✨ဦးဆွေးဆံမြည့်-၁၅✨

3.9K 179 16
                                    


   'ကိန္နရီ...'
  
   ခပ်သဲ့သဲ့ခေါ်သံက လေတိုးသံတွေကြားမှ ဖောက်ထွက်လာသည်။ 
  
   'ကိုကြီးက မင်းနဲ့ပြန်လည်ဆုံတွေ့မယ့်အချိန်ကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့တာ... မင်းကို ဆယ်စုနှစ်ချီပြီး လွမ်းနေခဲ့တာ..'
  
   တမ်းတလွမ်းမောစွာ ပြော၍ ကိကိကိုယ်လေးကို ဆွဲပွေ့သည်။ လည်တိုင်လေးကိုလက်နှင့်ပင့်ယူ၍ ဆွေးရိပ်သမ်းသော မျက်ဝန်းများနှင့်ရီဝေစွာ စိုက်ကြည့်၏။
  
   'မင်းကိုလွမ်းတိုင်း ဒီဆံပင်တစ်ချောင်းဆွေးတယ်ဆိုရင် ဦးရေတွေ ခြောက်သွေ့အက်ကွဲကုန်လောက်ရောပေါ့.. ဒီအဘိုးကြီးက ဇရာကိုအန်တုနိုင်ပေမဲ့ လွမ်းဆွေးနာကျင်မှုတွေကို နောက်တစ်ကြိမ်ထပ်ပြီး ရင်မဆိုင်ရဲတော့ဘူး...'
  
   တိုးတိမ်စွာပြော၍ သူ့ကိုမော့ငေးနေသည့်မျက်တောင်ဖျားတွေကိုငုံ့နမ်းသည်။ နဖူးပြင်လေးမှသည် ပွင့်ဟနေသည့်နှုတ်ခမ်းလွှာလေးတွေထိ အနမ်းတွေ လွန်ကြူးလာကာ သူမကိုဖက်ထားသည့်လက်တွေပို၍ တင်းကျပ်လာ၏။ ခေါင်းလေးကိုပွတ်သပ်ရင်း ယုယကြင်နာစွာ ထွေးပွေ့ထားမိကာ ဘာစကားမှပြောခွင့်မပေးဘဲ သူ့ရင်ခွင်ထဲထည့်၍ ချော့သိပ်နေသည်။ ကိကိ ထိုရင်ခွင်မှာ မျက်လုံးလေးမှိတ်၍ မှီနွဲ့ထားရင်း သူ့အနမ်းတွေစွန်းထင်းသွားသည့် နှုတ်ခမ်းလေးတွေ နွေးနေ၏။ တငြိမ့်ငြိမ့်ခုန်နေသောရင်သည် လှိုင်းအလျင်လို နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့ပြီး သူ့မျက်နှာကို ပြန်မော့ကြည့်ဖို့ မျက်လုံးများကိုဖွင့်လိုက်သည့်အခါဝယ်..
  
   'ဟင်...ဦးနတ်..'
 
   သူမကို ငုံ့စိုက်ကြည့်နေသူကြောင့် ကိကိမျက်တောင်တွေပင် ထောင့်ကပ်သွား၏။ သူမ မီးရောင်မှုန်ပျပျလင်းနေသည့်အခန်းထဲက မွေ့ရာပေါ်မှာ ပက်လက်အနေအထားနှင့်ရှိနေပြီး စစ်သည်က သူမဘေးမှာ တင်ပါးလွှဲထိုင်နေ၏။
  
   'မင်း သတိရလာပြီလား..'
  
   သူ့မေးသံထွက်လာတော့ ကိကိ တစ်ချက်ကြောင်သွားသည်။ စောစောက သူမခေါင်းတွေရုတ်တရက်မူးဝေသွားသဖြင့် သူပွေ့လိုက်သည့်အဖြစ်ကိုပဲမှတ်မိသည်။ ပြီးတော့ သူကိုယ်သူ ကိုကြီးဟု ပြော၍ သူမကို နမ်းသွားသည့်ယောက်ျား...။ သူကရော ဘယ်သူလဲ။ ဦးနတ်လား....။ အိပ်မက်တစ်ခုလား...။ အိပ်မက်တော့မဖြစ်ချင်။ သူမကိုအကြင်နာတွေပေးသွားသည့်ယောက်ျားက သူမဘေးမှာ ထိုင်နေသူမှလွဲ၍ ဘယ်သူများဖြစ်နိုင်မှာတဲ့လဲ။
  
   'ဦးနတ်... စောစောက သမီးကိုခေါ်လိုက်သေးလားဟင်... စကားတွေအများကြီးပြောပြီးတော့.. ဟို..'
  
   နမ်းလိုက်သေးလားဟုမေးဖို့ပြင်ပြီးမှ မေးမထွက်ဘဲ ရှက်စနိုးဖြစ်ကာ ဆွံ့အသွား၏။ သူကတော့ ပုံမှန်အတိုင်းတည်ငြိမ်နေသည်မို့  အိပ်မက်လားဟု ဇဝေဇဝါဖြစ်သွားပြန်သည်။
  
   'မင်း မူးလဲသွားလို့ အခန်းထဲခေါ်လာတာ... ဒီလိုခဏခဏမူးလဲတာ အားနည်းတဲ့သဘောပဲ.. မင်းအားနည်းနေရင် တိုက်ခိုက်သတ်ပုတ်တဲ့ပညာတွေဘယ်လိုသင်မလဲ...'
  
   သူ့အမေးကြောင့် ကိကိ နှုတ်ခမ်းစူမျက်စောင်းထိုးတော့သည်။
  
   'သမီးကို အထင်သေးလိုက်တာ... ဒီက လူကောင်သေးပေမဲ့ energyအပြည့်ပါနော်...'
  
   သူ့ကို အာမတွေခံ၍ စိန်ခေါ်လိုက်ပြီး သူ့ဘက်လှည့်ကာ နားထင်ကိုလက်ထောက်၍ ဘေးတစောင်းလှဲသည်။
  
   'ဦးနတ်... အိပ်မက်တွေက တကယ်ဖြစ်တတ်လား..'
  
   'မသိဘူး...'
  
   'ဟင်.. Supernaturalဆိုပြီး ဒါလေးတောင်မသိဘူးလား...'
  
   'အလုံးစုံသိနေရအောင် ကိုယ်က ဗုဒ္ဓမှမဟုတ်တာ... ပေါက်ကရတွေမမေးနဲ့.. ညနက်နေပြီ.. အိမ်ပြန်လိုက်ပို့မယ် ထ...'
  
   'ဟာ...မပြန်သေးပါဘူး.. ပါးပါးက ညဥ့်နက်မှပြန်လာမယ့်ဟာ.. သမီး ဒီမှာခဏလေး...'
  
   'No...တစ်မိနစ်တောင်မရဘူးကိန္နရီ..'
  
   'အဲဒါဆို ထူပေးဦး...'
  
   စောစောကမှ energyအပြည့်ပဲဟု ကြွေးကြော်ထားသူက သူ့ကိုလက်ကမ်း၍ ဆွဲထူခိုင်းနေပြန်သည်။ သူ မနေသာတော့ဘဲ သူမကိုဆွဲထူပေးရတော့သည်။ ကိကိက သူ့လက်ကိုအားပြု၍ ထလာကာ သူ့လည်ပင်းကိုသိုင်းဖက်ပစ်သည်။ သူ ကိကိခါးလေးကိုပွေ့ထားဆဲမှာ လည်ပင်းတစ်လျှောက် ရေနွေးစီးကြောင်းတစ်ခု ဖြတ်စီးသွားသလိုပင်။ သူမ ဘာလုပ်လိုက်ပါသနည်း။
  
   သူမခါးကိုဖက်ထားသည့်သူ့လက်တွေ တင်းကျပ်သွားပြီးမှ စိတ်ကိုပြန်ထိန်း၍ ကော်ဇောပေါ်ချပေးသည်။ ခြုံစောင်ကိုလည်း မမေ့မလျော့လွှမ်းခြုံပေး၍ ကားဆီခေါ်လာခဲ့၏။ ကိကိက အိမ်ပြန်လမ်းတစ်လျှောက် ငိုက်မြည်း၍ ပါလာခဲ့ပြီး သူ့ပေါင်ပေါ်ခေါင်းတင်၍ အိပ်ပျော်သွားသဖြင့် သူ ကိကိပခုံးလေးကိုခပ်ဖွဖွသပ်ရင်း တောင်ညိုလမ်းအတိုင်း ကွေ့လာခဲ့သည်။
   ညအချိန်မို့ အမှောင်ထုသိပ်သည်းနေသည့်လမ်းမှာ သူ့ကားတစ်စီးသာ မောင်းနှင်နေသည်ဟု ထင်ရသော်လည်း ရှေ့မလှမ်းမကမ်းမှာ ကားမီးရောင်တွေမြင်လိုက်ရသည်။ တစ်ချိန်လုံးအိပ်နေသည့်ကိကိက ငေါက်ခနဲ ထထိုင်ကာ ရှေ့မှမောင်းနေသည့်ကားတွေကို မှန်ထဲမှ ခါးကုန်းကြည့်၏။
  
   'ဦးနတ်... ရှေ့ကကားတွေကိုမြန်မြန်ကျော်တက်ပြီး လမ်းပိတ်လိုက်ပါ.. မကောင်းတဲ့အငွေ့အသက်တွေရနေတယ်..  လူသေအလောင်းတွေလိုမျိုး... မဟုတ်ဘူး..အဲဒါတင်မကဘူး.. ဟိုလိုအရုပ်တွေရောပဲ...'
  
   ကိကိပြောသည့်အတိုင်း သူ ကွန်တိန်နာကားတစ်စီးနှင့်ဟိုက်ဂျက်ကားတစ်စီးကို ကျော်တက်၍ လမ်းပေါ်မှာ ကန့်လန့်ဖြတ် ပိတ်ရပ်ပစ်သည်။ သူနှင့်ကိကိက ကားဘေးမှာ ရပ်စောင့်နေစဥ် ထိုကားနှစ်စီးပေါ်က လူခုနစ်ယောက်ခန့် ဆင်းလာကြ၏။
  
   'ငါတို့သွားမယ့်လမ်းကို ဘာဖြစ်လို့ပိတ်ရပ်ထားကြတာလဲ...'
  
   တစ်ယောက်က အော်ကျယ်ကျယ်မေးသည်။ ကိကိက ခြုံစောင်ကို ခေါင်းထိလွှမ်းခြုံ၍ မျက်နှာကိုပါ အုပ်ကွယ်လိုက်၏။
  
   'ခင်ဗျားတို့ကားထဲ သယ်ဆောင်လာတဲ့ပစ္စည်းတွေကြည့်ချင်လို့..'
  
   'ဘာဖြစ်လို့ကြည့်ချင်တာလဲ..မင်းတို့နဲ့ဘာဆိုင်လဲ.. မင်းတို့က ထောက်လှမ်းရေးတွေမို့လို့လား.. ထောက်လှမ်းရေးတွေဆိုလည်း ငါတို့က နည်းနည်းမှဂရုမစိုက်ဘူး.. ဂန်းစာကျွေးခဲ့ရုံပဲ...'
  
   ထိုလူတွေက လမ်းပိတ်ခံထားရသဖြင့် အလွန်အမင်းစိတ်ဆိုးနေပုံပေါ်လျက် လက်နက်တွေပါထုတ်လာကြသည်။ ကိကိက ထိုလူတွေကြားထဲ ရုတ်တရက်ခုန်ဝင်တိုက်ခိုက်လာသဖြင့် အလစ်အငိုက်မိကာ  ဝရုန်းသုန်းကားဖြစ်ကုန်ကြသည်။ ကိကိကိုဖမ်းချုပ်ဖို့ကြိုးစားသော်လည်း သူမက အချုပ်မခံဘဲ လျင်မြန်စွာရှောင်တိမ်းသွားသဖြင့် သူမ၏ ခြုံစောင်ကိုပင် မဆွဲနိုင်ချေ။ ကိကိ ကန်ထည့်ထိုးနှက်သမျှ လူးလှိမ့်ခံနေရပြီး ပို၍ သဲကြီးမဲကြီးတိုက်ခိုက်လာကြသည်။
  
တစ်ယောက်က ကားထဲမှစတီးလ်ကြိုးတစ်ချောင်းပြေးယူ၍ ကိကိကိုဖမ်းချုပ်ဖို့ လွှဲယမ်းလိုက်ပေမဲ့ စတီးလ်ကြိုးက ကိကိဆီမရောက်ခင် ကြားဖြတ်ဆွဲလုခံလိုက်ရပြီး စစ်သည်က ထိုသူကို ကြိုးနှင့်လျှပ်တစ်ပြက်ရစ်ပတ်လိုက်သည်။ ထိုသူ ကြိုးနှင့်ရစ်ပတ်ဆွဲယူခံလိုက်ရသည့်အရှိန်ဖြင့် ရှေ့သို့စိုက်ပါလာကာ ပြင်းထန်သည့် သူ့ခြေကန်ချက်ကြောင့် လူအုပ်ကြားထဲ ဘောလုံးတစ်လုံးလို ကိုးရိုးကားရား ပစ်ဝင်သွားသည်။ လူတစ်ယောက်လုံး လှိမ့်ဝင်လာသဖြင့် ထိုလူတွေ ဟန်ချက်ပျက်ကာ ဖရိုဖရဲလဲကျကုန်၏။ လူစုထဲမှ တစ်ယောက်က ခါးကြားမှဓားမြှောင်ထုတ်၍ ကိကိဆီလွှဲပစ်ဖို့လက်ပြင်လိုက်သော်ငြား ပေါက်ဓားတစ်လက်က ထိုလူ့လက်ကိုကြားဖြတ်စိုက်ဝင်သွားသဖြင့် ထိုလူအားခနဲအော်၍ ဓားပါလွတ်ကျသွား၏။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now