16.1

193 38 0
                                    

အပိုင်း(၁၆) : Promenade Hotel(၁၆)

အထပ်တိုင်းရှိ စင်္ကြံတွင် ပန်းချီကားများထဲမှ ထွက်လာသော လက်မောင်းများသည် တဖြည်းဖြည်း သွေးများ စွန်းထင်းလာခဲ့သည်။ အမည်းရောင်သွေးပျစ်ပျစ်များသည် ပန်းချီကားထဲမှ စီးလာကာ အောက်ဘက်ရှိ ကြမ်းပြင်ပေါ်အထိ စီးကျသွားသည်။ နံရံအ​တော်များများလည်း သွေးစွန်းနေပြီး ပန်းချီများကြားတွင် ခြားထားသော ကြမ်းပြင်မှမျက်နှာကြက်အထိရှိသော မှန်များကိုတော့ ဖယ်ချန်ထားသည့်ပုံပင်။

သွေးစွန်းနေသော ပန်းချီများနှင့်စင်္ကြံသည် ထိုမှန်များထဲ၌ ရောင်ပြန်ဟပ်နေသည်။

သွေးညှီနံ့များလည်း ထွက်ပေါ်လာသည်။

စွန်းရှီသည် စားသောက်ဆိုင်ထဲတွင် မနက်စာစားပြီးသည့်နောက် ဒိုင်ယာရီစာအုပ်နှင့်အတူ အပေါ်ထပ်သို့ တက်သွားသည်။ ဓာတ်လှေကားသည် မြေအောက်ထပ်တွင် ရပ်နေကြောင်း ဆက်လက်ပြသနေရာ အချိန်အနည်းငယ်စောင့်ပြီး​နောက် လှေကားကို သုံးရန်သာ ဆုံးဖြတ်လိုက်သည်။

ဟိုတယ်တစ်ခုလုံးသည် မှောင်မည်းနေကာ စိတ်မချရသော လေထုများ ပေးစွမ်းနေသည်။ ပုပ်သိုးသိုးအနံ့သာမက သွေးနံ့များပါ ပြည့်နှက်နေလျှက် ပန်းချီကားထဲမှ အမျိုးသမီးများ၏ မျက်လုံးရှာဖွေနေသော အသံဝိုးတဝါးများကိုလည်း ကြားနေရသည်။

စွန်းရှီသည် အမည်းရောင်သွေးပျစ်ပျစ်တို့ ဖုံးလွှမ်းနေသည့် ကြမ်းပြင်ပေါ်တွင် လျှောက်သွားရာ ခြေလှမ်းလိုက်တိုင်း တစွပ်စွပ်မြည်သံများ ထွက်ပေါ်နေသည်။ လှေကားနေရာသည် အလွန်မှောင်နေသောကြောင့် စွန်းရှီသည် အနုပညာပြခန်းတွင် တွေ့ခဲ့သောမှတ်စုစာအုပ်ကို လက်မောင်းကြားထဲတွင် ခပ်တင်းတင်းပိုက်လျက် အလျင်အမြန်ပြေးတက်သွားလိုက်သည်။

သူသည် ဟောဟဲလိုက်နေကာ လှေကားထိပ်သို့ ရောက်ခါနီးသော် လေအေးတစ်ချက်က သူ၏လည်ပင်းတစ်ဝိုက် ဖြတ်တိုက်သွားရာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားပြီး တစ်စုံတစ်ခုက သူ၏ပခုံးကို လာပုတ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now