✨ဦးဆွေးဆံမြည့်-၂၆✨

4K 203 45
                                    


'တီတီတီ..တီတီတီ..'

နှိုးစက်မြည်သံက ကျယ်လောင်ဆူညံနေပေမဲ့ ကိကိက တုတ်တုတ်မျှမလှုပ်ဘဲ ကွေးလို့ကောင်းနေသည်။

'ဟဲ့ မီးလေးရေ... ထတော့လေကွယ်... နှိုးစက်သံ ဒီလောက်ဆူညံနေတာကို တစ်ချက်မှမလှုပ်ဘူး...'

ဒေါ်ကြာရိုးက အခန်းထဲဝင်လာကာ နှိုးစက်ပိတ်လိုက်ပြီး ကိကိကို တင်ပါးတွေ ပုတ်နှိုးသည်။ ထိုအခါမှ ကိကိ မျက်ခုံးတွန့်သွားကာ အိပ်နေရာမှ တစောင်းလှည့်လာသည်။

'ထပြီနီနီ..ထပြီ...'

ဒေါ်ကြာရိုးက မျက်လုံးမဖွင့်ဘဲ ပြန်အိပ်နေသည့်သူမကို ဆက်နှိုးဖို့လက်လျှော့လိုက်ဟန်ဖြင့် အပြင်ပြန်ထွက်သွား၏။ ကိကိ အတန်ကြာဆက်အိပ်နေရာမှ သူ့မျက်နှာကိုဖျတ်ခနဲမြင်ယောင်မိကာ မျက်လုံးပွင့်လာသည်။ မနေ့ညက သူလာတွေ့ခဲ့သည်။ အခန်းထဲထိ လိုက်ပို့ပေး၍ အနမ်းတွေခြွေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခဲ့သေးသည်။ လွန်ခဲ့သည့်နှစ်ရက်ကအထိ ကောင်းကောင်းအိပ်မပျော်ခဲ့ဘဲ မနေ့ညကမှ အိပ်ပျော်နိုင်ခဲ့တာလည်း သူ့ကြောင့်ဖြစ်သည်။ ကိုယ့်နှုတ်ခမ်းကိုယ်ပြန်စမ်းမိတော့ မျက်နှာလေးနီမြန်းသွား၏။ မျက်လုံးမှိတ်ထားမိသည့်အခါ ဝဲဘက်ရင်အုံက ခုန်လှုပ်နေတာကို အတိုင်းသားကြားရလေသည်။

ထိုမျှအထိ ရင်ခုန်အောင်ပြုစားနိုင်လွန်းသူကြီးကို ဘယ်နည်းနှင့်မှ လက်လွတ်ဆုံးရှုံးမခံနိုင်ပါ။ တွေးရင်း ခေါင်းရင်းက ဝက်ဝံရုပ်လေးကို မတွေ့ရတော့သည်မို့ သူယူသွားမှန်းသိလိုက်ကာ ကျေနပ်ပြုံးလေးတစ်ချက်တော့ ဖြစ်သွား၏။ အိပ်ရာမှထ၍ မျက်နှာသစ်၊ သွားတိုက် ၊ ခြေလက်ဆေးပြီး အဝတ်အစားလဲလိုက်သည်။ ခေါင်းဖြီးဖို့ စားပွဲအံဆွဲထဲက ဘီးရှာနေပြီးမှ ကတ်ထည့်ထားသည့်ဘူးလေးကို မြင်သွား၏။ သူမ ဒီကတ်ကို အခုထိ ဖွင့်လို့မရသေး။ ဒီကတ်ထဲမှာပါသည့် အချက်အလက်တွေကိုလည်း သိချင်နေသည်။ အားလပ်ချိန်တစ်ရက်တော့ နည်းပညာအကူအညီယူ၍ ဖွင့်ကြည့်ရဦးမည်ဟုတွေး၍ ကတ်ကို သေချာပြန်သိမ်းထားလိုက်သည်။
ဘီးယူ၍ ဆံပင်ကို နှစ်ချက်သုံးချက်ဖြီးသင်ပြီးနောက် အောက်ထပ်သို့ဆင်းလာခဲ့လျှင် ဝတ်စုံအပြည့်နှင့်ထွက်လာသည့် ပါးပါးနှင့် အတည့်တိုးသည်။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now