အခန်း - ၃၄

527 81 11
                                    

Chapter ● 34 ●

တိုက်အမှတ် (၃) တိုက်အောက်သို့ ကျန်းယွီသော်ရောက်လာသောအချိန်တွင် ထိုအနား၌ ဆောင့်ကြောင့်ထိုင်ပြီး စီးကရက်ဖွာနေသော သာ့ပင်းက မတ်တတ်ရပ်လာသည်။

"စန်းကော၊ အားလုံး ရောက်လာကြပြီ။ ၇ လွှာမှာစောင့်နေကြတယ်"

"တက်သွားကြမယ်"

ကျန်းယွီသော်က ကော်ရစ်ဒါထဲသို့ ဝင်သွားသည်။

ပိန်လှီသောဦးလေး သေဆုံးနေသည်ကိုတွေ့ရှိသောနေ့ကတည်းမှစပြီး အခုထိ ကျန်းယွီသော်သည် သည်တိုက်ရှိရာဘက်ကိုမလာဖြစ်သလို လူချန့်ကလည်း လာရန် မလှုံ့ဆော် မတိုက်တွန်းခဲ့ပေ။ သို့သော် ၇ လွှာရှိ အခြားသော ငှားရမ်းနေထိုင်သူများက တိုက်ခန်းလခကို သူတို့ ချက်ချင်းပေးဆိုလည်း ပေးကြမယ့်အကြောင်း၊ သို့ပေသိ ထို လူသေဖူးသောတိုက်ခန်းကို အမြန်ဆုံးလာပြီး သန့်ရှင်းရေးလုပ်ပေးရန် မျှော်လင့်ကြောင်းကို နှစ်ခေါက်တိုင်တိုင် ဖုန်းဆက်လာကြသည်။

ကျန်းယွီသော်က ထိုအခန်းကို သန့်ရှင်းရေးမလုပ်ခိုင်းဘဲ အချိန်ဆွဲနေရခြင်းမှာ ကြောက်လန့်ခြင်းကြောင့်မဟုတ်ပေ။ လူတစ်ယောက် ကွယ်လွန်သွားခြင်းသာဖြစ်ပြီး ဘာမှကြောက်စရာ ရှိမနေပေ။ အသက်ရှင်နေစဉ်တုန်းကတောင် လူချန့်၏ စာရင်းစာအုပ်ပေါ်မှ နာမည်တစ်ခုသက်သက်သာဖြစ်သည်။ နောက်တစ်မျက်နှာလှန်လှောလိုက်လျှင် ထိုနာမည်လည်း သည်အတိုင်းကျော်လွန်သွားမည်ဖြစ်ပြီး ပျောက်ကွယ်သွားလိမ့်မည်။ သေသွားလျှင်လည်း ယမမင်း၏ စာရင်းစာအုပ်ထဲမှ နာမည်တစ်ခုဖြစ်သွားလိမ့်မည်။ နောက်တစ်မျက်နှာလှန်လိုက်လျှင် အသက်ရှင်စဉ်တုန်းကလိုပင် ပျောက်ကွယ်ကျော်လွန်သွားပေလိမ့်မည်။

သို့သော် ဤကဲ့သို့ ဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးသော လူတစ်ယောက်ကဲ့သို့နှယ်၊ ပျောက်ကွယ်သွားပြီးနောက် ဖြစ်ပေါ်လာသော ဟာတာလစ်ဟင်းနေမှုကို သူမျက်နှာချင်းဆိုင်လိုစိတ်မရှိသောကြောင့်သာဖြစ်သည်။

၅ လွှာသို့ရောက်သောအခါ ကျန်းယွီသော်သည် အမွှေးတိုင်ထွန်းထားသောအနံ့နှင့် စက္ကူမီးရှို့သော မီးကျွမ်းနံ့တို့ကို ရှူရှိုက်လိုက်ရမိသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now