အခန်း - ၂၄

595 82 5
                                    

Chapter ● 24 ●

ဤကဲ့သို့ မိမိမျက်လုံးနှင့် ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ဖူးသေးခင်အထိ ချန်ချင့်အား ကပ်တိုးနှင့် ကိုယ်ရံတော်ချုပ်ဖြစ်လာသည်ဟု ချန်ခေါ့စိတ်ထဲတွင် တထစ်ချသတ်မှတ်ထားသော်လည်း၊ ယခုကဲ့သို့သော အခြေအနေအထိ အားနည်းပျော့ဖပ်နေမည်ဟု လုံးဝကို ထင်မထားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဤဧရိယာပတ်ဝန်းကျင်၏လောင်သာ့နောက် တစ်ကောက်ကောက်လိုက်ပြီး ကျင်လည်နေခဲ့သူ မဟုတ်ပါလား...။ မထင်မှတ်ဘဲ သည်လို လုပ်ရည်ကိုင်ရည် အရည်အချင်းနှင့် ဖြစ်နေခဲ့သည်။

ချန်ခေါ့သည် ဤဆယ်လှမ်းကျော်လောက်သာရှိသော ခြေလှမ်းတို့မှာ ကြာရှည်လွန်းသည်ဟု ခံစားရသည်။

ဤခြေလှမ်း ဆယ်လှမ်းကျော် လှမ်းနေသည့်အတောအတွင်းတွင် ကျန်းယွီသော်၏ကျောကုန်းတွင် လက်ဖျံနှင့်အရိုက်ခံလိုက်ရခြင်း၊ အရိုက်ခံလိုက်ရပြီးနောက် ကျန်းယွီသော်က လက်ဖျံကိုပင် အသုံးပြုကာ တစ်ဖက်လူ၏ နှာခေါင်းဆီသို့ လက်ပြန်လွှဲရိုက်လိုက်ခြင်း၊ ထိုလူ ခေါင်းကို ပြန်လှည့်လာသောအခါ နှာခေါင်းသွေး လျှံထွက်လာခြင်းတို့အပြင်၊ ပါးဖျယ်က ဘယ်ကမှန်းမသိသောနေရာမှ ဆွဲထုတ်လာသော ဓားမြှောင်တစ်လက်ကိုလည်း ချန်ခေါ့တွေ့လိုက်ရသေးသည်။

ချန်ခေါ့သည် ဤကဲ့သို့ ဂန်းစတားများရန်ဖြစ်ကြသည့် ပုံစံအသေးစိတ်ကို သိပ်နားမလည်သော်လည်း၊ လွယ်လွယ်ကူကူနှင့် ဓားထုတ်မသုံးကြသည့်အချက်ကိုတော့ သိထားသည်။ ဓားသည် လက်သီးများ၊ တုတ်ချောင်းများနှင့် မတူပေ။ ပို၍ကြီးမားသော ကိစ္စများ၊ ပြဿနာများ အဖြစ်လွယ်သည်။

သို့သော် ကျန်းယွီသော်၏ နောက်ထပ်လှုပ်ရှားလိုက်သောအပြုအမူကြောင့် ချန်ခေါ့သည် ကျန်းယွီသော်က ဘာကြောင့် ဤ 'လောင်သာ့' ဟူသော နေရာကို မြဲမြံအောင် သိမ်းပိုက်ထားနိုင်သည်ကို နားလည်သဘောပေါက်သွားခဲ့သည်။

ပါးဖျယ်​၏ အရှေ့တွင် ဘေးတစ်စောင်းရပ်နေသော ကျန်းယွီသော်သည် မျက်စိ၏ ဘယ်ရှုထောင့်အစိတ်အပိုင်းနှင့် ကြည့်လိုက်မှန်းမသိလိုက်ရဘဲ၊ ဓားကို မြင်သွားသည်။ ထို့နောက် လက်ဆန့်ကာ ဓားသွားကို လက်ဗလာနှင့် ဖမ်းကိုင်လိုက်ပြီး ဆန့်ကျင်ဘက်လားရာဘက်သို့ အားပါပါနှင့် တွန်းလိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Où les histoires vivent. Découvrez maintenant