'သီရိဂေဟာက မြသီတာဆိုတဲ့အမျိုးသမီးကို မနေ့ကပဲ ကြိုးပေးလိုက်တယ်...'
လုလင်က ရေနွေးကြမ်းသောက်ရင်း စကားစသည်။ စစ်သည်က ခေါင်းတစ်ချက်ညိတ်၍ ရေနွေးကြမ်းအိုးထဲသို့ လက်ဖက်ခြောက်တွေထပ်ခတ်၏။
'သူ့ကို တစ်ပတ်လောက်ညှင်းဆဲပြီး စစ်မေးတာတောင် ဘာသဲလွန်စမှချန်မသွားဘူး.. အတော်ခေါင်းမာတဲ့အမျိုးသမီးပဲ.. သေတဲ့အထိ သူ့backgroundကိုဖုံးကွယ်သွားတယ်.. ခရစ်ယာန်ဘုရားကျောင်းလူသတ်မှုလည်း အဲဒါနဲ့ဆက်စပ်နေမယ်လို့ယူဆရတယ်.. အခင်းဖြစ်တဲ့နေရာတိုင်း ကူမန်ထောင်လို့ခေါ်တဲ့ ကလေးရုပ်တွေ တွေ့နေရလို့..'
'အဲဒီ့အရုပ်တွေ မှောင်ခိုဈေးကွက်ထဲတွင်ကျယ်လာရင် ပိုပြီးထိန်းရခက်လာနိုင်တယ်.. သေချာကြပ်မတ်မှဖြစ်မယ်ညီ..'
'ကျွန်တော် ဒီအပိုင်းကို ကိုကိုပြောသလိုပဲ သေချာစိစစ်နေတာပါ.. ဥပဒေအရလည်း တားမြစ်ပိတ်ပင်ထားတယ်.. ဒါပေမဲ့ ဘာရည်ရွယ်ချက်နဲ့ ဒီအရုပ်တွေကိုပွားပြီးအသုံးချနေမှန်း စဥ်းစားလို့မရသေးဘူး.. ကလေးပျောက်ဆုံးမှုတွေလည်း ခပ်စိပ်စိပ်ဖြစ်လာတယ်...'
လုလင် အတော်ခေါင်းစားနေဟန်ဖြင့် ညည်းညူသည့်လေသံပါထွက်လာ၏။
'စီးပွားဖြစ်မှောင်ခိုဖြန့်ချိတာထက်ကို ပိုပြီးကြီးကျယ်တဲ့ရည်ရွယ်ချက်ရှိမယ်လို့ ကျွန်တော်ထင်နေတယ်...'
သူ့ဘာသာ ရေရွတ်နေပြီးမှ..
'ကဲ ထားပါလေ.. ကိုကို့ဆီ တစ်ခါတလေပဲ လာလည်ခွင့်ရတုန်းကို အမှုကိစ္စတွေအကြောင်း တွေးမနေတော့ဘူး.. ကိုကို ဒီမှာနေရတာရော အဆင်ပြေရဲ့လား..'
'အင်း.. ပြေပါတယ်..'
'ကိုကို့အိမ် decorationကတော့ ရှယ်ပဲနော်... လုံးဝ luxuryဆန်တယ်.. ကိုရဲရင့်အောင်က တကယ်စေ့စပ်သေချာတာပဲ.. ကျွန်တော်လည်း ကိုကို့အိမ် အတွင်း decorationပုံစံမျိုး ပြင်ဖို့တွေးထားတယ်..'
'ကောင်းသားပဲ..'
'ကျွန်တော်တွေးထားပြီဆို အကောင်အထည်ဖော်ဖြစ်တာက နောက်နှစ်လောက်မှလေ.. အရင်အိမ်ကနေ အခုနေတဲ့ ခရေခြံထဲပြောင်းဖို့တောင် ၅နှစ်ကြာတယ်.. အလုပ်ကလည်း ခပ်များများကိုး.. ကျွန်တော်ဒီလောက် အလုပ်ရှုပ်တာတောင် ညီမလေးက အိမ်ထောင်ပြုခိုင်းနေသေးတယ်...'
'ဟော.. ဟုတ်သားပဲ.. ညီက အိမ်ထောင်မပြုတော့ဘူးလား..'
'စိတ်မဝင်စားပါဘူးကိုကိုရာ.. ကျွန်တော် အမှန်တိုင်းပြောရရင် ကိုကိုနဲ့ကိကိအဖြစ်ကိုမြင်ပြီး ချစ်ရမှာကြောက်သွားတာ.. ဒီအတိုင်းလေးပဲ အေးချမ်းပါတယ်.. အချစ်က မီးလိုပူလောင်တယ်လေ.. ဟုတ်ရဲ့လား ကိုကို...'
လုလင်က မျက်စပစ်၍စကားထောက်လျှင် သူ ရေနွေးကြမ်းပန်းကန်ကို နှုတ်ခမ်းဝမှာတေ့ထားပြီးမှ မသောက်ဖြစ်ဘဲ..
'အချစ်က မီးလိုပူလောင်ပေမဲ့ ကိုကိုတို့ကတော့ ပိုးဖလံကောင်တွေလို မီးထဲကို မိုက်မိုက်မဲမဲတိုးဝင်ချင်ကြတာပါပဲ...'
'ဟား ဟား ဟား...'
သူ့စကားကြောင့် လုလင် ဟက်ဟက်ပက်ပက်ရယ်သည်။
'ကိုကို့ကို လွယ်မောင်းတောင်မှာ အဓိဌာန်ဝင်နေတယ်ဆိုတော့ လောကီအရေးတွေစိတ်ကုန်သွားပြီ.. တရားဓမ္မနဲ့ပဲ အေးအေးချမ်းချမ်းနေသွားပြီထင်တာ...'
'အစွဲအလမ်းက ဖြတ်ရခက်တယ်ညီ... နှစ်ပေါင်းနှစ်ဆယ်လုံးလုံး သူ့အကြောင်းမတွေးတဲ့နေ့ရယ်လို့ တစ်နေ့မှတောင် မရှိဖူးဘူး.. ဦးလုံက တရားဓမ္မနဲ့ငြိမ်းချမ်းစွာနေသွားစေချင်ပေမဲ့ ကိုကိုက သူ့ကြောင့် ပြန်လာခဲ့တာ..'
သူက တည်ငြိမ်စွာပြော၍ ရေနွေးကြမ်းသောက်နေ၏။
'ကိုကိုလည်း ကိကိကိုတော့ မစွန့်လွှတ်နိုင်ခဲ့ပဲကိုး... ညီ ကိုကို့ခံစားချက်ကိုနားလည်ပါတယ်.. ဒါကြောင့် ကိုကို အဆက်အသွယ်ဖြတ်ခဲ့တာကိုလည်း အောက်မေ့တာမျိုးရှိပေမဲ့ စိတ်ကွက်လို့မရခဲ့ဘူး.. ကိုကိုက ညီတို့မိသားစုအပေါ်မှာ တာဝန်ကျေတာထက်ကို ပိုခဲ့ပါတယ်.. ညီက ကိုကို့ရွေးချယ်မှု၊ ကိုကို့ဆန္ဒတွေအားလုံးကို လေးစားပြီးသား၊ နားလည်လက်ခံပြီးသားပါ..'
လုလင် အပြုံးနှင့်ပြောရင်း မျက်နှာပြန်တည်သွားကာ..
'ဒါနဲ့.. ကိုကိုနဲ့ရာဇ်က စိမ်းနေသလိုပဲနော်...'
လုလင်အပြောကြောင့် သူ့မျက်လုံးတွေဝေ့လာသည်။
'တွေ့တာမှမကြာသေးတာ.. စိမ်းတာမဆန်းပါဘူးညီ...'
သူ ပြန်ဖြေတော့ လုလင် တစ်ခုခုကိုရိပ်မိနေသလိုမျိုး လေးနက်သောအကြည့်များနှင့် စူးစိုက်ကြည့်လျက်..
'မဟုတ်ဘူး... ညီ စကားအသုံးအနှုန်းမှားသွားတာ.. ရာဇ်က ကိုကို့ကို စိမ်းတယ်ဆိုတာထက် ရန်သူလိုမြင်နေတာမျိုး.. ကိုကိုနဲ့ညီလည်း ဟိုတစ်ချိန်က ဝေးကွာခဲ့ကြဖူးတာပဲ.. နှစ်တွေအကြာကြီးနေမှ ပြန်တွေ့ကြပေမဲ့ သွေးသားဆက်နွှယ်မှုကြောင့် ကိုကို့ကို သူစိမ်းလူလို ဘယ်တုန်းကမှမခံစားခဲ့ရဘူး..ညီတို့ စတွေ့တုန်းက သွေးက စကားပြောလို့ရင်းနှီးခဲ့သလိုမျိုး ရာဇ်မှာ မတွေ့ရဘူး..'
'ညီ.. အတွေးဆိုတာ တွေးရင်တွေးသလောက် နက်နဲကျယ်ပြန့်တတ်တဲ့သဘောရှိတယ်.. အများကြီးမတွေးပါနဲ့...'
လုလင်က အကဲခတ်ဖို့မလွယ်သည့်သူ့ကိုပဲ မျက်လုံးမလွှဲတမ်းကြည့်ရင်း အတန်ကြာတိတ်ဆိတ်သွား၏။ ကိုကို့စိတ်ကို သူသာလျှင် နားလည်နိုင်ဆုံးဟု သတ်မှတ်ထားခဲ့သော်လည်း သူ့ခန့်မှန်းလို့ရနိုင်သည့်ဘောင်ကိုကျော်လွန်၍ လျှို့ဝှက်နက်ရှိုင်းလွန်းသည့် မျက်လုံးတွေထဲကစာကို ဖတ်နိုင်ဖို့တော့ ခဲယဥ်းနေပြန်သည်။ ကိုကိုက တစ်ခါတစ်ရံမှာ ဘယ်မျှအထိ နက်မည်မှန်းမသိနိုင်သော သမုဒ္ဒရာနှင့်တူနေ၏။
'ရာဇ်က ဘယ်လိုဗီဇပါလာမှန်းမသိဘူး.. အရမ်းထိန်းရခက်တဲ့ကလေးပဲ..'
'အဲဒီ့အရွယ်တွေက အဲလိုပါပဲ... ဖြစ်တတ်ပါတယ်..'
ကိုကိုက အကြောင်းမသိ၍ အေးအေးလူလူပြောနေသလားတော့မတွေးတတ်ချေ။ လုလင်ကတော့ ရာဇ်အကြောင်း အတွေးဝင်လာတိုင်း သောက်လက်စရေနွေးကြမ်းပင် နင်မိသည်။
နှစ်ယောက်သား တဒင်္ဂတိတ်ဆိတ်သွားစဥ် သူ့ဘေးခုံပေါ်တင်ထားသည့်ဖုန်းက မြည်လာသဖြင့် စစ်သည် ဖုန်းကိုင်လိုက်ရသည်။
'ဟဲလို..'
'....,....,...'
'အင်း.. ဟုတ်ပြီ...'
ဖုန်းကိုပြန်တင်၍ သူ ညီ့ကိုတစ်ချက်ကြည့်ကာ..
'ညီ... ကိုကိုကိစ္စလေးရှိလို့ အပြင်သွားရဦးမယ်.. မကြာဘူး ပြန်လာမှာ... ညီရော ပြန်တော့မှာလား..'
'ညီ မပြန်သေးပါဘူး.. ကိုကိုလာတဲ့အထိစောင့်ပါ့မယ်.. ကိုကို အေးဆေးသွားပါ...'
'အိုခေ...'
သူ ကားသော့ယူ၍ ထွက်လာခဲ့ပြီး The Fair Way Of The Justice ဂျာနယ်တိုက်သို့မောင်းခဲ့လေသည်။
'ကိကိ... နင့်အိမ်က မလာသေးဘူးလား...'
နိုမီ အထုပ်တွေဆွဲ၍ ထွက်လာတော့ ကိကိက ကျောပိုးအိတ်ပိုက်ထားရင်း ခေါင်းခါပြသည်။
'အဲဒါဆို ဖယ်ရီနဲ့ပြန်ရအောင်လေ..'
'ရပါတယ်ဟာ... ငါ ပါးပါးလာကြိုတဲ့အထိစောင့်လိုက်ပါ့မယ်..'
ဟိုတစ်နေ့က Studioမှာဖြစ်ခဲ့သည့်ပြဿနာကြောင့် ပါးပါးက အသွားအလာလျှော့ရမည်ဟုဆိုကာ ကားသိမ်းလိုက်ပြီး သူကိုယ်တိုင်အကြိုအပို့လုပ်ပေးတာ သုံးရက်ရှိပြီ။ သူမ စကိတ်တောင် ပတ်စီးခွင့်မရသေးဘဲ ပါးပါးစိတ်ပြေသည်အထိ အနေအထိုင်ဆင်ခြင်ရဦးမည်။
နိုမီနှင့်အတူ ကားစောင့်နေစဥ် သူမတို့ထိုင်နေသည့် အုတ်ခုံနားသို့ ကားနက်တစ်စီးထိုးရပ်လာ၏။ ကားပေါ်မှဆင်းလာသူကြောင့် ကိကိ ထိုင်ရာမှထရပ်မိသည်အထိအံ့သြသွားလေသည်။
'ဦးနတ်..'
'အင်း.. မင်းကိုလာခေါ်တာ.. ပြန်မယ်လေ..'
'ဟင်... ဟုတ်..'
ကိကိ တစ်ချက်ကြောင်သွားပြီးမှ ကမန်းကတန်းခေါင်းညိတ်၍ နိုမီ့ဘက်လှည့်သည်။
'နိုမီ.. ဒါ ငါခဏခဏပြောနေတဲ့ ငါ့ပါးပါးသူငယ်ချင်းလေ... သွားပြီနော်...တာ့တာ...'
မိတ်ဆက်ဖြစ်အောင် ဆက်ပေး၍ သူ့ကားထဲသို့ရွှင်မြူးစွာဝင်ထိုင်၏။ နိုမီပါးစပ်အဟောင်းသားနှင့် ကျန်ရစ်ခဲ့မည်ကို လှည့်မကြည့်ဘဲ သိနေ၏။
'ပါးပါးမအားလို့ ဦးနတ်လာခေါ်တာလား...'
'အင်း...'
'သမီးကိုအိမ်တန်းပြန်ပို့မပေးနဲ့နော်..သမီး ဦးနတ်အိမ်လိုက်မှာ..'
သူမစကားကြောင့် သူ ကားကိုလမ်းကြောင်းပြောင်းလိုက်သဖြင့် ကိကိ ကျေနပ်သွားသည်။ ဤသို့ဖြင့် သူ့အိမ်ပါလာခဲ့ပြီး ကားပေါ်မှဆင်း၍ သူ့နောက်မှ ထပ်ကြပ်မကွာလိုက်လာသည်။ သူမတစ်ယောက်သာ သူ့ဧည့်သည်အဖြစ် လိုက်ပါလာသည်ဟုထင်ထားသော်လည်း သူမထက်အရင်ကြိုရောက်နေသူက ရေနွေးကြမ်းသောက်နေ၏။
'ဟော.. ကိုကို.. ပြန်လာတာ မြန်သားပဲ..'
လုလင်က သူ့နောက်မှပါလာသည့်ကောင်မလေးကိုပါ ဝေ့ကြည့်မိလျှင်...
'ဟင်...'
ကမ္ဘာကြီး ချက်ချင်းလက်ငင်းပြောင်းပြန်လည်သွားပြီထင်၏။ အံ့သြလွန်းသဖြင့် လက်ထဲကရေနွေးကြမ်းခွက်ပါ လွတ်ကျတော့မတတ်ဖြစ်သွားကာ ကမန်းကတန်း ပြန်ဖမ်းယူလိုက်ရသည်။
'ကိကိ...'
လွှတ်ခနဲခေါ်လိုက်သံက တိုးပေမဲ့ သူမက ကြားသွားပုံပေါ်သည်။ အပြုံးလေးနှင့်ပြန်ကြည့်လာကာ စစ်သည်ဘေးနားသို့တိုးကပ်၍..
'ဦးနတ်... အဲဒါ ဦးနတ်အစ်ကိုလား..'ဟု မေး၏။
'အစ်ကိုမဟုတ်ဘူး... ညီပါ...'
လုလင်ကပဲ အံ့သြနေဆဲအရှိန်နှင့်ဝင်ဖြေသည်။
'ဟယ်... တကယ်...'
မျက်ခုံးပင့်၍ တအံ့တသြမေးနေပုံက ဟိုတုန်းက ကိကိပုံစံအတိုင်းတစ်ထပ်တည်း။ လုလင် မယုံနိုင်လွန်းသော ခံစားချက်ကြီးနှင့် ကြက်သီးတွေပါထလာသည်။
'ဦးနတ်က ပိုနုတယ်နော်... Supernaturalဆိုတော့ အဲလောက်တော့ရှိမှာပေါ့..'
ကိကိက သူ့ကိုတစ်လှည့်၊ လုလင်ကိုတစ်လှည့်ကြည့်၍ မှတ်ချက်ပေးနေပြီး သူ့အနားသို့တိုးကပ်သွားပြန်ကာ...
'မိတ်ဆက်ပေးဦးလေ ဦးနတ်ရဲ့... မိသားစုဝင်ရှိလျက်နဲ့လျှိုတယ်နော်...'
အပြစ်တင်သည့်လေသံနှင့်ခပ်ကျိတ်ကျိတ်ပြောပြန်သည်။ စစ်သည်က စီးကရက်တစ်လိပ်ထုတ်၍ မီးညှိလိုက်ပြီးမှ..
'သူက ကိုယ့်ညီ စစ်လုလင်... ညီကတော့ မင်းကိုသိပြီးသား..'
'ဟင် သိပြီးသားလား.. ဦးနတ်က သမီးအကြောင်းတွေပြောပြထားတာပေါ့...'
သူမက လိုရာဆွဲတွေး၍ ကျေနပ်သွားပုံဖြင့် လုလင်ကို လက်ကမ်းပေးလျှင် နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ဖြစ်ကြသည်။
'ဦးနတ်ရဲ့ညီဆိုတော့ အန်ကယ်လေးပေါ့... အန်ကယ်လေးလို့ခေါ်မယ်နော်...'
လုလင် ယောင်ယမ်း၍ ခေါင်းညိတ်ပြမိကာ..
'ကျန်းမာရေးကောင်းတယ်မို့လား ကိကိ..'
တစ်ချိန်က ကျန်းမာရေးချူချာလွန်းသည့်သူငယ်ချင်းမလေးကိုလွမ်းသည့်စိတ်ဖြင့် လွှတ်ခနဲမေးမိသည်။ ကိကိက တခြားလူတစ်ယောက်လိုခြားနားသွားလိမ့်မည်ဟုသူထင်ခဲ့သော်လည်း ဘဝဟောင်း၏ အငွေ့အသက်တွေထင်ဟပ်နေဆဲမို့ သူပိုပြီး အံ့သြတုန်လှုပ်မိသည်။ အခုမြင်တွေ့လိုက်ရသည့်ပုံစံဟာ အတိတ်မေ့နေသူတစ်ယောက်လို သူတို့ကို မမှတ်မိရုံမျှသာဖြစ်ကာ ရှေးယခင်ကအတိုင်း ဘာမှမပြောင်းလဲချေ။
'ကောင်းတာပေါ့... ဒေါင်ဒေါင်မြည်ပဲ...'
သူမက သွက်လက်စွာ ပြန်ဖြေနေပေမဲ့ လုလင်ကတော့ မျက်ရည်ဝေ့နေပြီဖြစ်ကာ ဘာမပြောညာမပြောထရပ်၍ အပြင်ဘက်သို့ပြေးထွက်ခဲ့သည်။ ရေကန်နားရောက်မှ မျက်ရည်တွေလိမ့်ဆင်းလာကာ သည်းထန်စွာငိုကြွေးမိ၏။
'ကိကိ... နင် တကယ်... တကယ်ပြန်ဝင်စားခဲ့တာပဲ...'
ဗလုံးဗထွေးပြောရင်း ကိကိနှင့်အမှတ်တရတွေက ပြန်ပေါ်လာသဖြင့် ပို၍ဝမ်းနည်းလာ၏။
မျက်ရည်မဆည်နိုင်ဘဲ ရှိုက်ငိုနေပြီး အတန်ကြာမှ အင်္ကျီအိတ်ကပ်ထဲက လက်ကိုင်ပဝါကိုထုတ်၍ မျက်ရည်သုတ်သည်။ စိတ်ကိုပြန်ထိန်း၍ မျက်နှာကိုပုံမှန်ဖြစ်အောင် ပြန်လည်ပြုပြင်ပြီးမှ သူ အိမ်ထဲဝင်လာသည်။ ဧည့်ခန်းထဲမှာ ကိကိကိုမတွေ့ရတော့ဘဲ စစ်သည်တစ်ယောက်သာ စီးကရက်ထိုင်သောက်နေ၏။
'ကိုကို... ကိကိရော...'
'သူ ဟင်းချက်နေတယ်..'
'ကိကိ မပြောင်းလဲဘူးနော်... ပိုပြီးသွက်လာတာလေးတစ်ခုပဲ...'
'အင်း...'
'ညီ ခုနက တကယ်ရှော့ခ်ရသွားတာ..'
လုလင်က ငိုသံနှင့်ပြောရင်း မျက်ရည်လက်ကျန်တွေကိုပြောင်စင်အောင် ပွတ်သုတ်လိုက်ပြီး...
'ညီ ငိုမိသွားတယ်.. ကိကိတို့ညီမလေးတို့နဲ့ဆို ညီ အမြဲလူငယ်လိုပဲခဲစားရတယ်...ညီ မရင့်ကျက်သေးဘူးနော်...'
လုလင်က သူ့ဘာသာပြော၍ ပြုံးရိပ်ဆင်ကာ..
'ကိုကိုနဲ့သူ့အခြေအနေကရော ဘယ်လိုလဲ..'
ပြုံးစစနှင့်မေးလာတော့ သူ စီးကရက်မီးခိုးတွေမှုတ်ထုတ်ရင်း နှုတ်ခမ်းတွန့်ပြုံး၏။
'ရိုးရိုးသားသားပါပဲ...'
'ဟားဟားဟား...'
သူ့အဖြေကြောင့် လုလင် တဟားဟားအော်ရယ်မိကာ..
'ကိုကို... အသက်လည်းရနေပြီ.. ဘာတာဝန် ဘာဝန်ထုပ်ဝန်ပိုးမှလည်းမရှိတော့ဘူး၊ ချစ်တဲ့သူနဲ့ အေးအေးချမ်းချမ်းလေးနေပါတော့... အခုလည်း ကိုကို့အိမ်ရှင်မလောင်းက ဟင်းတောင်ချက်နေပြီဆိုတော့ အခြေအနေကောင်းတယ်ဆိုတဲ့သဘောပဲ...'
သူက မီးဖိုခန်းဘက်ဆီလှမ်းကြည့်၍ ပြုံးနေကာ..
'ဓူဝံ သဘောတူလက်ခံမယ့်အချိန်စောင့်ရဦးမယ်.. သူက သမီးရှင်ဆိုတော့ နှမြောနေတယ်..'
'အဲလိုလည်း ဟုတ်တာပါပဲ.. ဒါပေမဲ့ ကိကိက ကိုကို့ကိုဒီလောက်ချစ်တဲ့ဟာ.. ကိုဓူဝံလက်ခံမှာပါ.. ကိုကို ဒီတစ်ခါအဆင်ပြေမှာပါဗျာ..'
လုလင် ပေါ့ပါးစွာနှစ်သိမ့်၍ နာရီတစ်ချက်ကြည့်သည်။
'ညီလည်း ပြန်ရတော့မယ်.. လိုအပ်တာရှိရင် ဖုန်းဆက်လိုက်ပါ..'
'ကောင်းပြီ ညီ...'
သူ ညီ့ကိုကားနားထိလိုက်ပို့နေတုန်းမှာ ကိကိ ဟင်းချက်နေဆဲတန်းလန်းနှင့် ပြေးထွက်လာသည်။
'အန်ကယ်လေးက ပြန်တော့မလို့လား.. ညစာမစားတော့ဘူးလား..'
'ဪ... မစားတော့ဘူးလေကိကိ.. အန်ကယ်အလုပ်ရှိသေးလို့ပြန်ရတော့မှာ.. နောက်မှထပ်ဆုံကြမယ်..'
တစ်ချိန်က သူငယ်ချင်းက ဘဝသစ်နှင့်ရှင်သန်နေသူမို့ အန်ကယ်ဘာညာသုံးနေရတာလည်း ခံစားချက်သိပ်မကောင်းချင်။ ဘာပဲဖြစ်ဖြစ် ကိကိ အခုလိုဖြစ်တည်မှုမျိုးနှင့် ပျော်ရွှင်အေးချမ်းနေတာကိုပဲ သူ လိုလားသည်။ ကိုကို့ကိုလည်း ပျော်စေချင်လှပြီ။
'ဒါဆို တာ့တာအန်ကယ်လေး..'
'တာ့တာ...'
လုလင် သူတို့ကိုနှုတ်ဆက်၍ ပြန်သွားမှ ကိကိ သူ့ဘက်သို့ ခြေနှစ်ဖက်စုံခုန်၍ လှည့်လာသည်။
'ဦးနတ်... ညစာစားလို့ရပါပြီ..'
'အင်း..'
'ဟင်...လာပြန်ပြီအင်း... ခုနက အန်ကယ်လေးတောင် ဦးနတ်ထက် socialကောင်းသေးတယ်..'
သူ့ကိုကျကျနနဝေဖန်၍ မျက်စောင်းတောင် ထိုးလိုက်သေး၏။ သူမက မီးဖိုခန်းထဲသို့ဦးဆောင်ဝင်သွားပြီး အဆင်သင့်ပြင်ထားသည့်ထမင်းဝိုင်းက ဟင်းခွက်နည်းပေမဲ့ စုံလင်စိုပြည်နေသည်။
'ဟိုဦးလေးကြီးရော ဦးနတ်..'
သူ့ပန်းကန်ထဲသို့ထမင်းထည့်ပေးရင်း ရဲရင့်အောင်ကိုပါ သတိတရမေးသည်။
'သူက Studioမှာ...'
'ဒါဆို ဦးနတ်တစ်ယောက်တည်းပေါ့... အထီးကျန်နေမှာပဲ...'
သူမက ဟင်းတွေစုံလင်အောင်ထည့်ပေး၍ ပါးစပ်ကလည်း စကားပြောမပျက်၊ လက်ကလည်း မနား။
'ဒီနေ့တော့ ဒီမှာရှိတဲ့အသီးအရွက်ပဲ လွယ်သလိုကြော်လိုက်တယ်.. အိမ်မှာဆို နီနီက ဟင်းချက်နည်းတွေအကုန်သင်ပေးထားတာ.. သမီးက မီးဖိုချောင်ဝင်ရမှာပျင်းတယ်.. ဒါပေမဲ့ အချိန်ပြည့်ဗိုက်ဆာနေတတ်တော့ ညဘက်တွေကျ နီနီ့ကိုနှိုးပြီးလုပ်ခိုင်းရမှာအားနာလို့ ကိုယ့်ဘာသာ ချက်တတ်ပြုတ်တတ်အောင် လေ့လာထားတာ.. မုန့်လုပ်နည်းတွေဆိုလည်း အင်တာနက်ကနေကြည့်ပြီး ကိုယ့်အိမ်မှာစမ်းလုပ်ကြည့်တယ်.. စားတယ်..'
ကိကိ သာလိကာလေးလိုစကားများနေတာကို သူထမင်းစားရင်း နားထောင်နေကာ ချစ်စနိုးမျက်ဝန်းများနှင့်ခဏခဏငဲ့ကြည့်မိသည်။ သူမကတော့ သူ့အကြည့်တွေကို သတိမထားမိပါ။
'ဦးနတ်.. သမီးချက်ထားတာတွေ စားကောင်းရဲ့လား.. feedbackလေးပြောပါဦး ပင်ပန်းရကျိုးနပ်အောင်...'
'မင်း ရုံးပိတ်ရက်တိုင်း လာချက်ပေးမလား...'
သူ့စကားကြောင့် ကိကိ ထမင်းလုတ်ဝါးရင်း ပြုံးဖြီးဖြီးဖြစ်သွား၏။
'ဒါဆို ဘာဟင်းကြိုက်တတ်သလဲ ပြောပါဦး..'
'ကိုယ်က ဟင်းကြေးမများပါဘူး.. မင်းချက်ကျွေးတာစားမှာ..'
သူက ထမင်းလက်စသတ်၍ ဘေစင်ဆီထသွားလျှင် ကိကိ သူ့နောက်မှ ကပျာကယာလိုက်လာသည်။
'သမီးဆေးလိုက်မယ်ဦးနတ်..'
သူမက သူ့ပန်းကန်ကိုပါဆွဲယူ၍ ဒိုင်ခံဆေးနေသဖြင့် ဟင်းခွက်တွေပြန်သိမ်းဖို့က သူ့တာဝန်ဖြစ်သွား၏။ ကိကိ သူလှုပ်ရှားနေသမျှကို မျက်ဝန်းထောင့်မှငဲ့ကြည့်ရင်း ကြည်နူးကျေနပ်နေသည်။ တစ်ဆက်တည်းမှာပဲ တစ်ချိန်တစ်ခါတုန်းက သူ တစ်ယောက်ယောက်ကိုများ ထမင်းဟင်းခူးခပ်၍ ကိုယ်တိုင်ခွံ့ကျွေးခဲ့ဖူးသလားဟု တွေးမိ၏။ ဘာမှမဆိုင်ပေမဲ့ သူမ ဘာကြောင့်များ ထိုကဲ့သို့သော အတွေးမျိုးကို ရင်းရင်းနှီးနှီးတွေးမိနေပါလိမ့်။
မည်သို့ပင်ဖြစ်စေ သူနှင့်အခုလိုအတူရှိနေရလျှင် ပျော်သည်။ သူမကိုယ်သူမ အိမ်ရှင်မဖြစ်နေသည်ဟု ခံစားရပြီး သူ့အတွက် အခုလိုအသေးအဖွဲကိစ္စလေးတွေလုပ်ပေးနေရတာကိုပဲ ဆုလာဘ်တစ်ခုဟုမှတ်ယူထား၏။ တစ်နေ့တော့ သူမက ရေခဲတောင်ကြီး၏ အိမ်သူသက်ထားဖြစ်လာဖို့လည်း ဖိတ်စာတစ်ခြမ်းတော့ ကြိုရိုက်ထားပြီးပြီဖြစ်သည်။
ဆောင်းဦးပိုင်းမို့ အမှောင်က စောစီးစွာဝင်လာသဖြင့် သူ အိမ်တွင်းအိမ်ပြင်မီးတွေ အကုန်လိုက်ဖွင့်သည်။ ကိကိက သူ့နောက်မှကပ်လိုက်လာမြဲဖြစ်ကာ ခရမ်းရောင်ပန်းပင်တွေနားရောက်တော့ ပွင့်အာလုလုပန်းတွေကို လက်နှင့်တို့ထိရင်း..
'ဒီအပင်တွေက သမီးဟိုတစ်ခါလာတုန်းကလည်း ပန်းမပွင့်သေးဘူး.. အခုလည်းမပွင့်သေးဘူး တစ်မျိုးပဲ.. ပွင့်ဖို့ကြာတာလား ဒီတိုင်း မပွင့်တာမျိုးလား..'
'ပွင့်ဖို့ကြာတာ..နောက်တစ်လကျော်ဆို ပွင့်လောက်ရောပေါ့...'
သူက ဘယ်အချိန်ကတည်းကယူလာမှန်းမသိသော ခြုံစောင်တစ်ထည်ကို သူမဆီကမ်းပေးလျှင် ကိကိ အပြုံးလေးနှင့်လှမ်းယူ၍ ကိုယ်ပေါ်လွှမ်းခြုံလိုက်သည်။
'သစ္စာပန်းလိုပဲနော်.. ဘာမျိုးစိတ်မို့အဲလောက်ကြာမှပွင့်တာလဲ.. စိုက်ထားတာရော ဘယ်လောက်ကြာပြီလဲ.. သမီးလည်း မျိုးယူပြီး စိုက်ကြည့်ချင်တယ်...'
'နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာပြီ.. တိဘက်က လာတဲ့ပန်းမျိုး...'
'အမလေး... နှစ်ပေါင်းနှစ်ဆယ်ကျော်... ဘုရားဘုရား...'
ကိကိ ရင်ဘတ်ဖိ၍ ဘုရားတလေ၏။
'တိဘက်က မျိုးပဲထားပါဦး.. နှစ်တွေအများကြီးကြာမှပွင့်တယ်ဆိုတော့ စိုက်ရတဲ့သူက ပန်းမပွင့်ခင်သေသွားရင် နှမြောစရာ..'
သူမက အဖူးထွက်နေသည့် အခက်တွေ၊ အကိုင်းတွေကို ရေတွက်နေကာ..
'ဒီလောက်ကြာမှပွင့်တဲ့ပန်းတော့ အိမ်ယူပြီးမစိုက်တော့ပါဘူး.. ဒီက ရိုးရိုးအပင်တောင် လက်နဲ့ထိရုံနဲ့သေတဲ့ စိုက်သေဂိုဏ်းချုပ်လေ..ဒီလိုအပင်သာဆို မစိုက်ရသေးခင် သမီးအရင်လျှောမှာ...'
ပြောရင်းဆိုရင်း သူ့ဘက်လှည့်၍ မျက်နှာချင်းဆိုင်ရပ်သည်။
'ဦးနတ်က လူပါ ထူးဆန်းရုံတင်မကဘူး.. စိုက်တဲ့အပင်ကအစ ဦးနတ်နဲ့ပတ်သက်သမျှအရာအားလုံး သမီးအတွက် ထူးဆန်းနေတယ်...'
'အစမို့လို့ပါ.. နောင်ကျရင် ရိုးသွားမှာ...'
သူမ ဆယ်ခွန်းလောက်ပြောမှ သူ့ဆီကပြန်ထွက်လာတတ်တာ တစ်ခွန်းစနှစ်ခွန်းစ။ သူပြောသည့်အဓိပ္ပါယ်ကိုနားမလည်ဘဲ ကြောင်ကြည့်နေစဥ် သူက သူမရှေ့သို့နီးကပ်စွာ တိုးရပ်လာကာ သူမဟူဒီအင်္ကျီထဲမြုပ်နေသည့် ကျောက်စိမ်းလည်ဆွဲကိုဖော်လိုက်သဖြင့် ကျောက်စိမ်းလော့ကက်မှ အစိမ်းရောင်တွေဖြာထွက်လာသည်။ သူ့မျက်လုံးများကလည်း ထိုလော့ကက်နှင့်အပြိုင် တလက်လက်တောက်နေ၏။ သူက ချက်ထိရောက်နေသည့်လည်ဆွဲကို ရင်ညွှန့်ထိရောက်အောင် လည်ပင်းနောက်မှဆွဲယူကြည့်၏။ ကိကိ သူ့ကိုတစ်လှည့် လည်ဆွဲကိုတစ်လှည့်ကြည့်ရင်း အံ့သြမှင်သက်မိနေသည်။ သူမ ဒီလည်ဆွဲဆင်မြန်းခဲ့သည့်သက်တမ်းတစ်လျှောက်လုံး ကျောက်စိမ်းလော့ကက်မှ အရောင်လက်နေတာကို ဒီတစ်ကြိမ်အပါအဝင် နှစ်ကြိမ်သာမြင်ဖူးသေးသည်။ မြင်တိုင်းလည်း သူ အနားမှာရှိနေတတ်တာ ထူးဆန်းသည့်တိုက်ဆိုင်မှုတစ်ခုလား။
ခပ်မှိန်မှိန်မီးရောင်အောက်မှာ မြင်နေရသည့် ဝင်းဖန့်ဖန့်မျက်နှာနှင့် မျက်လုံးစိမ်းများကိုငေးကြည့်ရင်း အိပ်မက်တွေထဲမှာ တွေ့ရလေ့ရှိသည့် လူတစ်ယောက်၏ မျက်လုံးများကို ရုတ်တရက်သတိရသွားသည်။ တစ်ဆက်တည်းမှာပဲ ဝေဝါးဝါးမြင်ကွင်းတချို့ အာရုံထဲပေါ်လာ၏။
'ညီမလေး ဒီဆွဲကြိုးကိုလိုချင်နေတယ်မို့လား... ကိုကြီးက အပိုင်ပေးတာ..'
'ဒါကိုဘယ်သူမှဆွဲဖြုတ်လို့မရဘူးကလေးရဲ့.. ဘာအန္တရာယ်တွေပဲရှိရှိ ဒီဆွဲကြိုးက ကာကွယ်ပေးမှာ...'
'ကိုကြီး သမီးကိုမမှတ်မိဘူးလားဟင်.. သမီး ကိန္နရီလေ.. ဒီဆွဲကြိုးလေးက ကိုကြီး သမီးနားရောက်လာတိုင်း အရောင်လက်နေတတ်တယ်လေ..'
စကားသံတွေပါကြားလိုက်ရကာ ကိကိ ထိုပုံရိပ်တွေကိုဆုပ်ဖမ်းဖို့ကြိုးစားရင်း ခေါင်းတွေတရိပ်ရိပ်မူးဝေလာသည်။ သူ ပွေ့ယူလိုက်ချိန်မှာ သူမ သူ့ရင်ခွင်ထဲ ပျော့ခွေငြိမ်သက်သွားတော့၏။
YOU ARE READING
The Legend Of The Phoenix:Born To Love You
Romanceဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်ဆုံတွေ့ဖို့ ရူးသွပ်မိခဲ့တယ်။ မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ငါ့ရဲ့ လစ်ဟာပျက်ကွက်မှုတွေကြောင့် ...