ…..တစ်ကယ်ပြောတာပါ။ ဒါကို တိုးတက်အောင်လုပ်ဖို့ နည်းဆိုတာရှိမယ် မထင်တော့ပါဘူး။”

အာကာသယာဉ်ထဲက လေထဲမှာ ထူးဆန်းတဲ့အနံ့ရနေတယ်?
တပ်မှူး နည်းနည်းထူးဆန်းလာသလို ခံစားလိုက်ရသည်။ ဘယ့်နှယ့် သူတောင်ဘာမှ မနံနေတာကို။

သူတစ်ဖက်လူကို နှစ်သိမ့်လိုက်ကာ၊ မာရှယ့်အခန်းတံခါးကို ခေါက်ပြီး သတိကြီးကြီးထားကာ မေးကြည့်လိုက်လေသည်။

“မာရှယ်။ ကျွန်တော်တို့ ဒီအာကာသယာဉ်နဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတာများ ရှိလို့လားမသိဘူး?”

ယန့်ကျီဟန်ခေါင်းကိုမော့လာကာ သူ့ကိုကြည့်လိုက်လေသည်။ ခဏအကြာမှာတော့ မျက်မှောင်ကျုံ့လိုက်ကာ ပြောလာသည်။ “ငါသူ့အနံ့ကို ရနေလို့။”

တပ်မှူး မာရှယ်ဘယ်သူ့ကို ပြောနေမှန်းမသိလိုက်သဖြင့် ခဏတာ ကြောင်သွားလေသည်။

“အဲ့ဒီ ဇက်ကောင်လေးလား?” မာရှယ်သာ ထုတ်မပြောလာလျှင် သူ ထိုလူရှိနေတာ မေ့တောင်သွားလောက်ပြီဖြစ်သည်။

“အင်း။”
ယန့်ကျီဟန် မျက်မှောင်ကျုံ့လိုက်ကာ
"အချိန်တိုင်းလိုလို ကျုပ် သူ့အနံ့ကိုပဲ ရနေတာ။ အဲ့အနံ့က ကျုပ်ကို ခေါင်းကိုက်စေတယ်။”

မာရှယ်ပြောသည့်စကားကို ကြားပြီးသည့်နောက်မှာတော့ တပ်မှူးပိုပြီး အံ့အားသင့်သွားလေတော့သည်။ မာရှယ်ဆိုတာက စစ်ပွဲမှာရလာသည့် ကိုယ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုပင် မညီးညူတတ်သည့်သူ ဖြစ်လေသည်။
"ဒါဆို ဆရာဝန်နဲ့ တစ်ချက်လောက်ပြကြည့်မလားဗျ?”

ယန့်ကျီဟန်သူ့လက်ကို ဝှေ့လိုက်ကာ စိတ်မရှည်သလို ပြောလာလေသည်။
"မလိုဘူး။”

အဘယ့်ကြောင့်ဆိုသော် ယန့်ကျီဟန်ကိုယ်တိုင်လည်း အတိုင်းအတာတစ်ခုအထိ ကိုယ့်ကိုယ်ကို ညာထားခဲ့သည်။ တစ်ကယ်တော့ ခေါင်းကိုက်ခြင်းက သူ့ခံစားချက်တွေကို ဖော်ပြဖို့တိကျသည့် အရာတစ်ခုမဟုတ်သေးချေ။

ဒါကဘာနဲ့တူသလဲဆို ဝိတ်ချနေသည့် လူတစ်ယောက်က အစားအစာတွေ၏ အနံ့ကိုရလိုက်သည်နှင့် စိတ်ရှုပ်လာသကဲ့သို့ပင်။ အခုက ပိုဆိုးပေမဲ့ ဖျားနာနေသည်မျိုးလည်း ဟုတ်မနေပေ။

တပ်မှူးလည်း မာရှယ်မျက်နှာအမူအရာကို ကြည့်လိုက်ကာ စကားပြောဖို့ တွန့်ဆုတ်သွားတော့သည်။

သူတစ်ကယ်ကိုနားမလည်ဘူး။ တစ်ကယ်လို့ အဲ့ပိုးကောင်က မာရှယ့်ကို ဒီလောက်အထိ စိတ်ဆင်းရဲအောင်လုပ်နေတယ်ဆိုရင် ဘာလို့ သူ့ကို သတ်မပစ်တာတုန်း….ဒါမှမဟုတ် သူကို အဆင့်နိမ့်ဂြိုလ်တစ်ခုပေါ် ပစ်ထားလိုက်တာဖြစ်ဖြစ်ပေါ့။

မာရှယ်သည် သည်းခံတတ်သည့် သူမဟုတ်သဖြင့် ပို၍ထူးဆန်းလာလေတော့သည်။

သူမာရှယ့်ကို နောက်တစ်ကြိန်သတိထားကြည့်လိုက်ပြီး ထပ်တွေးမိလိုက်သည်။ အဲ့ည….တစ်ခုခုတော့ ဖြစ်ကိုဖြစ်ခဲ့တာပဲနေမယ်။

မာရှယ် လွှမ်းမိုးခံလိုက်ရတာလား?

ပုံမှန်အားဖြင့် မတူကွဲပြားသည့်မျိုးနွယ်တွေကြား ရည်းစားထားတတ်ကြသည့် ဗီဇမျိုးက နှစ်ဖက်လုံးကမျိုးရိုးဗီဇကို ထိခိုက်နိုင်လေသည်။

နဂါးတွေဆိုရင် သူတို့မိတ်ဖက်အပေါ် ပိုင်ဆိုင်လိုစိတ်ပြင်းပြကာ သူ့တို့အဖော်တွေကိုဆိုလျှင် သူတို့ကိုယ်ပိုင်ဂူတွေထဲ ဘယ်သူမှမမြင်ရအောင် ပိတ်ထားတတ်သည်အထိပင်။ သို့သော် မိတ်လိုက်သည့်ကာလအတွင်းသာ ဖြစ်လေ့ရှိတတ်လေသည်။
နဂါးမျိုးနွယ်၏ ရှည်ကြာသည့် သက်တမ်းကြောင့် သူတို့တွင်မိတ်လိုက်သည့် ကာလသည်၇နှစ်ကြာတစ်ခါသာ ဖြစ်လေ့ရှိလေသည်။ ထိုမိတ်လိုက်ကာလ ပြီးသွားသည်နှင့် နှစ်ဦးနှစ်ဖက်ကြားတွင် မည်သည့်အထူးဆက်နွယ်မှုမျိုးမှ မရှိကြတော့ပေ။

သို့သော် သူကြားဖူးသလောက်ကတော့ ဇက်တွေက ကွဲပြားကြသည်ဆိုတာပင်။ တစ်ခုရှိတာက သူသေချာတော့ သိမနေပေ။

မာရှယ်သည် ထိုကဲ့သို့သော် အရာများကို စိတ်ဝင်စားလေ့မရှိသည့်အပြင် တစ်ခါမှလည်း အဖော်ရှာနေသည်မျိုးကို မတွေ့ဖူးပေ။

အခုအချိန်မှာတော့ သူကြားထားသည့် ထိုဇက်မျိူးနွယ်မျိုးစပ်တွေက ဖယ်ရိုမုန်းကို စွဲလမ်းတတ်သည့်အကြောင်းကို ပြန်မတွေးပဲ မနေနိုင်တော့ပေ။

သူဟာသူတွေးလိုက်မိသည်မှာ မာရှယ်ဖယ်ရိုမုန်းအနည်းငယ် ဝယ်ကြည့်ပြီး ကြိုးစားကြည့်သင့်ကြောင်းပင်။ ဒါမှမဟုတ် အဲ့ဒီပိုးကောင်ကိုပဲ ကစားဖို့သိမ်းထားမယ်ဆိုလည်း ရတာပဲလေ။ သို့သော် သူတွေးထားသမျှကိုတော့ ထုတ်မပြောရဲလိုက်ပေ။

မာရှယ်က ဇက်တွေနှင့် ပတ်သက်သမျှကို မုန်းသည်လေ။
သူ့မှာရွေးချယ်စရာမရှိပေမဲ့ အကြံပေးကြည့်လိုက်သည်။
“မာရှယ်၊ ကျွန်တော်တို့ ကိုယ်ပိုင်နေရာတစ်ခုရှိတဲ့ ဂိတ်မှာခဏလောက် ရပ်မှာမလို့ အောက်ဆင်းပြီး နားလိုက်ပါလား။”

ယန့်ကျီဟန် စိတ်မပါတစ်ပါနှင့် ခေါင်းငြိမ့်လိုက်ကာ သူ့ကိုပြန်လွှတ်လိုက်လေသည်။

ယန့်ကျီဟန် သူ့လက်ကတာမီနယ်ကို မသိလိုက်ပဲကြည့်နေလိုက်ကာ ကုသရေးအခန်းက ပို့လိုက်သည့် စာအသစ်ကို ဖွင့်ကြည့်လိုက်လေသည်။

ကုသရေးအခန်းက သူ့ကို ထိုပိုးကောင်အကြောင်း နေ့လည်ရောက်တိုင်း နေ့တိုင်းစာပို့ကာတင်ပြလေ့ရှိလေသည်။ ယန့်ကျီဟန် ဒါကစိတ်ရှုပ်ဖို့ကောင်းမှန်း သိသော်လည်း နေ့တိုင်းတစ်ချက်လောက်တော့ ကြည့်တတ်သေးသည်။

အချိန်တိုင်း သူသေချာကြည့်လေသည်။

ထိုတီကောင်၏ ကိုယ်ကအလွန်ဆိုးရွားကာ ပြန်လည်ထူထောင်ရေးကို အကြာကြီးလုပ်ပြီးတာတောင်မှ မတိုးတက်လာသေးပေ။ သူပုံမှန်အတိုင်း စားသောက်နေနိုင်ဖို့ ဘယ်လိုအောင်မြင်တိုးတက်လာဖို့တွေ လိုနေတာပါလိမ့်? ဟာသပဲ။

ဒါက အသက်ရှင်သန်နေဖို့ကလွဲရင်တော့ ဘာမှမဟုတ်ပေ။

အသက်ရှင်ရမယ် ပြီးရင် ထပ်အသက်ရှင်ရမယ်။

ယန့်ကျီဟန် စောင့်ကြည့်ရေးပုံလေးကို နှိပ်လိုက်သည်နှင့် ဆေးရုံကုတင်ပေါ်မှာ နာခံစွာထိုင်နေသည့် တီကောင်လေး၏ ပုံရိပ်က စခရင်ပေါ်တွင် ပေါ်လာတော့သည်။ သူ့လက်ထဲကိုင်ထားသည်မှာ ဘယ်လိုအဆာပြေစားစရာဖြစ်နေလဲ မသိပေမဲ့ သူသေးသေးလေး ကိုက်ကြည့်လိုက်မိသည်။

ထိုအရာက သေးငယ်လှကာ တစ်ကိုက်တည်းနှင့် ကုန်အောင်စားလိုက်ဖို့ အချိန်မည်မျှမှ မယူလိုက်ရပေ။

ယန့်ကျီဟန် တစ်ချက်ကြည့်လိုက်ကာ ကြားခံနယ်ကို မျက်မှောင်ကျုံ့ကာ ပိတ်ချလိုက်လေသည်။

ရှင်းမပြတတ်အောင်ကို ဘယ်တုန်းကတည်းက သူထိုအရာကို နေ့တိုင်းကြည့်တတ်လာတဲ့ အကျင့်က ရလာတာတုန်း?

နောက်တစ်နေ့တွင် အာကာသယာဉ်က အာကာသဂိတ်တွင် အောင်မြင်စွာ ဆင်းလေသည်။

အာကာသယာဉ်ပေါ်တွင် ရုပ်မြင်ဖျော်ဖြေရေးအဆောက်အဦးများ ပါကာ ထို့ကြောင့်လည်း အာကာသနေရာထဲတွင် ဘားများ၊ ကာစီနိုများနှင့် ဖော်ချွတ်ကသည့်သူများအထိပင် ရှိလေသည်။

လူတိုင်းလိုလိုက သူတို့၏သက်ဆိုင်ရာ ယာဉ်တွေပေါ်ကနေ ဆင်းလာကြကာ အများစုက ဧည့်သည်တွေနှင့်တွေ့ရန်ဖြစ်ကာ တစ်ချို့ကတော့ အချစ်ဇာတ်လမ်းလေးတွေ ဖန်တီးဖို့ ဖြစ်ကြလေသည်။

တပ်မှူးက သူ့ကိုခဏခဏဖိတ်နေသဖြင့် ယန့်ကျီဟန်လည်း အောက်သို့ခဏ လမ်းလျှောက်ဖို့ဆင်းလာလေသည်။

အာကာသယာဉ် ရပ်နားသည့် ဂိတ်ကမတူညီသည့် မျိုးစိတ်ပေါင်းစုံထံမှ အနံ့ပေါင်းစုံနှင့် ပြည့်လျက်ရှိသော်ကြောင့် မကြာခင် ထိုပိုးကောင်၏ အနံ့ကိုမရတော့ပေ။

သို့သော်လည်း ထိုအချက်က ယန့်ကျီဟန်၏ စိတ်ညစ်နေသည့် ခံစားချက်ကိုတော့ မလျှော့ချနိုင်သေးပေ။ သူပြောရလျှင် ပိုပြီးစိတ်ရှုပ်အောင် လုပ်နေသေးသည်။
သူတော်ရုံ အာရုံစိုက်လေ့မရှိသော ဘေးနားက ဇက်မျိုးနွယ်တွေကို အာရုံစိုက်ကြည့်လိုက်ရာ အခုတော့ သူ သေချာ သဘောပေါက်လာလေတော့သည်။

ထိုရွှေရောင်မျက်လုံးတွေက သူ့ကိုတော်တော်လေး မပျော်မရွှင်ဖြစ်အောင် လုပ်နိုင်ကာ အာရုံကြောတွေထဲအထိ ပူပင်သောကပါ ရေးတေးတေးနှင့် ရောက်လာတော့သည်။

သူသည် ဤလူတွေနှင့် ရှုပ်နေသည့်မြို့ကြီးထဲမှာ လက်ထဲရတနာကို ပိုက်ကာလမ်းလျှောက်နေသည့်သူအလား သူ့ပတ်ပတ်လည်က အရာတိုင်းက သူ့ကိုနိုးနိုးကြားကြား ဖြစ်နေစေသည်။

ယန့်ကျီဟန်နှင့် တပ်မှူးလည်း အဆင့်မြင့်မြင့်ဘားတစ်ခုထဲ အတူတူဝင်ကြပြီး စားပွဲထိုးမှ ဦးညွတ်ကြိုဆိုလိုက်လေသည်။ လူအနည်းငယ်သာ ဤနေရာတွင်ရှိနေကြပြီး ပတ်ဝန်းကျင်ကလည်း ကောင်းပေသည်။

သို့သော်လည်း ယန့်ကျီဟန် အခန်းငယ်လေး တစ်ခုကို လျှောက်လမ်းကနေ ဖြတ်သွားရင်း သူ့ကိုစိတ်ပျက်သွားစေသည့် အနံ့ကို ထပ်ရလိုက်လေတော့သည်။

ထိုအချိန်မှာပဲ အခန်းငယ်လေးရဲ့ တံခါးက တိုက်တိုက်ဆိုင်ဆိုင် ပွင့်လာလေတော့သည်။
အဝတ်အစားတွေ ဖရိုဖရဲနှင့် လူတွေအတွဲလိုက်ရှိနေကြကာ တစ်ဝက်လောက်က ချောမောသည့် လူငယ်လေးတွေသာ ဖြစ်ကြလေသည်။ သူတို့လုပ်နေကြသည့်အရာမှာ ကြည့်လို့ပင် အဆင်မပြေပေ။

တံခါးကပွင့်သွားသည်နှင့် စူးရှကာရွံစရာ အနံ့က အရက်နံ့နှင့်ရောပြီး ယန့်ကျီဟန်မျက်နှာကို ရစ်သီလာလေတော့သည်။ သူ့အစာအိမ်က ပျို့တက်လာကာ မျက်နှာကပါ ဖြူဖျော့လာပေသည်။

အခန်းအပြင်ထွက်လာသည့်လူက အရပ်ရှည်ကာ ဆံပင်အနီရောင် မျက်လုံးရွှေရောင်နှင့် ဇက်မျိုးစပ်တစ်ယောက်ဖြစ်လေသည်။

သူယိုင်နေကာ နံရံ၏အကူအညီဖြင့် ထွက်လာပြီး တစ်ကိုယ်လုံးတွင် ထိုအနံ့များသာရှိနေလေသည်။

ဆံနီမျိုးစပ်လူက သူ့ခေါင်းကိုမူးမူးနှင့် ယန့်ကျီဟန်ကို မော့ကြည့်လိုက်သော်လည်း သူဘယ်သူမှန်း သတိထားမိဟန်မပေါ်ပေ။

ယန့်ကျီဟန် သူ့နှာခေါင်းကို ကာထားသည်ကို မြင်လိုက်သည့်အခါမှာတော့ လက်ထဲကနေ ပုလင်းသေးသေးလေးတစ်ပုလင်းကို သေချာထုတ်လိုက်ပြီး ပြုံးကာသူကို ညွှန်းလာလေသည်။
"နည်းနည်းလောက် ယူမလား?”

သူပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် ယန့်ကျီဟန် ချက်ချင်းပင် ပျို့တက်လာတော့သည်။

ဆံနီမျိုးနွယ်စပ်လူက အလွန်အံ့အားသင့်သွားလေတော့သည်။ “မင်း မကြိုက်ဘူးလား?”

တပ်မှူး မျက်နှာအမူအရာပါ ပြောင်းလဲသွားကာ ထိုလူကို ဆွဲကာကြမ်းပြင်ပေါ်သို့ ဖိထားလိုက်သည်၊ “မင်းလက်ထဲက ဘာလဲ?”

တစ်ဖက်လူက လန့်သွားပြီး နောက်မှသူတစ်ကယ့် အကောင်ကြီးတစ်ကောင်ကောင်နှင့် တိုးသွားမှန်းသဘောပေါက်သွားလေတော့သည်။
“ဒါ ဒါက ဇက်ဖယ်ရိုမုန်းပါ!”

သူမတရားသလို ခံစားလာရလေသည်။ သူကလည်း တစ်ဖက်လူက ဇက်မျိုးစပ်လို့ ထင်လိုက်လေရာ ဒီဇက်တွေထဲမှာ ဖယ်ရိုမုန်းမကြိုက်တဲ့ သူဆိုတာရှိမှမရှိတာလေ။ ထို့ကြောင့်ပင် သူလည်း ဒီလောက်ပုလင်းသေးသေးလေးစာ ရအောင်လုပ်ခဲ့ခြင်းပင်။ သူပထမဆုံး ထိုအနံ့ကို ရဖူးတုန်းကဆို ချက်ချင်းကို ဆွဲဆောင်ခံလိုက်ရသည်အထိ ဖြစ်ခဲ့သည်လေ။

ယန့်ကျီဟန် ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေက ထိုအနံ့ကို အော်ဟစ်ကာ ငြင်းဆန်နေကြလုနီးပါးပင်။
အဲ့ဒီ ဖယ်ရိုမုန်းဆိုတာက ဘာတုန်း။ ပြီးတော့ အဲ့ဒီပိုးကောင်က အခုလို အရသာမျိုးမဟုတ်ပေ။
တပ်မှူးက ပို၍ပင် အံ့ဩသွားလေတော့သည်။ သူမျှော်လင့်ထားတာက မာရှယ်မနေ့က ရခဲ့သည့် ဖယ်ရိုမုန်းကို ပြန်စမ်းကြည့်စေချင်တာဖြစ်၏။

နောက်ဆုံးမှာတော့ ယခုထုတ်လုပ်ထားသည့် ဇယ်ရိုမုန်းတွေအားလုံးတွင် အရသာက အကုန်လုံးတူကြကာ မာရှယ်ထိုပိုးကောင်ကို မုန်းဦးတော့ သူ့ဟာသူ ဤဖယ်ရိုမုန်းအား သုံးနိုင်သည်လေ။

အဆုံးသတ်တွင် မာရှယ်ချက်ချင်း အန်လေတော့သည်….ကံကောင်းလို့ သူ ထိုအကြောင်းကို ထပ်မပြောတော့ပေ!

တပ်မှူးတစ်ဖက်လူကို ကြောက်ကြောက်နှင့် ကန်ထုတ်လိုက်ပြီး ချက်ချင်းဒူးထောက်လိုက်ကာ
"မာရှယ်၊ ဒီလက်အောက်ငယ်သားက အရည်အသွေး ညံ့ဖျင်းလှပါတယ်၊ မာရှယ့်ကို ပျော်အောင်လုပ်မပေးနိုင်ခဲ့ပါဘူး။ သူ့ကို ရှင်းလိုက်ကြရအောင်။”

ဤဂြိုလ်သားနယ်ပယ်က သူအတော်များများသည် တရားမဝင်နေထိုင်နေကြသည့် အရူးတွေဖြစ်ကြသော်ကြောင့် ထိုစကားက ဘာကိုပြောလိုက်မှန်း သိလေသည်။ ထိုလူက လန့်ပြီး အသားအရေတွေ ဖြူဖျော့လာကာ အလျင်အမြန် အသနားခံလိုက်လေတော့သည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ သက်ညှာပေးပါ၊ သက်ညှာပေးပါ။”

ယန့်ကျီဟန် ဤနေရာက ရွံစရာလေထုကြောင့် ကြာကြာပင်မနေချင်တော့ပဲ နေရာတစ်ခုလုံးကို ဖောက်ခွဲပစ်ချင်လာတော့သည်။ အနောက်တစ်ချက်လှည့်ကာ ယာဉ်ရပ်နားထားသည့် နေရာက သူ့ယာဉ်ပေါ်သို့ တည့်တည့်ပြန်ထွက်သွားလေတော့သည်။

ဝင်ဝင်ချင်း ယန့်ကျီဟန် ရင်းနှီးနေသည့် ချိုမြိန်သည့် အနံ့ကို ခံကြည့်လိုက်လေသည်။

သို့သော် အနံ့က အလွန်အားနည်းကာ ဟိုနေရာလိုလို ဒီနေရာလိုလိုဖြစ်နေလေရာ ပြောရလျှင် အလွန်ကို စိတ်ရှုပ်စရာကောင်းပေသည်။

ယန့်ကျီဟန် သူ့ခေါင်းကိုက်နေရသည့် တရားခံမှာ လေထဲက ထိုပိုးကောင်၏ အနံ့ကြောင့်မဟုတ်ပဲ ထိုအနံ့က မပြင်းနေသောကြောင့်သာဖြစ်မှန်း အကူအညီမဲ့မဲ့နှင့် လက်ခံလိုက်ရတော့သည်။

ထိုအနံ့က နေရာတွင် တစ်စက္ကန့်လောက်က ရှိနေသော်လည်း နောက်ထပ်၃စက္ကန့် အကြာတွင် မရှိပြန်တော့ပေ။

ယန့်ကျီဟန် မျက်နှာက မဲနက်လာတော့သည်။

သူ့အခန်းထဲသို့ ပြန်ဝင်လာကာ အမြင်အာရုံဦးနှောက်လေးကို ဖွင့်လိုက်ပြီး ဆေးပေးခန်း၏ စောင့်ကြည့်ကင်မရာကို နှိပ်လိုက်လေသည်။
သေချာပြင်ဆင်ထားသည် အခန်းကပေါ်လာကာ ပုံထဲက ကုတင်ကတော့ ဗလာဖြစ်နေလေသည်။

ပိုးကောင် အဲ့နေရာမှာ ရှိမနေပေ။

သူဘယ်မှာလဲ? ဘယ်သူနဲ့ရှိနေတာလဲ? ဘာတွေလုပ်နေတာလဲ?

ပူပင်သောကတွေက ယန့်ကျီဟန် ခေါင်းနောက်ကို ရုတ်တရက်ဖိနှိပ်လာကြကာ သူရဲ့ရှိရှိသမျှ မျိုးရိုးဗီဇတွေကပါ ဆူပွက်လာသလိုပင်။ သူ သူအဖြေကို အခုချက်ချင်းသိဖို့ လိုနေလေပြီ။

ငါ့လူဘယ်မှာလဲ!



ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now