အခန်း - ၇၁

527 79 1
                                    

Chapter ● 71 ●

ထိုမေးခွန်းကို ချန်ခေါ့က ရှေ့နောက်မစဉ်းစားဘဲ မေးလိုက်ခြင်းဖြစ်သည်။

ယခင်က ရွှီတင်းအကြောင်းပြောမိလျှင် ကျန်းယွီသော်က ယခုကဲ့သို့သောအတွေးမျိုးကို ဘယ်တုန်းကမှ တွေးတောခဲ့ဖူးခြင်းမရှိခဲ့ဖူးပေ။ လင်ရွှိကိုပင် ပထမဦးဆုံးတွေ့ဆုံဖူးစဉ်ကတည်းမှစတင်ကာ ပြဿနာရှိသူဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လင်ရွှိ၏လည်ပင်းကို အပြတ်ချေမှုန်းလိုက်မိတော့မလို ဖြစ်သွားခဲ့သေးသည်။

ယခုတွင်မူ ကျန်းယွီသော်၏ဆိုလိုချက်မှာ အလွန်သိသာနေသည်။ သူသည် ရွှီတင်းအပေါ် တစ်ခါမှမရှိဖူးခဲ့သော ခန့်မှန်းချက်တစ်ခုကို ရုတ်တရက် မှန်းဆလာခဲ့သည်... ...။

မေးလိုက်ပြီးနောက် ချန်ခေါ့သည် အနည်းငယ်နောင်တရသွားပြန်သည်။ ကျန်းယွီသော်၏အတွေးစိတ်ကူးတို့မှာ တခါတရံတွင် အလွန်တည့်မတ်ပြီးတဲ့တိုးဆန်သည်။ တခါတလေတွင်လည်း သဲလွန်စခြေရာကောက်၍ လုံးဝမရပေ။ အလွန်တရာကို သပ်ရပ်သိမ်မွေ့လွန်းသည်။ အကယ်၍ ကျန်းယွီသော်၏ ထိုခန့်မှန်းချက်က မိမိထင်နေသည့်အကြောင်းနှင့် နီးစပ်ခြင်းမရှိလျှင် စင်စစ်ကို မျက်နှာပျက်အရှက်ရစရာဖြစ်သွားမည်။

မိမိအပေါ်ရှိသော ကျန်းယွီသော်၏သဘောကျစိတ်က မည်ကဲ့သို့သောနှစ်သက်မှုမျိုးဖြစ်ကြောင်းကို ကျန်းယွီသော်က သေချာကွဲပြားအောင်တောင် မစဉ်းစားရသေးခင်အချိန်တွင် မိမိက မနေနိုင်မထိုင်နိုင်နှင့် တစ်ဖက်လူကို သဝန်တိုနေတာလားဟု သွားမေးနေမိသည်... ...။

"မသိဘူး၊ ကျွန်တော်မှ သဝန်မတိုဖူးတာ"

ကျန်းယွီသော်က ခေတ္တမျှတုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလာသည်။

"ခင်ဗျားအပေါ် သူ တော်တော်ကောင်းပေးတယ်လေ။ သူကလည်း ခင်ဗျားကို သဘောကျနေတာမလား"

"ဘယ်သိမလဲ"

ချန်ခေါ့က သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ ဤအဖြေက မဆိုးဘူးဟု ပြော၍ရသည်။ သူ့အား အရှက်တကွဲမဖြစ်သွားစေပေ။ သူသည် ရေချိုးခန်းဘက်သို့ လျှောက်သွားရင်း ဆက်ပြောသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now