✨ဦးဆွေးဆံမြည့်-၂✨

5.3K 184 36
                                    

   'နင့်ကို ဒီလိုတွေ့ရဖို့စောင့်နေတာကြာပြီ..'
  
   'ကျားချောင်းချောင်းနေတယ်ပြောစမ်းပါ.. ဘာစောင့်တာလဲ..'
  
   သူမလာရာလမ်းကို ကားနှင့်ကန့်လန့်ပိတ်ရုံမျှမကဘဲ အုပ်စုလိုက်ကြီး ကားပေါ်မှဆင်း၍ ဝိုင်းထားကြသည်။
  
   'နင် မဟုတ်ကဟုတ်က သတင်းဖွပစ်လို့ ငါ့အဖေလုပ်ငန်းတွေ ဒေဝါလီခံရတော့မယ်...'
  
   'ခံလေ.. သူများငွေတွေမနည်းမနော လိမ်ယူပြီး တရားမဝင်သစ်တွေ ခိုး ၊ ဓာတုစက်ရုံက စွန့်ပစ်ပစ္စည်းတွေ​၊ side effectတွေကြောင့် သေကျေပျက်စီးကုန်တဲ့အလုပ်သမားတွေအတွက်လည်း ဘာတာဝန်ယူမှုမှမရှိတဲ့ကုမ္ပဏီ.. ဒေဝါလီခံရတာ နည်းတောင်နည်းသေးတယ်... တရားစွဲခံရရင် ပုဒ်မတွေတန်းစီပြီး ထောင်ထဲတင် ဘဝဆုံးသွားမယ်မှတ်...'
  
   သူမ ဆက်တိုက်ပြောချနေသမျှ ထွန်းသူရမျက်နှာကြီး မည်းမှောင်သွားကာ ကျိခနဲအံကြိတ်၏။ သူ ရှေ့တိုးလာတော့ ကိကိက စကိတ်ခုံကိုကိုင်ထားရာမှ ခြေထောက်ကိုမြှောက်၍ ဆန့်လိုက်သဖြင့် သူမ၏ရှူးဖိနပ်က ထွန်းသူရမျက်နှာနှင့် ထိလုထိခင်ဖြစ်သွားသည်။ ထွန်းသူရ ပျာယိပျာယာ နောက်ဆုတ်၍ ရှူးရှူးရှားရှားဖြစ်လျက်..
  
   'နင့်ကိုမှတ်လောက်သားလောက်အောင် ဆုံးမမှဖြစ်တော့မယ်...'
  
   ပြောပြီးပြီသည်နှင့် သူ့လူတွေကို မျက်စပစ် အချက်ပြသည်။ ထိုလူတွေက နံပါတ်တုတ်တွေပါ ယူလာကြလျှင် ထွန်းသူရက လက်ကာပြ၍..
  
   'ဒီကလေးမလောက်ကို လက်နက်သုံးစရာမလိုပါဘူးကွာ.. သူ့ကိုချုပ်ပြီးခေါ်လာခဲ့ကြ...'
  
   ထိုလူတွေ တုတ်ပြန်သိမ်း၍ သူမဆီ လျှောက်လာကြလျှင် ကိကိ စကိတ်ခုံပေါ်ခြေတင်၍ သူတို့ကြားထဲ လျှပ်တစ်ပြက် လျှောစီးပြေးဝင်သည်။ သူမကိုဆွဲချုပ်ဖို့ပြင်နေကြသည့်လူတွေ ကိကိလှုပ်ရှားမှုကြောင့် ကိုးရို့ကားရား ရှောင်လိုက်ကြစဥ် သူမက လမ်းဘေးအုတ်ခဲပုံမှ အုတ်ခဲကျိုးတစ်ခုကိုကောက်ယူပြီး ထွန်းသူရဆီ တန်းမတ်စွာ လွှဲပစ်သည်။ ထိုလူတွေအငိုက်မိသွားသည့်ခဏမှာ သူမပစ်လိုက်သည့် အုတ်နီခဲက ထွန်းသူရ၏ ပခုံးကို အရှိန်ပြင်းစွာ ထိမှန်သွား၏။
   ထွန်းသူရ အားခနဲအော်၍ မှောက်ကျသွားသဖြင့် သူ့လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ကိကိ ထိုအခွင့်အရေးကိုလက်လွတ်မခံဘဲ စကိတ်စီး၍ ကားဆီပြေးလာခဲ့သည်။
  
   သူမ ရုံးပိတ်ရက်ဆို အပြင်ထွက်၍ စကိတ်ပတ်စီး၊ ဒါမှမဟုတ် စွန်လွှတ်ရင်း၊ ဓာတ်ပုံလျှောက်ရိုက်ရင်း အပန်းဖြေလေ့ရှိသည်။ စကိတ်ချန်ပီယံမို့ သူမအပြင်ထွက်တိုင်း စကိတ်ကိုတော့ သွားလေရာသယ်တတ်သည့်အကျင့်ရှိ၏။ ကားရပ်ထားသည့်နေရာရောက်တော့ စကိတ်ကို ကားနောက်ခန်းထဲ ထည့်သိမ်းလိုက်သည်။
  
အိမ်သို့တန်းမပြန်ဖြစ်သေးဘဲ ဘားတစ်ခုသို့ဝင်၍ ခေါက်ဆွဲကြော်တစ်ပွဲနှင့် ဘီယာတစ်ခွက်မှာကာ ဇိမ်ဆွဲ၍ စားသောက်နေသည်။ ခေါက်ဆွဲကြော် မကုန်သေးပါဘဲ အပေါ့သွားချင်သလိုဖြစ်လာကာ စားလက်စကိုရပ်၍ သန့်စင်ခန်းသို့ဝင်ရပြန်သည်။ ကိုယ့်ကိစ္စပြီးမှ လက်ဆေး ၊ မျက်နှာသစ်၍ စင်္ကြန်လမ်းအတိုင်း လျှောက်လာခဲ့လျှင်...

'ကျွန်မလက်မခံဘူးနော် ရာဇ်.. ရှင် ကျွန်မအလိုမတူဘဲ အဲလိုမလုပ်ပါနဲ့..'

ဟင်...။ အသံတွေ ကြားလိုက်ရသဖြင့် အသံလာရာအခန်းဆီ ခပ်သုတ်သုတ်လှမ်းခဲ့သည်။ စေ့ရုံပဲ စေ့ထားသည့်တံခါးအပြင်မှာ ရပ်၍ ထပ်နားစွင့်ကြည့်၏။

'မင်း ခါတိုင်းတော့ လိုက်လျောနေပြီး ငါလိုချင်ကာကျမှ Noလုပ်လို့မရဘူး.. လာခဲ့...'

'ဟင့်အင်း... ရှင့်အကြောင်းမသိလို့ လိုက်လျောခဲ့တာ... အခု ရှင့်ကို မကြည်ဖြူနိုင်ဘူး.. ရှင် ရှေ့တိုးမလာနဲ့ ရာဇ်..'

  'မင်း မကြည်ဖြူလည်း ငါက သောက်ဂရုစိုက်မယ်ထင်နေသလား.. ငါလိုချင်ရင် ရအောင်ယူခဲ့တာချည်းပဲ
  .. ငါ့လက်ကလွတ်ဖို့ ယောင်လို့တောင် မစဥ်းစားနဲ့..'
 
  ကိကိ ခပ်ဟဟဖြစ်နေသည့် တံခါးပေါက်မှ အထဲကိုမျက်လုံးဝေ့ကြည့်လျှင် ယမကာကြောင့် ယစ်ထွေနေပုံရသည့် လူရွယ်က မိန်းကလေးတစ်ဦးကို မဟားတရားကျင့်ကြံဖို့ကြိုးစားနေသည်။ ထိုမိန်းကလေးက ခါးခါးသီးသီး ငြင်းဆန်နေ၏။
 
  'ရှင်က လူယုတ်မာ.. ကျွန်မ ရှင့်ကို အစကတည်းက မတွဲခဲ့သင့်ဘူး.. ရှင့်ကြောင့် ဘဝပျက်သွားတဲ့မိန်းကလေးတွေလည်း အများကြီးပဲ..'
 
  'သူတို့က အတင်းပေးကြတာလေ.. ငါ့အတွက်က မိန်းမဆိုတာ ပီကေလိုပဲ.. အချိုမကုန်မချင်း စားမယ်ဝါးမယ်.. အသုံးတော်ခံမယ်.. အချိုကုန်သွားရင် ထွေးပစ်လိုက်ရုံပဲ.. မင်းက ငါ့အတွက် အချိုမကုန်သေးတဲ့ပီကေ...မင်း ငါ့ကိုလက်မခံရင် ငါ့အကြောင်းသိရသေးတာပေါ့..'
 
  ပြောပြောဆိုဆို ဘောင်းဘီခါးပတ်ဖြုတ်၍ ခါးပတ်နှင့်တရွှမ်းရွှမ်းရိုက်တော့သည်။
 
  'အား... မလုပ်ပါနဲ့...ကျွန်မတောင်းပန်ပါတယ် ရာဇ်...'
 
  ရိုက်ချက်က အားပြင်းလွန်းသဖြင့် ထိုမိန်းကလေး ခုတင်ပေါ်မှ တစ်ဆုတ်တည်းဆုတ်ရင်း လက်ကာခေါင်းခါနှင့် ရှိုက်ကြီးတငင်ငိုယိုနေသည်။ ထိုသူ့ရိုက်ချက်တွေကို အလူးအလှိမ့်ရှောင်ရင်း ထွက်ပြေးဖို့ကြိုးစားသော်လည်း အချည်းနှီးဖြစ်ကာ လက်ထဲပြန်ချုပ်မိသွားသည်။
 
 
  ရုန်းသူရုန်း၊ ဆွဲသူဆွဲနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေကြဆဲမှာ ကိကိ တံခါးဖွင့်၍ အထဲဝင်လာသည်။ အင်္ကျီအိတ်ကပ်ထဲက ဖုန်းထုတ်၍ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်လိုက်သဖြင့် ထိုလူရွယ်နှင့် မိန်းကလေး ကြောင်စီစီဖြစ်သွားကြသည်။
 
  'ဟေ့... မင်း ဘယ်သူလဲ.. ဘာလို့ဒီအခန်းထဲဝင်လာတာလဲ..'
 
  'မိန်းကလေးတစ်ယောက်ကို အလိုမတူဘဲ အဓမ္မကျင့်၊ လူမဆန်စွာရိုက်နှက်နေတဲ့ကောင်ကို မြင်ဖူးတယ်ရှိအောင်လို့လေ.. တခြားမိန်းကလေးတွေပါ ဝေးဝေးရှောင်လို့ရအောင် နင့်ပုံ ယူထားလိုက်တယ်နော်...'
 
  'ဟား.. shit...'
 
  ထိုသူ ဆဲရေး၍ သူမဆီ လျှောက်လာတော့ ကိကိ အဝတ်အစားဖရိုဖရဲနှင့်ကောင်မလေးကို ပြေးဖို့အချက်ပြသည်။
 
  'ညီမ ပြေးတော့..'
 
  ထိုကောင်မလေးလက်ကိုဆွဲ၍ အခန်းပြင်တွန်းထုတ်ပြီး သူမပါထွက်ဖို့ ဟန်ပြင်လျှင် လက်ကိုဆောင့်ဆွဲခံလိုက်ရသဖြင့် နောက်သို့ယိုင်သွား၏။
 
  'မလောက်လေးမလောက်စားနဲ့ heroဝင်လုပ်ချင်တယ်ပေါ့.. မင်းကြောင့် ငါ့အစာလွတ်သွားတော့ မင်းက အစားပြန်လျော်ပေးရမှာပဲ.. လာခဲ့စမ်း...'
 
  'သောက်နှာဘူးကောင်.. နင်အဲလောက်ထန်နေရင် နင့်အိမ်မှာ sex dollဝယ်ပြီး နင့်စိတ်ကြိုက် လုပ်နေလိုက်..သက်ရှိမိန်းမတွေကို အာသာဖြေဖို့စိတ်မကူးနဲ့.. သူတို့က Noလို့ပြောလျက်နဲ့ ဆက်ကျူးလွန်ရင် အဲဒါ rapeပဲ မှတ်ထား.. ရုပ်ကိုက မုဒိမ်းရုပ်..'
 
  ကိကိ ထိုသူဆွဲချုပ်ဖို့ကြိုးစားနေတာကို ဖျတ်လတ်စွာရှောင်တိမ်း၍ ပြတင်းပေါက်ဆီပြေးသည်။
 
  'အဲလိုပြေးလို့လွတ်ရိုးလား မြေခွေးမ..'
 
  သူမ တံခါးဖွင့်ဖို့ဟန်ပြင်နေဆဲမှာ ခါးကနေ ဆွဲချခံလိုက်ရသဖြင့် မသတီသလို ရွံရှာသလို ဆတ်ဆတ်ခါသွားသည်။ ထိုသူ့မျက်နှာကို လက်သီးနှင့်ပင့်ထိုး၍ အနီးရှိစားပွဲပေါ်က ပန်းအိုးနှင့် ရိုက်ချသည်။ အလစ်ငိုက်ခံလိုက်ရသည့်လူက ကျားနာတစ်ကောင်ကဲ့သို့ ပို၍ ခက်ထန်လာသည်။
  သူမကို သဲကြီးမဲကြီးဖမ်းချုပ်ဖို့ကြိုးစားနေကာ ရင်ဘတ်ကိုပါ ရိုက်ထည့်လိုက်သော်လည်း ထိုလူ့လက်တွေသာ ပူစပ်ကျဥ်ခဲသွားလေသည်။ ကိကိ သူ့လက်ဝါးရိုက်ချက်ကြောင့် ပက်ခနဲလန်ကျသွားရာမှ ပြန်ထ၍ ပြတင်းပေါက်မှ ခုန်ဆင်းခဲ့၏။ အပြင်ကနေ တံခါးချက်ထိုး၍ ပြေးခဲ့စဥ် သူမနောက်သို့ လုံခြုံရေးတွေလိုက်လာကြသဖြင့် ကားပေါ်တက်၍ မောင်းပြေးရပြန်ပြီ သေပြေးရှင်ပြေး။
 
  သတင်းတစ်ပုဒ်ရ တစ်ခါ အသက်လုပြေးနှင့် သံသရာလည်နေသည့်သတင်းထောက်ဘဝဟာ မလွယ်ပါလား။ သို့သော် သူမက ခက်ခဲတာကိုပဲ အာရုံစိုက်လုပ်ချင်သည်။ သူများနှင့်မတူ တစ်မူထူးခြားချင်၏။ ထို့ကြောင့် ဒီအလုပ်ကိုနှစ်သက်စုံမက်စွာ ဆက်လုပ်နေဦးမည်ဖြစ်သည်။ ဒက္ခိဏလမ်းမှ ပြန်ခဲ့ပြီး ဘေးဘီဝဲယာကိုကြည့်နေစဥ် Doco Constructionနား ကိုက်တစ်ရာအကွာအဝေးမှာ Phoenix Studioဟူသည့် ဆိုင်းဘုတ်ကြီး ဟီးထနေသည့် Photography Studioကြီးကို မြင်လိုက်ရသည်။ ဖီးနစ်ငှက်ရုပ်ထုကြီးကလည်း ခေါင်မိုးထိပ်မှာ ထည်ဝါခံ့ညားစွာ တည်ရှိနေ၏။
 
  သူမ ထိုStudioကြီးကို စိတ်ဝင်စားသွားကာ ကားပါကင်မှာ ကားရပ်၍ Studioထဲဝင်ခဲ့သည်။ သူမက ဓာတ်ပုံပညာနှင့်ပတ်သက်လျှင် အထူးတလည် လေ့လာလိုက်စားခဲ့သူမို့ ဓာတ်ပုံရိုက်ရတာကိုလည်း ဝါသနာပါသည်။ ဓာတ်ပုံပြခန်းအတော်များများကိုလည်း ရောက်ခဲ့ဖူးသည်။ ဓာတ်ပုံပြပွဲတွေလည်း လက်လွတ်မခံဘဲ ​တကူးတက သွားကြည့်တတ်ပေမဲ့ ဤမျှ ကြီးကျယ်ခမ်းနားသည့် Studioမျိုးကိုတော့ မမြင်ဖူးခဲ့ပေ။ ဒါမှမဟုတ် သတိမထားမိတာပဲ ဖြစ်လိမ့်မည်။
 
  Studioထဲ ဝင်လိုက်သည်နှင့် aircon၏အအေးဓာတ်ကြောင့် ကိကိတစ်ကိုယ်လုံး အေးစိမ့်သွားသည်။ နံရံတွေမှာ ချိတ်ဆွဲပြသထားသည့် ဓာတ်ပုံများကလည်း အေးစက်တည်ငြိမ်သည့် အငွေ့အသက်ကိုဆောင်နေ၏။ ရှုခင်းပုံတွေ၊ မြို့ပြပုံတွေ၊ သွားလာလှုပ်ရှားနေသည့် လူများ၏ ပုံတွေ စသဖြင့် မတူညီသော ဓာတ်ပုံများမှာ တူညီနေတာ တစ်ခုပဲရှိသည်။ ထိုအရာကား ဓာတ်ပုံတိုင်းလိုလို အေးစက်စွာ အသက်ဝင်ခြင်း။
  ရှုခင်းပုံကိုကြည့်လိုက်လျှင် ထိုရှုခင်းဆီသို့ ကိုယ်တိုင် ရောက်ခဲ့ဖူးသလိုမျိုး ဓာတ်ပုံများက ဆွဲဆောင်မှုရှိသည်။ ထို့အပြင် ဓာတ်ပုံတိုင်း၏ ထောင့်နားမှာ Phoenix ဆိုသည့် လက်မှတ်နှင့်အတူ ဓာတ်ပုံများ၏ နေ့စွဲကိုပါ ဖော်ပြထား၏။
 
  ၂၀၁၈ခုနှစ်ဝန်းကျင်က ပုံတွေချည်း ဖြစ်နေသောကြောင့် သူမ မမွေးခင်ကတည်းက ရိုက်ထားသည့် ပုံတွေလား။ ဒီလောက် နှစ်တွေ​ကြာခဲ့တာတောင် ဆေးသားတွေ၊ ဓာတ်သားတွေ ဟောင်းနွမ်းမသွားဘဲ အသစ်စက်စက်အတိုင်း ကြည်လင်၍ ရုပ်လုံးကြွနေသည့်ပုံတွေကိုကြည့်ရင်း ကိကိ ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်နေသည်။ ထိုဓာတ်ပုံတွေထဲက နေရာတွေကို သူမကိုယ်တိုင် ရောက်ခဲ့ဖူးသလိုပင် ခံစားရ၏။
  သို့သော် ဘယ်တုန်းကမှ မရောက်ခဲ့ဖူးတာလည်း သေချာလေသည်။
စင်္ကြန်လမ်း၏ နံရံထက်က ဓာတ်ပုံတွေကို တစ်ပုံချင်းစီ စီးမျောကြည့်ရှုခံစားနေစဥ် အခန်းထောင့်ကျကျ မှန်ရှိုးကစ်လေးထဲမှာ ကျွန်းကနုတ်နှင့်ဘောင်ခတ်ထားသည့် အယ်လ်ဘမ်လေးကိုမြင်လိုက်ရသည်။ အညိုရောင် အယ်လ်ဘမ်လေးက ကနုတ်ဘောင်တွေနှင့် ရိုးရှင်းနေသော်လည်း သူမမျက်လုံးထဲမှာ ထူးဆန်းနေ၏။

ထိုအယ်လ်ဘမ်မျက်နှာဖုံးမှာ ရေးထားသည့် 'ဦးဆွေးဆံမြည့်'ဟူသော စာတန်းလေးက ယောက်ျားတစ်ယောက်၏ လက်ရေးဆန်လှသည်။ ကိကိ ထိုအယ်လ်ဘမ်ကို စိတ်ဝင်စားသွားကာ ရှိုးကစ်မှန်ကိုဖွင့်၍ လက်လှမ်းလိုက်စဥ် ဖုန်းဝင်လာသဖြင့် မှန်ကိုပြန်ပိတ်၍ ဖုန်းကိုင်လိုက်ရသည်။

'ဟဲလို ပါးပါး..'

'နေစောင်းနေပြီ.. အိမ်ပြန်ခဲ့ဦး...'

ဖုန်းထဲမှ ပါးပါးလေသံက မာနေသည်။ ဒေါသထွက်နေပုံလည်း ရ၏။ ပါးပါးအိမ်ပြန်ခေါ်သည့်အကြောင်းရင်းကို တစ်လမ်းလုံးစဥ်းစား၍ အိမ်ပြန်ရောက်လာခဲ့လျှင် အိမ်ရှေ့ဧည့်ခန်းထဲမှာ အထုပ်အပိုးများနှင့်ဧည့်သည်တစ်ယောက်က ရောက်နေသည်။

'ဖြူစင်လွန်း...'

သူမနာနီကြီး ဒေါ်ကြာရိုး၏ တူမ ဖြူစင်လွန်းက ကိကိကိုမြင်တော့ ပြုံးရွှင်စွာ လှည့်ကြည့်သည်။

'ကိကိ..'

ကိကိ ဖြူစင်လွန်းကိုမြင်သည်နှင့် မျက်ခုံးနှစ်ဖက် ကုတ်ချီသွားကာ အလိုမကျဟန်တွေ ချက်ချင်းပေါ်လာ၏။

'ဘာကိကိလဲ.. ငါ နင့်ထက် ဆယ်လကြီးတယ်.. ငါ့ကို မမကိကိလို့ခေါ်...'

'ဟုတ်ကဲ့ပါ မမကိကိ...'

သူမက ဖြုံဟန်မပြဘဲ အပြုံးမပျက်ခေါ်လိုက်သည့်ပုံစံက ရွဲ့နေသလိုပင်။

  'ဘာလာလုပ်တာလဲ ဒီကို...'
 
  'မမကိကို သတိရလို့ လာလည်တာပေါ့လို့.. မမကိကတော့ ဖြူ့ကို အမှတ်တောင် ရရဲ့လား..'
 
  'အိုဗာတွေ လာပြောမနေနဲ့.. နင့်အဖေဖဲရှုံးလို့ နီနီ့ဆီ လာကပ်တာမို့လား..'
 
  ကိကိပြောပေါက်ကြောင့် ဖြူစင်လွန်း မျက်နှာတစ်ချက်ပျက်သွား၏။ ခဏပဲဖြစ်ကာ ချက်ချင်း ပြန်ပြင်၍..
 
  'မမကိကလည်း သိနေပြန်ပြီ.. ဒဲ့ကြီးပြောတော့ ရင်ထဲနည်းနည်းတောင် နာသွားတယ်...'
 
  မျက်နှာငယ်ပုံစံလေးနှင့် အိစိအိစိပြောနေသဖြင့် ကိကိ နားရင်းထအုပ်ချင်စိတ်ကို အံကြိတ်မျိုသိပ်လိုက်ရကာ..
 
  'ဘယ်နှရက်နေမှာလဲ.. ဘယ်အချိန်ပြန်မှာလဲ.. ငါ့အခန်းဘေးမှာ လာနေဖို့တော့ စိတ်မကူးနဲ့နော်.. ပါးပါးက သဘောကောင်းပေမဲ့ ငါက သဘောမကောင်းဘူး...'
 
  ငယ်ငယ်က ဖြူစင်လွန်း အလည်ရောက်လာတိုင်း သူမအခန်းထဲ ခိုးဝင်အိပ်တတ်ကာ ကစားစရာအရုပ်တွေလည်း  မသိအောင် ယူတတ်သေး၏။ သူမ လက်ပူးလက်ကြပ်မိ၍ အော်ဟစ်သောင်းကျန်းတော့ ပါးပါးက သူမကိုပဲ ဆူသည်။ အရုပ်တွေကိုလည်း ထိုအဖြူရောင်ကောင်မပဲ အပိုင်စီးသွားကာ ကိကိ ဖွတ်မရ ဓားမဆုံး ဖြစ်ခဲ့ရတာတွေ တွေးမိရင်း စိတ်က ပြန်တိုလာ၏။
  သူမ ဖြူစင်လွန်းကို တစ်စက်ကလေးမှတောင် ကြည့်မရသည်အထိ အမြင်ကတ်လေသည်။
 
  'ကြိုပြောထားတယ်နော်.. ဒီအိမ်မှာနေရင် စည်းကမ်းရှိရှိနေပါ.. ငါ့ခွင့်ပြုချက်မရဘဲ ငါ့ပစ္စည်းတွေ မထိနဲ့ မကိုင်နဲ့.. မျက်လုံးနဲ့တောင် ဝေ့မကြည့်နဲ့.. ငါ့အခန်းနားလည်း ခြေတစ်လှမ်းတောင် မကျူးနဲ့...'
 
  ကိကိက ထုံးစံအတိုင်း ခပ်ပြတ်ပြတ်သတိပေးလျှင် ထိုကလေးမက မသိမသာ နှုတ်ခမ်းမဲ့ပြီးမှ ခေါင်းညွှတ်ပြ၏။
 
   'ဟုတ်ကဲ့ပါ မမကိရဲ့.. ဖြူ မမကိပစ္စည်းတွေ မထိပါဘူး...'
  
   အိညှက်ညှက်အသံက နားကလောစရာပင်။ ကိကိ ဘာမှဆက်ပြောလိုစိတ်မရှိတော့ဘဲ အပေါ်ထပ်သို့ တက်ဖို့ ခြေလှမ်းပြင်စဥ် ပါးပါး ထွက်လာ၏။
  
   'နေဦး.. ဒီကိုလာစမ်းပါဦး မယ်မင်းကြီးမ.. ညည်းကို အတော်စောင့်လိုက်ရတယ်...'
  
   'ဘာကိစ္စကြောင့်လဲ ပါးပါး..'
  
   ကိကိကလည်း ချက်ချင်း ပြန်မေးသည်။ ဓူဝံက ဖြူစင်လွန်းကို ရှောင်ပေးဖို့ လက်ပြပြီး ထိုကောင်မလေး အိမ်ထဲဝင်သွားမှ ဆက်တီပေါ်ထိုင်၏။
  
   'ဘာကိစ္စဖြစ်ရမလဲ... ညည်း ဒီနေ့ Tun Constructionက ဦးထွန်းလင်းရဲ့သားကို ရိုက်နှက်လိုက်တယ်ဆို..'
  
   ကိကိမျက်နှာ တင်းသွားသည်။ ပါးပါး ဒေါသဖြစ်နေကတည်းက ဒီကိစ္စပဲလို့ ရိပ်မိ၏။
  
   'ပါးပါးမေးတာ ဖြေလေ မီးလေး.. ဘာဖြစ်လို့ပြဿနာရှာလာရတာလဲ..'
  
   ဓူဝံ မျက်နှာစူပုပ်နေသည့်သမီးကို စိတ်ပျက်လက်ပျက်ကြည့်၍ ခပ်ဆတ်ဆတ်မေးသည်။ သူမလေးက ပြန်မဖြေသည့်အပြင် သူမေးတာကိုပင် မကြိုက်သည့်ပုံစံနှင့် မျက်ခုံးတွေ တွန့်ချိုးနေ၏။
  
   'မီးလေး ဘာလို့ငြိမ်နေတာလဲ .. မေးတာဖြေလေ..'
  
   'သူတို့က အုပ်စုနဲ့လာဝိုင်းကြတာလေပါးပါး.. သမီးကိုဆွဲမယ်ချုပ်မယ်လုပ်နေတာ သမီးက ငြိမ်ခံနေရမှာလား..'
  
   ပြန်မေးသည့် လေသံက စွာနေသည်။ ဖအေကို ဒီလိုမျိုး ပက်ခနဲပြန်ပြောတတ်သည့်အကျင့်ကလည်း မပျောက်သေး။
  
   'ပါးပါးက ငြိမ်ခံနေဖို့ပြောတာမဟုတ်ဘူး.. လွန်လွန်ကြူးကြူးမဖြစ်စေချင်တာ.. အခုမီးလေးလုပ်လိုက်လို့ ဟိုကောင်လေး ဆေးရုံရောက်နေပြီ.. သူ့ပခုံးအရိုးအက်သွားတယ်တဲ့.. သူ့မိဘတွေက ရှေ့နေငှားပြီး တရားစွဲဖို့ပြင်နေလို့ ပါးပါး အဲဒီ့ကိစ္စရှင်းရဦးမှာ သိရဲ့လား...'
  
   'အံမာ..သူခိုးကများ လူပြန်ဟစ်လို့... ဒင်းကိုတောင် ကာယဣန္ဒြေပျက်စေမှုနဲ့ ပြန်ပြီး တရားစွဲသင့်သေးတာ..ဟိုနေ့ကမှ သူတို့ကုမ္ပဏီ ဒေဝါလီခံထားရတာ.. သမီးကို တရားစွဲပြီး ပါးပါးဆီက ငွေညှစ်မယ့်အကွက်တွေ မသိရင် ခက်မယ်...'
  
   သူမက ဆက်တီပေါ် ဆောင့်အောင့်ထိုင်ချ၍ လက်သီးဆုပ်အံကြိတ်နေသေး၏။ တရားစွဲခံရမည့်အရေးကို ပူပင်ဟန်မရှိဘဲ ဒေါသတွေထွက်ပြနေသည့်သမီးကို ဓူဝံ လက်မြှောက်ချင်စိတ်ပေါက်သွားသည်။
   မိတဆိုးသမီးလေးမို့ အလိုလိုက်ခဲ့မိတာ မှားပြီထင်သည်။ သူရော၊ မြူလွင်ရော စိတ်မဆတ်ကြပါ။ အင်မတန် စိတ်ရှည်သည်းခံတတ်ကြသူတွေဖြစ်၏။ သမီးကျမှ သူတို့နှင့်မတူဘဲ စိတ်တိုစိတ်ဆတ်လွယ်ကာ ဖြစ်လိုက်သည့်ရန်ပွဲ၊ တက်လိုက်သည့်ပြဿနာ။ ကျောင်းအုပ်ရုံးခန်းလည်း ရောက်သည်။ ပါမောက္ခဆီလည်း ဝင်ခဲ့ရ၏။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာလည်း ခံဝန်လက်မှတ်ထိုးခဲ့ရဖူးပြီ။
  
ဒီတစ်ခါ ရဲစခန်းရောက်ရဦးမှာလား။ ထိုကလေးကတော့ သူမှန်တယ်ဟု ကြွေးကြော်၍ ဂရုမစိုက်သလို ပေါ့ပါးစွာနေပေမဲ့ ရင်နှစ်သည်းချာ သမီးလေးမို့ သူမ ပြဿနာဖြစ်တိုင်း စိတ်ပူရစမြဲပင်။ သူ့သွေးသား ဖြစ်နေသည့်အတွက် သူ့စွမ်းအားတွေ သမီးကိုယ်ထဲ အပြည့်အဝစီးဆင်းနေသည်။ ငယ်စဥ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ကိုယ်ခံပညာတွေပါ သင်ပေးထားခဲ့၏။ ထိုအစွမ်းတွေ၊ ပညာတွေကပဲ အဆင်းကို ဘီးတပ်ပေးနေသလားတော့ မပြောတတ်ချေ။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now