အခန်း - ၈၁

527 66 10
                                    

Chapter ● 81 ●

ချန်ခေါ့က လူ့ဘဝထဲတွင် အသက်ရှင်နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း (၃၀) ခန့်ရှိတော့မည်ဖြစ်သည်။ အေးဆေးတည်ငြိမ်ပြီး တိတ်ဆိတ်လွန်း၍ မွန်းကျပ်စရာကောင်းသည်ဟု ပြော၍ရသောသူ့ဘဝသက်တမ်းထဲတွင် လှုပ်လှုပ်ရှားရှားဖြစ်စရာအကောင်းဆုံးကိစ္စဟူ၍ အရက်ဘားတွင် အခြားလူများနှင့် ရန်ဖြစ်စကားများသော လေးငါးကြိမ်ခန့်သာရှိသည်။ သူ့အဖေနှင့် အကြိမ်းအမောင်းခံရခြင်း၊ ချန်ယိနှင့်သဘောထားချင်း မတိုက်ဆိုင်ခြင်းတို့တွင် သူက အောင့်အည်းသည်းခံလိုက်သောကြောင့် ထိုအရာများမှာ ဘဝ၏ အနည်းငယ်သော ဟင်းခတ်အမွေးအကြိုင်မျှလောက်သာ သတ်မှတ်လိုက်၍ရသည်။

အိမ်မှထွက်ခွာလာခဲ့သော ဤကာလအတောအတွင်းမှ အတွေ့အကြုံများသည် ယခင် နှစ်ပေါင်းများစွာအတွင်းတွင် ဖြစ်ပွားခဲ့သည့် "ပဋိပက္ခ" များကို အနိုင်ယူနိုင်နေပြီဖြစ်သည်။ ထို့ပြင် ယခုလောလောဆယ်တွင် ဤကဲ့သို့သောကိစ္စကို ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့လိုက်ရပြန်သည်။ သူ့အဖေက သူ့အား အိမ်သို့ အတင်းအကျပ်ပြန်ခေါ်သွားရာလမ်းတွင် ကျန်းယွီသော်က နောက်လိုက်ငတိများကိုခေါ်လာပြီး ကားတားကာ လူလာလုသည်။

ကျန်းယွီသော်က သူ့အား ကားပေါ်မှ ဆွဲခေါ်ထုတ်လိုက်ချိန်တွင် ချန်ခေါ့သည် သူ့အဖေ၏မျက်နှာပေါ်မှ အမူအရာကို တွေ့လိုက်ရသည်။

အံ့အားသင့်မှု။

ကျန်းယွီသော်၏အပြုအမူသည် သူ့အဖေအတွက်ပြောရလျှင် စိတ်ကူးမိရန်တောင်ခက်ခဲသော အပြုအမူဖြစ်သည်။ စောစောပိုင်းက ဒေါသစိတ်နှင့် အထင်အမြင်သေးမှုတို့လည်း ထိုအံ့အားသင့်မှုအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားရသည်။

ချန်ခေါ့သည် သူ့အဖေနှင့် လုံးဝအိမ်ပြန်လိုက်မသွားချင်ပေ။ သူ့အဖေ၏နည်းလမ်းကိုသုံးပြီး ဘာပြဿနာကိုမှ ဖြေရှင်းလိုစိတ်လည်းမရှိပေ။ သို့သော် ဤကဲ့သို့သော ထင်မှတ်မထားသည့်ကိစ္စမျိုးဖြစ်လာမည်ဟုလည်း မတွေးတောဖူးခဲ့ပေ။

ကျန်းယွီသော်သည် သူ့နှင့်အလွန်ကိုက်ညီသော ကိုယ်ပိုင်ဟန်လည်းမပျောက်စေဘဲ ထင်မှတ်မထားသောနည်းလမ်းဖြင့် ချန်ခေါ့အဖေ၏အစီအစဉ်ကို အတင်းအကျပ်ဝင်ရောက်နှောင့်ယှက်လိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now