Chapter 4

4.1K 463 1
                                    

အပိုင်း ၄ - Treat Him

တစ်ဖက်မှာတော့ လင်းယွိတစ်ယောက် အသက်ရှူကျပ်လာကာ မျက်လုံးတွေကပါ အနက်ရောင်တွေပြောင်းလာပြီး နာကျင်မှုကြောင့် မတ်တပ်ပင်မရပ်နိုင်တော့ပဲ ကြမ်းပြင်ပေါ် လဲကျသွားလေတော့သည်။

လည်ပင်းကို လက်တွေနှင့်ဖိလိုက်ကာ အန်ပစ်ရန်ကြိုးစားကြည့်သော်လည်း မရသဖြင့် တစ်ကိုယ်လုံး ချွေးတွေနစ်နေလေတော့သည်။

လင်းယွိ အခုဖြစ်နေသည့် အခြေအနေက အစာအဆိပ်ခပ်ခံရခြင်း မဖြစ်နိုင်မှန်းသိသော်လည်း သူအစားအသောက်တွေကို စမြင်လိုက်ကတည်းကသာ ချက်ချင်းဖယ်ပစ်လိုက်မည်ဆိုလျှင် အခု သူ့ဗိုက်အခြေအနေက လုပ်ယူထားသည့်ပုံ ပေါက်နေနိုင်လေသည်။

ကြည့်ရတာ သူ့ကို အသက်မရှင်စေချင်သည့်ပုံပင်။

သူကဘာလို့ အဲ့လောက်တောင် ကံမကောင်းနေတာပါလိမ့်။
တွေးလေလေ ပိုအဆင်မပြေဖြစ်လာလေရာ သူအလွန်အမင်း စိတ်ထိခိုက်လာလေတော့သည်။ သူ့လက်တွေနှင့်သာ ဗိုက်ကိုကိုင်ထားနိုင်ပြီး ပိန်သွယ်သောကိုယ်လေးကပါ တစ်ဖြည်းဖြည်းကျုံ့လာလေသည်။
သူ့ခါးတစ်ဝိုက်နှင့် ဗိုက်နားက နက်ပြာရောင်အညိုအမည်းတွေက သူ့အသားအရောင်ကြောင့် ပို၍ပင် ထင်ရှားလာကာ သူကအကြမ်းဖက်ခံထားရသည့်ပုံ ပေါက်နေလေတော့သည်။

ထိုအချိန်တွင် လင်းယွိခေါင်းထက်က အလင်းရောင်က လင်းလာကာ ကြိုတင်ခန့်မှန်းချက်မျက်နှာပြင်က ပွင့်လာ၍ တစ်ဖက်ကနေ ဆရာဝန်တစ်ယောက်၏ ပုံစံရောင်ပြန်လာပြီးနောက် ထိုပုံရိပ်က တဖြည်းဖြည်းနှင့် ပုံပေါ်လာတော့သည်။

သူနေ,နေရသည့် နေရာမှာထောင်ဖြစ်သောကြောင့် ဖြစ်မည်ထင်၊ တစ်ဖက်က ဆရာဝန်ကြည့်ရတာ အနည်းငယ်တွန့်ဆုတ်နေဟန်ရှိပြီး မကြာခင်ပရိုဂရမ်စကာ သော့ပြန်ပိတ်ခံလိုက်ရပြီးနောက် သိလိုက်ရသည်မှာ ဤနေရာတွင် လင်းယွိတစ်ယောက်တည်းသာ လူနာဖြစ်နေခြင်းပင်။

လင်းယွိ မော့ကြည့်လိုက်တော့ သူ့ရှေ့မှာရုတ်တရက်ပေါ်လာသည့် သူက မျက်လုံးကနေ အလင်းရောင်ကို ထုတ်လွှင့်နေသည်ကို တွေ့လိုက်ရတော့သည်။

လင်းယွိ: “….အာ"

စက်ရုပ်ကြီးလား။

သို့သော် ထိုအကြောင်းကိုလည်း စာအုပ်ထဲတွင် ဖော်ပြထားသလိုလိုပင်။ ယခုခေတ်ကြီးတွင် ဆေးပညာက အလွန်အမင်း တိုးတက်လာသဖြင့် ဆေးဘက်ဆိုင်ရာလိုအပ်ချက် အများစုသည် အဆိုပါ လူလုပ်နည်းပညာများနှင့် ကိုက်ညီမှုရှိလာကြရာ ထိုစက်ရုပ်ကိုဆိုလျှင် လင်းယွိပင် သတိမထားမိအောင် အဆင့်မြင့်နေလေတော့သည်။

ဒါပေါ့ အခုထိ ဒီကမ္ဘာကြီးမှာလည်း ဆေးပညာသင်ယူနေကြသည့်သူတွေ ရှိနေကြတုန်းပင်။ သို့သော် ထိုလူတွေက မကုသနိုင်လောက်သေးသည့် ရောဂါများနှင့် ၎င်းတို့ကို တိုက်ထုတ်ဖို့ လူလုပ်နည်းပညာများကို တိုးတက်အောင်လုပ်သည့် နေရာများအတွက်သာ လုပ်ကိုင်လျက်ရှိကြကာ စစ်သင်္ဘောပေါ်တွင်လည်း ရောက်နေဖို့ အကြောင်းဆိုတာ ရှိမနေပေ။

နည်းပညာမြင့်တာ တော်တော်ကောင်းတာပဲ။ လင်းယွိ မသိလိုက်ဘာသာ သက်ပြင်းချလိုက်ပြီးနောက် ချက်ချင်း သူသေရတော့မည်ကိုလည်း သိလိုက်တော့သည်။

လင်းယွိအခြေအနေကို အသက်အန္တရာယ်ရှိကာ အရေးကြီးသည်ဟု ဆုံးဖြတ်လိုက်ကြပြီး ဆေးပေးခန်းထဲသို့ ထမ်းစင်နှင့် ဆရာဝန်တွေက သယ်သွားကြလေတော့သည်။
ဆေးပေးခန်းထဲတွင် ပထမတွေ့လိုက်သည့် ဆရာဝန်နှင့် တူသည့်သူများရှိကြပြီး လူလုပ်နည်းပညာ၏ အဆင့်တွေကို ခွဲခြားနိုင်ရန် မတူညီသည့် ယူနီဖောင်းများကို ဝတ်ထားကြလေ၏။

လင်းယွိကို ခေါ်ဆောင်လာသည့် ဆရာဝန်သည် အမြင့်ဆုံးအဆင့်ရှိ ယူနီဖောင်းကို ဝတ်ထားကာ သူသည် မာရှယ်တစ်ဦးတည်းကသာလျှင်‌ ခေါ်နိုင်သည့်သူဖြစ်လေသည်။ သူကလူနာကို ထမ်းစင်နှင့်သယ်လာရင်း အရေးပေါ်အကူအညီပေးရန်လိုကြောင်း အချက်ပြထားခဲ့လေသည်။

ထို့ကြောင့် လင်းယွိအခန်းထဲ ရောက်သွားသည်နှင့် အကောင်းဆုံးဆေးဘက်ဆိုင်ရာသုံး ပစ္စည်းတွေက အသင့်ရှိနေကာ တခြားလူနာတွေကပါ အခန်းထဲရှင်းသွားအောင် အပြင်သို့ယာယီထွက်ပေးနေကြပြီး အခန်းတံခါးနားတွင်လည်း စီနီယာဆရာဝန်ကြီးတွေကပါ အတန်းလိုက်ရပ်စောင့်နေကြတော့သည်။

ဆေးပေးခန်းတစ်ခုလုံးက အခုဆို အသင့်ပြင် အနေအထားအဆင့်၁တွင် သတိရှိရှိစောင့်နေကြလေ၏။

လင်းယွိမော့ကြည့်လိုက်သည်နှင့်‌ တွေ့လိုက်ရသည်မှာ ရုပ်ဆင်တူလူတွေက သူ့ဆီ စီစီရီရီနှင့် ပြေးလာကြကာ စွမ်းအားမြင့်ဆေးဘက်ဆိုင်ရာသုံး စက်ပစ္စည်းတွေကို တစ်သမတ်တည်းရှိနေသည့် အပြုအမူတွေနှင့် လာချိတ်ပေးကြကာ သူ့ကိုလှုပ်မရသည့် အနေအထားရောက်အောင် ပတ်ပတ်လည်က ဝန်းရံထားကြလေတော့သည်။

လင်းယွိ: “……?”

သူကို ဝိုင်းသတ်ဖို့လုပ်နေကြတာလားဟင်?

တံခါးဝနားက သူနာပြုက ထမ်းစင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရာ အံ့ဩသည့်ပုံပေါက်သွားတော့သည်။

ထိုသူနာပြု တစ်ယောက်တည်းကသာ ဤဆေးပေးခန်းတွင် တစ်ဦးတည်းသောလူဖြစ်ကာ သူမတာဝန်က လူနာများနှင့် ဆက်ဆံပြောဆိုရခြင်းနှင့် လူလုပ်ဆရာဝန်တွေအားလုံး တာဝန်တွေကို သေချာလုပ်မလုပ် စောင့်ကြည့်ရခြင်း ဖြစ်ပေသည်။

ဤဆေးပေးခန်းဟူသည် စဖွင့်ကတည်းကကို အခုလိုအကုန်လုံး အသင့်အနေအထားရောက်နေသည့် အခါမျိုးအထိ မရောက်ဖူးသေးသည့်အပြင် အခုရောက်လာသည့် လူကလည်း မာရှယ်ဟုတ်မနေပေ။ အဲ့အချိန်မှာတော့ သူမဆရာဝန်တွေနှင့် ပတ်သက်ပြီး တစ်ခုခုမှားနေသည်ထင်လာပြီး သွားရပ်ရန်လုပ်လိုက်တော့သည်။

“နေဦး! ဘယ်သူ ဆရာ့ကိုနိုးလိုက်တာလဲ?” ဆရာဝန်ကရပ်လိုက်ကာ သေချာရှင်းပြလာလေသည်။ “ကျွန်တော့ကို မာရှယ်ကိုယ်တိုင် ဆင့်ခေါ်လိုက်တာပါ ပြီး‌တော့ ဒီလူနာက ကြိုချိန်းထားတဲ့ လူနာပါ။”
မာရှယ်အမိန့်မှန်း သိလိုက်ရသည့်အခါမှာတော့ သူနာပြုလည်း ချက်ချင်းတံခါးကို ပိတ်ကာ ထွက်သွားလေတော့သည်။ ပါးစပ်၊ ထွက်သွားလိုက်စမ်း။

ဒဏ်ရာအသေးစားရထားသည့် လူနာတွေကလည်း သူနာပြုနှင့်အတူ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့သည်။

နေပါဦး အဲ့တစ်ယောက်က ဘယ်သူကြီးတုန်း?

အာကာသယာဉ်ပေါ်က စစ်သားအများစုသည် သူတို့မာရှယ်ဘယ်ထွက်သွားလဲ ဒါမှမဟုတ် ညတွင်းချင်း ပျောက်သွားကြလားဆိုတာမျိုးကို မသိကြပေ။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့သော အရာမျိုးမှာ လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်ထဲတွင် ပါသောကြောင့်ပင်။

တစ်ကယ်လို့ တစ်ယောက်ယောက်သာ ဒီနေ့ ကုသရေးထဲတွင် ပါခဲ့သည်ဆိုဦးတော့ သူတို့နောက်ကွယ်တွင် မာရှယ့်အကြောင်းကို အတင်းပြန်ပြောရဲကြမည် မဟုတ်ပေ။
တစ်ချို့သော အခြေအနေတွေကြောင့် မာရှယ်က မသိသည်ဆိုလျှင်တောင် ယန့်ကျီဟန်၏ စစ်တပ်ထဲမှာရှိသည့် အရှိန်အဝါက နေရာစုံပြန့်ကျဲလျက်ရှိပြီး မပျက်စီးနိုင်ပေ။ ပြီးတော့ သူ့အမိန့်တွေဆိုသည်မှာလည်း လုံးဝဥဿုံနာခံကြရသည်ပင်။
တစ်ဖက်မှာတော့ ယန့်ကျီဟန်အမိန့်တွေက ကြောက်ဖို့ကောင်းကာ နောက်တစ်ဖက်တွင်တော့ သူ့ကိုသူ့လက်အောက်ငယ်သားတွေ အကုန်လုံးက အလွန်လေးစားကြလေသည်။

သူတို့အသက်ရှင်နေရခြင်းနှင့် ချမ်းသာကြွယ်ဝလာခြင်းမှာ မာရှယ့်ကိုသာ အလုံးစုံယုံကြည်ဖို့ကို ရွေးချယ်ခဲ့ကြသောကြောင့်နှင့် အမိန့်တွေကို အရေးကြီးသည့် အခိုက်အတန့်တိုင်းမှာပါ လိုက်နာခဲ့ကြသောကြောင့်သာ ဖြစ်လေသည်။

ယန့်ကျီဟန် စစ်တပ်ထဲက စစ်သားတိုင်း၏ မသိစိတ်ထဲတွင်ပင် ဤဘုရားသခင်လို လူ၏အမိန့်တွေကို နာခံကာ နောက်လိုက်လုပ်ခြင်းက ဗီဇတစ်ခုလိုပင် ဖြစ်လာကြတော့သည်။

ထို့ကြောင့် အခုဆို ဆေးရုံထဲက ကုတင်ပေါ်ရောက်နေသည့် လူချောလေးက ဘယ်ကရောက်လာမှန်း တစ်ယောက်မှသိမနေကြတော့ပေ။

သူနာပြုမျက်လုံးတွေက ဆရာဝန်၏ လှုပ်ရှားနေမှုတွေနောက်ကို လိုက်ကြည့်လိုက် ကုတင်ပေါ်က လင်းယွိဆီ ခဏခဏလိုက်ကြည့်လိုက်နှင့် လုပ်နေလေတော့သည်။

သူက မာရှယ့်သူငယ်ချင်းလား? ချစ်သူလား?
ဒါပေမယ့် မာရှယ်ပြောဖူးတာက သူ့ဘဝမှာ ဒီလိုကြည့်ကောင်းပြီး အားမရှိတဲ့ကောင်တွေဆို ကြည့်မရဆုံးပဲလို့ ပြောခဲ့တာမဟုတ်ဘူးလား? ဒါပေါ့….မာရှယ့်ရဲ့ မူရင်းစကားတွေက ကြားရတာပိုကွဲပြားပေမယ့်ပေါ့။

သူနာပြုမလေးလည်း ကြောင်လာကာ အခွင့်အရေးယူလိုက်ပြီး လျှောက်သွားလိုက်သည်၊ “ဒီလူကြီးမင်း အခြေအနေဘယ်လိုနေလဲ မသိဘူးရှင့်?”

ဆရာဝန်က ပြန်ဖြေလိုက်သည်။
"ဒီလူကြီးမင်း အခြေအနေက အရမ်းအန္တရာယ်ရှိနေပါတယ်။ သူကမျိုးရိုးဗီဇအရ တီထွင်ဖန်တီးထားတဲ့ လူသားတစ်ယောက်ဖြစ်ပြီးတော့ သူ့ကိုတိုက်ရိုက် အာဟာရဆေးရေတွေ တိုက်ထားခဲ့တာဖြစ်ပါတယ်။ ပုံသွင်းတဲ့ပေါင်းချောင်ကနေ လုပ်ထားတာမလို့ ကိုယ်တွင်း အင်္ဂါတွေကလည်း အားနည်းနေပါတယ်။”

သူနာပြုမလေး ကြား,ကြားချင်း အနည်းငယ်အံ့ဩသွားလေသည်။ ဆေးပေးခန်းထဲတွင် လက်ပြတ်ခြေပြတ်စသည့် ဒဏ်ရာပေါင်းစုံကို‌ တွေ့ဖူးသော်လည်း ယခုလို မွေးကတည်းက အားနည်းနေကာ ဘဝကိုအသက်ရှင်ဖို့ ပိုက်ဆံကိုအားကိုးပြီး နေရမည့်သူကို တွေ့ဖူးသည်မှာ ပထမဆုံးပင်ဖြစ်လေသည်။

ဆရာဝန်က သက်ပြင်းနောက်တစ်ကြိမ်ချလိုက်ကာ၊ “ကံကောင်းတာက သူ့ဦးနှောက်လှိုင်းတွေက အရမ်းအားကောင်းနေတာပဲ။ သူက အသက်ရှင်ချင်စိတ် အရမ်းပြင်းတယ် ပြောရမယ်။”

သတိမေ့နေသည်ဆိုတာမျိုးက လူလုပ်ထားသည့်လူသားမျိုးစိတ်တွေအတွက် အခက်ခဲဆုံးဖြစ်ကာ အခုလို လင်းယွိအခြေအနေက ဆရာဝန်အတွက်တော့ ထူးဆန်းမှုတစ်ခုထက်ပင် ပိုသေးသည်။

“သူ့အခြေအနေက ကုသဖို့ခက်တယ်။ အသေးစိတ် စစ်ဆေးထားတာတွေရဲ့ ရလဒ်တွေကို ဆုံးဖြတ်ချက်ချမယ့် မာရှယ့်ဆီ ပြန်လည်တင်ပြလိုက်ပါ့မယ်။”
သူနာပြုက ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။ သူဘာကိုဆိုလိုချင်သလဲဆိုတာ သူမ နားလည်သည်၊ ယခု ထိုလူကြီးမင်းအခြေအနေကို စစ်ဆေးရန်သည် မာရှယ်တစ်ယောက်ထဲတွင်သာ လုပ်ပိုင်ခွင့်ရှိသည်လေ။

သူမ နောက်တစ်ကြိမ် လင်းယွိဘက်လှည့်ကြည့်လိုက်ကာ အနည်းငယ် စိုးရိမ်လာတော့သည်။

အသုံးမကျတဲ့ သူတွေဆို အမြဲလိုလို မုန်းတတ်တဲ့ မာရှယ် ဒီတစ်ယောက်ကိုရော အမြဲတမ်း ကုသပေးပါ့မလား?

လင်းယွိသူတို့ ဘာတွေလုပ်သွားလဲ မသိပေမဲ့ အခုတော့ သူ့အရင်လောက် မဆိုးတော့သော်ငြား ရီဝေဝေဖြစ်လာတော့သည်။

သူ့မျက်လုံးတွေကို မှိတ်လိုက်ကာ ပတ်ဝန်းကျင်ကာ လူတွေပြောနေသည့် နားမလည်သည့်စကားတွေကိုသာ နားထောင်နေလိုက်တော့သည်။ စက်ရုပ်ဆရာဝန်က သူ့ကိုသယ်ကာ အာဟာရအရည်တွေနှင့် ပြည့်နေသည့် အဖုံးအကြည်အုပ်ထားသည့် ကွန်တိန်နာထဲသို့ ထည့်လိုက်လေသည်။

ဖန်အဖုံးက အပြင်ကအလင်းကို အလိုအလျောက်ညှိပေးနိုင်ကာ သူ့အခြေအနေကို လေ့လာပြီးသည်နှင့် အပြင်ဘက်ကအလင်းကို အမြန်ကာလိုက်ပြီး အသံတွေကိုပါ ပိတ်ပစ်လိုက်တော့သည်။

နောက်ဆုံးတော့ လင်းယွိ အမှောင်ထဲတွင် အနည်းငယ် နေသာထိုင်သာရှိလာကာ မျက်လုံးတွေကိုမှိတ်လိုက်ပြီးနောက် မကြာခင် အိပ်ပျော်သွားလေတော့သည်။

ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး အထဲကနေ ယန့်ကျီဟန်တစ်ယောက် စိတ်မကျေနပ်သည့် မျက်နှာနှင့်ထွက်လာလေသည်။ သူ၏ ရှည်လျားကာသန်မာသော ခြေထောက်တွေက ကောဇောပေါ်ကို နင်းလိုက်ကာ ရေစက်တွေက ဆံပင်ကနေတစ်စက်ချင်း ကျနေကြပြီး သူ့ရဲ့ရှည်သွယ်သည့်ပုံကို သန်မာသည့်ကြွက်သားတွေက သေချာအောင်ထုဆစ်ပေးထားလေသည်။

သူဒီနေ့ ရေဘယ်နှယ်ခါချိုးခဲ့လဲဆိုတာ သူ့ဘာသူပင်မသိတော့ပေမဲ့ ယန့်ကျီဟန်မျက်နှာက အခုထိ ကပ်စီးကပ်စီးနိုင်နေတုန်းပင်။
နံရံပေါ်က အစားအသောက်ပြင်ဆင်ပေးသည့် စက်ကနေ ခွက်အပြည့်ဝိုင်တစ်ခွက်ကို ယူလိုက်သော်လည်း မကြာခင် သူ့နှာခေါင်းအောက်ပို့ကာ အနံခံကြည့်လိုက်ပြီး ရွံရှာသည့်ပုံနှင့် အဝေးသို့လွှတ်ပစ်လိုက်လေတော့သည်။

ဒါက သူအရင်က သောက်ဖူးသည့် အရာတွေထဲက တစ်ခုဆိုပေမဲ့ အခုတော့ ထူးဆန်းသည့်အနံ့တစ်မျိုးက နံနေလေသည်လေ။

အဆိုးဆုံးအချက်ကတော့ သူအခုထိ ထိုပိုးကောင်ရဲ့ အနံ့ကို တစ်ချက်တစ်ချက် ရနေသေးခြင်းပင်၊ တစ်ခါတစ်လေ ထိုနေရာမှာပင် မရှိခဲ့သလို ဖျော့ဖျော့လေးရလိုက်ကာ တစ်ကယ်လို့များ ဘယ်ကလာနေသလဲ သူကရှာမယ်ဆိုရင် သူမနံတော့ပေ။

ဒါက သူ့ကိုယ်ပေါ်မှာ ရှိနေတာလား ဒါမှမဟုတ် တံခါးကြားကနေ အနံ့ကတိုးဝင်နေတာလား သူမသိတော့ပေ။

သူထပ်မလုပ်ချင်တော့ပေမဲ့….သူထပ်ပြီး ဆေးကြောနေလိုက်ပြန်သည်။

ထိုစေးကပ်ကပ်အနံ့သည် ရံဖန်ရံခါမှ ပေါ်လာတတ်သည့် မှတ်ညဏ်တွေအလား မဖိတ်ခေါ်ထားပဲ အနားတွင် ရစ်သီနေကာ သူ့ကိုစိတ်ရှုပ်အောင်လုပ်နေတတ်သည်။
ယန့်ကျီဟန် အဝတ်တွေကို စိတ်ရှုပ်ရှုပ်နှင့် ဝတ်လိုက်ကာ စားပွဲကိုမှီလိုက်ပြီး အမြင်အာရုံဦးနှောက်အပေါ့စားလေးကို ဖွင့်လိုက်သည်နှင့် အတွင်းပိုင်းစစ်စတမ်ကနေ စာများစွာပို့ထားသည်ကို ဆက်သွယ်ရေးစက်ကလေးကနေ တွေ့လိုက်ရတော့သည်။

သူဖွင့်လိုက်သည်ကာ ကုသရေးဌာနဘက်ကနေ ပို့ထားသည်ကို တွေ့လိုက်ရလေသည်။

ကျွတ်၊ အဲ့ဒီပိုးကောင် သေရေးရှင်ရေး အကြောင်းကို ဘာလို့သူ့ကို လာပို့နေတာပါလိမ့်။ သူက ဒီအတိုင်း ဆရာဝန်ပဲ ခေါ်ပေးခဲ့တာကို။

သူ ထိုကဲ့သို့တွေးလိုက်ပေမဲ့ ယန့်ကျီဟန်အကြည့်တွေက အမြင်အာရုံဦးနှောက် အပေါ့စားလေးဆီကနေ မလွှဲနိုင်သေးပဲ အထပ်လိုက်ထူထဲစွာရှိနေသည့် တင်ပြချက်များကို သေချာစွာ ဖတ်နေလိုက်သည်။

ဆရာဝန်၏ ဖော်ပြထားချက်အရ နိဂုံးကိုဖတ်ကြည့်လိုက်ပြီးနောက် နောက်တစ်ကြိမ် တိုင်းတာထားသည့် ဂဏန်းများကို ပြန်လည်ကြည့်လိုက်ရာ ဤရှုပ်ထွေးတဲ့ လူလုပ်ကောင်က တစ်ခုခုတော့ လွတ်နေခဲ့သည်မှာ သေချာသွားတော့သည်။

စာဖတ်ပြီးသည့်အခါမှာတော့ ယန့်ကျီဟန် နှုတ်ခမ်းထောင့်တွေက တွန့်သွားကြလေသည်။ အဲ့ဒီပိုးကောင်ရဲ့ ခန္ဓာကိုယ်က ဆိုးဆိုးရွားရွားကို ကောင်းမနေတာပဲ။
“ပိုးကောင်တစ်ကောင်ဆီက ထင်ထားသလိုပဲ ထွက်လာတာပဲ။”

တစ်ဖက်လူအမြင်အရဆိုရင် သူမကြာခင်သေကိုသေတော့မည် ဖြစ်လေသည်။

ယန့်ကျီဟန် မျက်တောင်တွေကို မှိတ်ချလိုက်ကာ၊ သေလိုက်စမ်းပါ၊ မဟုတ်ရင် သူ့ကိုဘယ်လိုသတ်ရမလဲ သူထိုင်စဉ်းစားနေရဦးမယ်။

တစ်ချို့သောအချက်တွေကြောင့် ယန့်ကျီဟန် လင်းယွိက အန်းဒါးရဲ့ဖိအားတွေအောက်ကနေတောင် အတင်းရုန်းပြီး သူ့ဆီလာချင်နေမှန်း သတိရသွားတော့သည်။

ရူးလိုက်တာ။ အဘယ့်ကြောင့်ဆိုသော် ဦးနှောက်ရှိသည့် သူမှန်သမျှသည် သူ့ဆီသို့ ရူးရူးမိုက်မိုက်နှင့် လာမည့်အစား ရှောင်သွားသင့်သည်ဆိုပြီးသား သိထားကြသူတွေသာ ဖြစ်ကြလေသည်။

ယန့်ကျီဟန် စခရင်၏ ညာဘက်ထောင့်ကို ကြည့်လိုက်ကာ အခုသူသာ ထိုနေရာလေးကို နှိပ်လိုက်လျှင် ကုသရေးအခန်းကို စောင့်ကြည့်နိုင်လေသည်။

ထိုတီကောင်လိုကောင်က ထောင်ထဲမှာ နာကျင်ပြီး ကိုယ်ကိုဘောလုံးလို ခွေလိုက်သည့်အချိန်ကို ပြန်တွေးမိလိုက်သည်။ သူအကြည့်တွေက ထိုနေရာတွင်သာ ရပ်နေကာ လက်ကိုဆန့်လိုက်ပြီး မထိလိုက်ခင်မှာပဲ စခရင်အသေးစားလေးကို ပိတ်ချလိုက်လေတော့သည်။

ရူးလိုက်တာ။ အဲ့ပိုးကောင်က ခုလား နောက်လား သေတော့မှာပဲဟာကို။

ဒုတိယမြောက်နေ့မှာတော့ လင်းယွိနိုးမလာခင်တွင် သူ့ကို အာဟာရအရည်တွေထဲကနေ ထုတ်လိုက်ပြီး ဆေးရုံကုတင်ပေါ်သို့ ပြန်တင်ထားလိုက်ကြသည်။

သူမျက်မှောင်ကျုံ့လိုက်ပြီး မျက်လုံးကို ဖွင့်ဖွင့်ချင်း စက်တွေနှင့် ဆရာဝန်တွေက အခုထိသူ့ကို ဝန်းရံထားကြမှန်း မြင်လိုက်ရလေတော့သည်။ သူတို့ကြည့်ရတာ တစ်ခုခုကို ဆွေးနွေးနေပုံရပြီး သူ့ကိုအမူအရာတစ်ခုပြကာ ဖိထားဖို့ပြောနေကျသလိုပင်။

လင်းယွိ: “….”
ဘာလို့ ငါ့ကို သူတို့တွေ အပိုင်းပိုင်းဖြတ်ပစ်တော့မယ်လို့ ထင်နေတာပါလိမ့်။

သူနာပြုမလေးက အလုပ်လုပ်ဖို့ရောက်လာပြိး သူ့ပုံကိုကြည့်ကာ သူမလည်း အံ့ဩသွားပုံပင်။ မာရှယ့်၏ ခွင့်ပြုချက်ကိုမရမချင်း ဤဆရာဝန်တွေက နိုးထလာကြမည့် သူတွေမဟုတ်ပေ။
သူမ လာကာ မေးလိုက်လေသည်။
"မနေ့ညက မာရှယ်က တစ်ခုခုညွှန်ကြားလိုက်သေးတာလား?”

ခေါင်းဆောင်ဆရာဝန်က ပြန်ဖြေလိုက်သည်၊ “ဟုတ်တယ်၊ မာရှယ်က ကျွန်တော်တို့တွေ သူ့ဘဝကို ကယ်နိုင်ရုံသာမကပဲ သူ့ရောဂါတွေကိုပါ နည်းလမ်းရှာပြီး ကုစေချင်နေတယ်။ ဒီတောင်းဆိုမှုက အရမ်းစိန်ခေါ်ရာရောက်တာမလို့ ကျွန်တော်ဖြစ်နိုင်ရင် အခုချက်ချင်း အစီအစဉ်ဆွဲတော့မလို့ပါ။”

သူနာပြုကြည့်ရတာ အံ့ဩသွားသည့်ပုံ ပေါ်နေသဖြင့် ဆရာဝန်က ထပ်ပြောလေသည်။
"ကျွန်တော် မာရှယ်အမိန့်ကို သေချာနားလည်လိုက်တယ်မလားဟင်? မာရှယ်ပြောလိုက်တာက စကားသုံလုံးတည်းရယ်။
"သူ့ကိုကု။”

သူနာပြုက ပြန်ပြောပေးလိုက်သည်။
"အဲ့လိုနားလည်လိုက်တယ်ဆိုရင် ကြည့်ရတာတော့ မှားတာမရှိလောက်ပါဘူး?”

နောက်လမှာတော့ လင်းယွိ သီးသန့်အဆောင်ထဲတွင် နေလိုက်ရတော့သည်။

တပ်မှူးချုပ် အခုတလော တွေ့လာရသည်မှာ သူတို့မာရှယ်ကြည့်ရတာ ဝိတ်ကျလာသလိုပင်။







Zawgyi

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now