အခန်း - ၈

675 81 7
                                    

Chapter ● 8 ●

ဓါတ်လှေကားတံခါးရှေ့တွင် မှင်တက်စွာရပ်နေသော ချန်ခေါ့သည် အထပ်တစ်ထပ်ရောက်တိုင်း တစ်ခုပြောင်းနေသော ဓါတ်လှေကားအလွှာနံပါတ်များကို စိုက်ကြည့်နေရင်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

ကျန်းယွီသော်ထွက်သွားပြီးတော့မှ ဆင်းရမှာလား၊ ဒါမှမဟုတ် တခြားဓါတ်လှေကားတစ်ခုကိုပဲစီးပြီး ဆင်းလိုက်ရမှာလား...။

နောက်တစ်ခါ ဖုန်းထပ်ဆက်လိုက်ရမလား၊ ဒါမှမဟုတ် လိုက်ဆင်းသွားပြီး ဘာဖြစ်တာလဲ လိုက်မေးရမလား...။

ဒါမှမဟုတ်လည်း တိုက်ခန်းထဲပြန်ပြီးတော့ပဲ ဘယ်မှမသွားဘဲ နေလိုက်ရမှာလား...။

မဟုတ်သေးဘူး...။ ကျန်းယွီသော်ကို ဘာလို့ ဂရုစိုက်နေရမှာလဲ...။

အမှိုက်ပုံးနားမှာတောင် ရန်ဖြစ်နိုင်သေးတဲ့လမ်းသရဲအာစရိကြီးတစ်ယောက်က ခေါင်းရိုက်ခွဲခံရပါစေဦးတော့၊ မိမိနှင့် ဘာဆိုင်လို့လဲ...။ ဒါပေမဲ့လည်း အနှီအာစရိက ဒီတိုက်ခန်းအပေါ်အထိ ဘာတက်လုပ်တာလဲ...။

ချန်ခေါ့သည် နားမလည်နိုင်ဖြစ်ရကာ နောက်ဆုံးတွင် လက်ရှိနေရာတွင်ပင် ရပ်စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ ကျန်းယွီသော်ထွက်သွားတာ သေချာမှ အောက်ဆင်းပြီး တစ်ခုခုသွားစားတော့မည်...။

ဓါတ်လှေကားပေါ်မှဂဏန်းသည် နံပါတ် (၈) သို့ရောက်သောအခါ ရပ်တန့်သွားသည်။ ခဏကြာသော် အောက်သို့ ဆက်လက်ဆင်းသက်သွားသည်။ ဘေးနားရှိ ဓါတ်လှေကားနောက်တစ်စင်း၏ဂဏန်းလည်း စတင်ပြောင်းလဲလာသည်။ နံပါတ် (၉) မှ နံပါတ် (၈) သို့ ရောက်သွားပြီး ထို့နောက် အပေါ်သို့တက်လာသည်။

ချန်ခေါ့သည် တစ်ထပ်ပြီးတစ်ထပ် အပေါ်တက်လာသော ဓါတ်လှေကားကို ကြည့်ရင်း ရုတ်တရက်စိတ်လှုပ်ရှားလာသည်။ ခဏကြာလျှင် အကယ်၍ ဓါတ်လှေကားထဲမှ ကျန်းယွီသော် ထွက်လာပါက တစ်ချက်တည်းနှင့် အထဲသို့ ပြန်ကန်သွင်းထည့်ရန်အတွက် ခြေထောက်ဆန့်ရန် သင့်တော်သော အနေအထားတစ်ခုကို ပြင်ဆင်ထားလိုက်သည်။

ဓါတ်လှေကားသည် ဘယ်အထပ်တွင်မှမရပ်တန့်ဘဲ မိမိရှိရာအထပ်သို့ မရပ်မနားတိုက်ရိုက်တက်လာခဲ့ပြီး တံခါးပွင့်လာသောအခါ အထဲမှ တကယ်ပင် ကျန်းယွီသော် ထွက်လာလေသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now