အခန်း - ၆၇

482 72 6
                                    

Chapter ● 67 ●

စိတ်ကျန်းမာရေးဆေးရုံမှ ထွက်ပြေးလွတ်မြောက်လာသော စိတ်ရောဂါဝေဒနာသည်အရူးတစ်ယောက်...။

ထိုစကားကို ပြောထုတ်လာချိန်တွင် ထိုကဲ့သို့သောသတင်းက ချန်ခေါ့အား အံ့အားသင့်စေလိမ့်မည် ချန်ယိတစ်ယောက် ထင်ကောင်း ထင်နေခဲ့လိမ့်မည်။ ချန်ခေါ့က သိသည်ဖြစ်စေ၊ မသိဘူးဖြစ်စေ၊ ထိုစကားတစ်ခွန်းကြောင့် သူ့အား ရှုပ်ထွေးကြောင်ငေးသွားအောင် ထိုးဆွနိုင်လိမ့်မည်ဟု ထင်ထားလိမ့်မည်။

တကယ်လည်း ချန်ခေါ့က ထိုးဆွခံလိုက်ရသည်။ သို့သော် ထိုးစိုက်နှိုးဆွခံလိုက်ရသည်မှာ အမျက်ဒေါသဖြစ်နေသည်။

သူသည် ကိုယ့်ခံစားချက်ကိုကိုယ် ထိန်းချုပ်နိုင်သွားသောအချိန်မှစပြီး အထူးတလည် ဒေါသဖြစ်ရသောအချိန်ဟူ၍ မရှိခဲ့ဖူးပေ။ သို့တည်းမဟုတ်ပြောရလျှင် ကိုယ့်ကိုယ်ကိုယ်အား အလွန်စိတ်ဆိုးဒေါသထွက်စေသောအခြေအနေအထိရောက်အောင် တွန်းမပို့ခဲ့ဖူးပေ။

သို့သော် ယခုတွင်၊ အကယ်၍ ဖုန်းထဲမှ ဓါတ်ပုံများကို တွေ့လိုက်ရချိန်တွင် ချန်ယိအပေါ် ဒေါသမီးတို့ စတင်လောင်မြိုက်နေပြီဟု ဆိုရလျှင်၊ ယခုချန်ယိက ထိုစကားတစ်ခွန်းကိုပြောလာသော ဤအခိုက်အတန့်သည် သူ၏ အမျက်ဒေါသမီးအကန့်အသတ်ကို ပေါက်ကွဲသွားသည့်အခြေအနေဟု ပြောရမည်။

ချန်ခေါ့သည် ဦးခေါင်းထဲတွင် ဝုန်းခနဲအသံမြည်ဟည်းသွားပြီး အနီးအနားပတ်ဝန်းကျင်ရှိအရာအားလုံးက ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ချန်ယိက နောက်သို့တစ်လှမ်းဆုတ်လိုက်ပြီး စီးကရက်တစ်လိပ်ကို ယူထုတ်လိုက်ကာ :

"ငါက စိတ်ပူ ... ..."

ချန်ခေါ့သည် သူ့ဘေးနားရှိ ပန်းအိုးတင်ထားသော သစ်သားစင်တစ်ခုကို ကောက်ယူလိုက်ပြီး တွေဝေခြင်း တစ်စိုးတစ်စိမျှတောင်မရှိဘဲ ချန်ယိ၏ကိုယ်ပေါ်သို့ လွှဲရိုက်ပစ်လိုက်သည်။

သူ၏ နောက်ဆုံးကျန်ရှိနေသည့် အနည်းငယ်မျှသော စဉ်းစားတွေးခေါ်ဉာဏ်ဆင်ခြင်တုံတရားမှာ သူသည် ချန်ယိ၏ ဦးခေါင်းပေါ်သို့ တစ်ခါတည်း လွှဲမရိုက်ခဲ့ဟူသော အသိတရားပင်...။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now