အခန်း - ၅၃

535 81 3
                                    

Chapter ● 53 ●

ချန်ခေါ့စိတ်ထဲတွင် ဘဝကံကြမ္မာကြီးက သူ့အပေါ် တော်တော်လေးကို အညှာအတာကင်းမဲ့ပြီး ဖော်ရွေမှုမရှိဟု တွေးနေမိသည်။ နဂိုကတည်းက ညာလက်ကို အသုံးပြု၍မရသည့်အဖြစ်မှာ အလွန်တရာ ဆိုးရွားညံ့ဖျင်းနေပြီဖြစ်သော်လည်း သည်အချိန်တွင်မှ သူ့တွင် လုပ်စရာကိစ္စက တော်တော်များနေသည်။

သူသည် အငှားကားတစ်စီးကို ခေါ်ငှားလိုက်သည်။ မူလအတိုင်းဆိုပါက ကားသည် တိုက်အောက်ရောက်သည်အထိ မောင်းဝင်သွား၍ရသည်။ သို့သော် ယနေ့တွင် တိုက်အောက်ရောက်ရန် မီတာ တစ်ရာ နှစ်ရာခန့်အကွာမှစပြီး မောင်းဝင်သွား၍ မရတော့ပေ။ အကြောင်းမှာ စီးပွားရေးလုပ်ငန်းရှင်တို့၏ ကားနှစ်စီးက ဘာကြောင့်မှန်းမသိ တစ်စီးနှင့်တစ်စီးငြိသွားကြပြီး ယခုလောလောဆယ်တွင် အချေအတင် စကားများနေကြ၍ဖြစ်သည်။

ချန်ခေါ့သည် ဤတိုက်ခန်းတွင် ငှားနေလာသည့် ကာလအတောအတွင်း တိုက်အောက်အထိရောက်အောင် မောင်းဝင်လာ၍ရသော လမ်းနှစ်လမ်းကိုသာ သိသည်။ ပထမတစ်လမ်းမှာ ယခုဝင်လာသောလမ်းဖြစ်ပြီး၊ ဒုတိယတစ်လမ်းမှာ အရှေ့ဘက်ဂိတ်ပေါက်မှ ဝင်သောလမ်းဖြစ်သည်။ ယခုအချိန်ကျမှ ကားဆရာအား ထိုအရှေ့ဘက်ဂိတ်ပေါက်ဘက်မှတဆင့် ပတ်မောင်းပြီး ပို့ခိုင်းရန်လည်း အဆင်မပြေနေတော့ပေ။ ချန်ခေါ့သည် ကားတံခါးကိုဖွင့်ပြီး ကားပေါ်မှ ဆင်းလာရန်သာ တတ်နိုင်တော့သည်။

သည်လိုအချိန်မျိုးတွင် မိမိနားတွင် ကျန်းယွီသော်ရှိနေသည့်အဖြစ်ကလည်း ကိစ္စကောင်းတစ်ရပ်ဖြစ်သည်ဟု ချန်ခေါ့က တွေးနေသည်။ ကျန်းယွီသော်သည် ရည်ရွယ်ချက်တစ်ခုခုကြောင့်ဖြစ်စေ၊ သို့မဟုတ်လည်း ဘဝနေထိုင်မှုအမူအကျင့်ကြောင့်ဖြစ်စေ၊ အချိန်အတိုင်းအတာတစ်ခုအထိ တည်းခိုနေထိုင်ဖြစ်သည့်နေရာ၏ မြေနေရာအနေအထားကို သိရှိနေလေ့ရှိသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ကျန်းယွီသော်သာရှိလျှင် ကားဆရာအား ကွေ့ပတ်မောင်းနှင်သွား၍ရမည့် လမ်းကြောင်းတစ်ခုနှစ်ခုလောက်ကို အနည်းဆုံးတော့ အကြံပေး၍ရမည်ဖြစ်သည်။

ကားပေါ်မှဆင်းလာပြီးနောက် ခြေလှမ်းဘယ်နှလှမ်းမှ မလှမ်းရသေးမီ လက်တစ်ဖက်တွင်သာဝတ်ဆင်ထားပြီး ဇစ်မပိတ်ထားရသော အနွေးထည်အင်္ကျီက နောက်သို့ လျှောကျသွားသည်။ လေက ရုတ်တရက် တိုက်ခတ်လာသောအခါ ချန်ခေါ့၏ ခန္ဓာကိုယ်တစ်ခြမ်းက အေးစက်ထုံကျဉ်လာသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now