အခန်း - ၅၆

506 82 3
                                    

Chapter ● 56 ●

ကျန်းယွီသော်၏ အေးဆေးတည်ငြိမ်ပြီး အာလာပသလ္လာပစကားပြောသည်နှင့်တူသော စကားတစ်ခွန်းကြောင့် ချန်ခေါ့မှာ အတန်ကြာအောင် မှင်တက်ဆွံ့အသွားရသည်။

လင်းယုန်လေ့ကျင့်တာလား...။

လင်းယုန်လေ့ကျင့်ခြင်းကို သူသေချာပေါက်သိသည်။ တော်တော်ငယ်သေးစဉ်အရွယ်တွင် လင်းယုန်လေ့ကျင့်ခြင်း မှတ်တမ်းဗီဒီယိုတောင် သူကြည့်ဖူးသေးသည်။ ထို့ပြင် မနည်းလှသော ဆောင်းပါးများလည်း ဖတ်ဖူးသည်။ အသေးစိတ်အချက်အလက်များကိုမူ ကောင်းကောင်းမမှတ်မိတော့ပေ။ သို့သော် အကြမ်းအားဖြင့် ဘယ်လိုမျိုးလဲဆိုသည်ကိုတော့ သိနေသေးသည်။

လင်းယုန်၏ အရိုင်းသဘာဝကို ဖျောက်ပစ်ရန် လင်းယုန်မျက်လုံးများကို အဝတ်ဖြင့်ပိတ်စည်းပြီး ထိလိုက်သည်နှင့် လှုပ်ယမ်းသော ကြိုးတန်းပေါ်တွင် လင်းယုန်ကို ရပ်စေသည်။ အစားအသောက်လည်းမပေး၊ အိပ်ခွင့်လည်းမပေးဘဲ နောက်ဆုံး လင်းယုန်က တောင့်မခံနိုင်သောအချိန်ရောက်တော့မှ ပိုင်ရှင်သခင်က လင်းယုန်အား ရေအနည်းငယ်၊ အသားအနည်းငယ်တို့ကို တိုက်ကျွေးသည်။ ထိုအချိန်မှစပြီး လင်းယုန်က ယဉ်သွားကာ စကားနားထောင်ပြီး ခိုင်းသည့်အတိုင်းလုပ်တော့သည်။

မှတ်တမ်းဗီဒီယိုကြည့်စဉ်က ဗီဒီယိုထဲမှဖြစ်စဉ်တစ်ခုကို ချန်ခေါ့မှတ်မိသေးသည်။ ပိုင်ရှင်က လင်းယုန်ကိုခေါ်ပြီး ယုန်အမဲလိုက်ထွက်သည်။ လင်းယုန်က ကောင်းကင်ပေါ်တွင် အချိန်ကြာမြင့်စွာ ရစ်ဝဲပျံသန်းနေပြီး ပိုင်ရှင်က အဆက်မပြတ်လေချွန်ကာ ဘယ်လိုပင်ပြန်ခေါ်ခေါ် လင်းယုန်က ပိုင်ရှင်၏လက်မောင်းပေါ်သို့ ပြန်လည်ဆင်းသက်မလာပေ။

"လေ့ကျင့်" ခံထားရသော လင်းယုန်ဖြစ်နေစေကာမူ အမဲလိုက်ရန် ကောင်းကင်ပေါ် လွှတ်ပေးလိုက်ပြီး ပြန်မလာသောအဖြစ်လည်း ဖြစ်နိုင်ချေရှိသည်။

ထိုစဉ်က ချန်ခေါ့သည် ခေါင်းတစ်ခုလုံးအပြည့် စဉ်းစားနေခဲ့သောအတွေးကို မှတ်မိနေသေးသည်။ မြန်မြန်ပျံထွက်သွား၊ မြန်မြန်ပျံထွက်သွား၊ လုံးဝပြန်မလာနဲ့တော့ ... ...။ သို့သော် နောက်ဆုံးတွင် ထိုလင်းယုန်က ပြန်လာခဲ့လား သို့မဟုတ် ပျံထွက်သွားခဲ့လားဆိုသည်ကိုတော့ သူလည်း မမှတ်မိတော့ပေ။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now