✨ဦးဆွေးဆံမြည့်-၃✨

5.1K 175 50
                                    


  'တို့တွေ အားလုံးက လောကဇာတ်ခုံပေါ်မှာ ကံဇာတ်ဆရာအလိုကျ က,နေရတဲ့ ကကြိုးရုပ်တွေပဲ.. အစွဲအလမ်းကိုမဖြတ်နိုင်သေးသရွေ့ ဒီသံသရာက ရှည်လျားနေဦးမှာ..'
 
  ဆရာတော်၏ အသံက တောတောင်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သလိုရှိ၏။ သို့သော် ထိုတစ်ဝိုက်မှာ ကျင်လည်ကျက်စားနေသည့် ကျေးငှက်သာရကာတွေ တစ်ကောင်တစ်လေမျှ လန့်ဖျပ်ပျံဝဲသွားခြင်းမရှိ။ ဆရာတော်၏ ရှေ့မှာ ပုဆစ်ဒူးတုပ်၍ လက်အုပ်ချီနေသူသည်လည်း ကျောက်ရုပ်ကဲ့သို့ တုတ်တုတ်မျှမလှုပ်ဘဲ တိတ်ဆိတ်ငြိမ်သက်၍ မျက်လွှာချနေ၏။
 
  'မင်းက လောကဓံကို တခြားသူတွေထက် ပိုပြီး ရင်ဆိုင်ခဲ့ရတဲ့သူပဲ လူလေး.. ဒီလောကကြီးအကြောင်း သာမန်လူတွေထက် ပိုနားလည်တဲ့သူပါ.. တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား...'
 
  အမေးရှိလာတော့ အဖြေရှိရမည်မို့ သူ့မျက်နှာမော့လာ၏။
 
  'တပည့်တော် ဆုံးဖြတ်ပြီးပါပြီဘုရား...'

  'ဒီလမ်းကိုရွေးတာ နောင်တနဲ့အပြစ်ရှိစိတ်ကြောင့်လား...ရွေးချယ်မှုကို မပြောင်းလဲတော့ဘူးလား..'
 
  သူ တဒင်္ဂနှုတ်ဆိတ်သွားပြီးမှ..
 
  'အချစ်စိတ်တစ်ခုတည်းကြောင့်ပါဘုရား... တပည့်တော်ရဲ့လက်ကျန်သက်တမ်းကို သူနဲ့အတူ ကုန်ဆုံးသွားချင်ပါတယ်ဘုရား...'
 
  သူက ဆုံးဖြတ်ချက်ချပြီးပုံဖြင့် ခိုင်ကျည်လေးနက်စွာ လျှောက်တင်ပြန်သည်။ စကားကို လိုအပ်တာထက် ပိုမပြောတတ်ခဲ့သူ၊ စိတ်ဆုံးဖြတ်ချက်ချပြီးတိုင်းလည်း ဘယ်သောအခါမှ ပြောင်းလဲရိုးထုံးစံမရှိခဲ့သူမို့ ဆရာတော်ဦးပညာနန္ဒက သူ့အကြောင်းကို နားလည်နောကျေနေသူပီပီ သက်ပြင်းတစ်ချက်ချသည်။
 
  'အေးလေ...ဆုံးဖြတ်ပြီးပြီဆိုတော့လည်း ရလဒ်အဆိုးအကောင်းတွေအားလုံးကို လက်ခံဖို့ ခံနိုင်ရည်ရှိဖို့ ကြိုပြင်ဆင်ထားပါလို့ပဲ မှာချင်တယ်.. သံသရာဆက်တိုင်း လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်တဲ့သူ ဖြစ်ပါစေ လူလေး..'
 
  'ပေးတဲ့ဆုနဲ့ ပြည့်ရပါစေဘုရား...'
 
  ဆရာတော်က မှာကြားဆုပေးပြီးနောက် သင်္ကန်းကိုလွှမ်းခြုံလိုက်လျှင် သူ အလိုက်သိစွာပင် ဆရာတော်အတွက် နေရာထိုင်ခင်းပြင်ဆင်ပေးသည်။ မိုးသောက်ချိန် ရောက်လုပြီမို့ ဆရာတော် တရားထိုင်နေစဥ်မှာ သူ ဂူအပြင်ဘက်သို့ ထွက်လာခဲ့သည်။ ဆောင်း၏ အငွေ့အသက်ကြောင့် ချမ်းစိမ့်အေးခဲနေချိန်မှာ အမှောင်ထုကလည်း ကြီးစိုးနေဆဲရှိ၏။ အအေးမှတ် သုညထိရှိနေသည့်တောင်ပေါ်မှာ နှင်းမြူတွေလည်း ဆိုင်းနေသည်။ ကြယ်တွေလတွေလည်း မပျောက်သေး။ လွယ်မောင်းတောင်ပေါ်က ဒီတောနက်ထဲမှာ ၊ ဒီလိုဏ်ဂူထဲမှာ သူ့ကို ဂရုစိုက်စောင့်ရှောက်၍ ပြုစုပျိုးထောင်ပေး ၊ ပညာတွေသင်ပေးခဲ့သည့် ဆရာကို တစ်လှည့်အလုပ်အကျွေးပြုစုရင်း နေထိုင်ကျင်လည်ခဲ့သည်မှာ ဆယ်စုနှစ်(၂)စုကို လွန်ခဲ့ပြီ။
 
  ဒီနေ့တော့ အပြီးတိုင်နှုတ်ဆက်ရမည့်အချိန်ကို ရောက်လာခဲ့ပြီဖြစ်၏။ သူ အရင်ရက်တွေက ခုတ်ထစ်စုဆောင်းလာခဲ့သည့် ထင်းခြောက်တွေကို လိုက်ကောက်၍ ဂူနှင့်မလှမ်းမကမ်းမှာ ပုံလိုက်သည်။ ထင်းတွေက နှင်းစိုနေသဖြင့် အစိုဓာတ်ပျောက်အောင် အပူငွေ့ပေးရသေး၏။   ထိုထင်းခြောက်တွေကို ၆ပေပတ်လည် စီရီစွာ ပုံလိုက်ပြီးနောက်မှာ ရှားသားဖြင့်ပြုလုပ်ထားသည့် ဖောင်ပုံသဏ္ဌာန် ကြမ်းခင်းတစ်ခုကို  ထိုထင်းခြောက်ပုံပေါ်မှာ နေရာချသည်။ ထို့နောက် ဂူထဲမှ ကြိမ်ခေါင်းအုံးနှင့်ဖျင်စောင်တစ်ထည်ကို ယူလာကာ ဖျင်စောင်ကို ထိုရှားသားကြမ်းခင်းပေါ်မှာ ဖြန့်၍ ကြိမ်ခေါင်းအုံးကို နေရာတကျ တင်ထားလိုက်သည်။
 
  သူ အားလုံးပြင်ဆင်ပြီးသည်နှင့် နေဝန်းက အရှေ့အရပ်မှဖြည်းလေးစွာ ထွက်ပေါ်လာသည်။ ဇီဝဇိုးငှက်များလည်း အစာရှာထွက်ကုန်ကြပြီ။ အရုဏ်တက်ချိန်ရောက်လာခဲ့ပြီမို့ ဦးစိုင်းခမ်းလုံတစ်ဖြစ်လည်း ဆရာတော်ဦးပညာနန္ဒသည် တရားထိုင်ပြီး၍ ဂူထဲမှ ထွက်လာ၏။ သူ ဆရာတော်ကို ကူတွဲ၍ ထင်းပုံနားထိ ခေါ်လာခဲ့ပြီး အဆင်သင့်ပြင်ထားသည့် အခင်းပေါ်မှာ လဲလျောင်းဖို့ ကူညီပေးသည်။ ဆရာတော်က သူ့ကို နောက်ဆုံးအကြိမ်ကြည့်ခြင်းဖြင့် တစ်ချက်ဝေ့ကြည့်သည်။ သူက ငြိမ်သက်စွာပင် မျက်လွှာချ၍ ရပ်နေ၏။
  ဆရာတော် မျက်စိစုံမှိတ်၍ အသက်ရှူရပ်သွားလျှင် သူ ဒူးထောက်လက်အုပ်ချီ၍ ထိခြင်းငါးပါးဖြင့် ရိုရိုသေသေ ရှိခိုးဦးညွှတ်လိုက်သည်။ အသက်ဇီဝိန်ချုပ်၍ ခန္ဓာငြိမ်းသွားပြီဖြစ်သော သူ့ဆရာသခင်ကို သံယောဇဥ်လက်ကျန်ဖြင့် အတန်ကြာ မမှိတ်မသုန်ကြည့်နေပြီးမှ သူ့လက်တွေ လှုပ်ရှားသွားကာ ဖီးနစ်ငှက်သဏ္ဌာန် မီးတောက်တစ်ခုကို ဖန်ဆင်းလိုက်သည်။ ဟုန်းခနဲကြွလာသည့်မီးက ထင်းပုံကြီးကို စွဲလောင်သွားသည့်အခိုက်မှာ နေ၏ အလင်းတန်းတွေ သူ့မျက်နှာကို အတည့်ထိုးစိုက်ဖြာကျလာသည်။
 
မီးတောက်တွေ ထင်းပုံကြီးမှတစ်ဆင့် ဆရာတော်၏ ခန္ဓာကိုယ်ထိတိုင်အောင် တမြည့်မြည့် လောင်ကျွမ်းနေစဥ် လေ၏အဟုန်ဖြင့် သူ့လက်ထဲရောက်လာသည့် ငွေရောင်အိုးတစ်လုံးကိုအဖုံးဖွင့်၍ ဆရာတော်၏ အရိုးပြာတွေကို ထိုအိုးထဲသို့ တစ်စုတစ်စည်းတည်း ဝင်စေသည်။
 
  မီးခိုးငွေ့တွေ တဖြည်းဖြည်းလွင့်ပြယ်သွားလျှင် အဖုံးပြန်ပိတ်လိုက်ပြီး ဂူထဲမှ ဖျင်အိတ်ကြီးတစ်လုံးကို ယူလာသည်။ ထိုအိတ်ကို ကျောမှာလွယ်လျက် အရိုးပြာအိုးကို ပိုက်၍ တောင်အောက်သို့ ကြောင်တစ်ကောင်လို ခုန်ဆင်းခဲ့သည်။ တောင်အောက်ရှိ ရေတံခွန်ဘေး စမ်းချောင်းမှာ ထိုအရိုးပြာအိုးကို မျှောလိုက်ပြီးသည့်နောက် သူ့တာဝန်တစ်ရပ် ပြီးဆုံးခဲ့ပြန်ပြီ။
 
  သူ တောအုပ်၏ အပြင်ဘက်သို့ အလင်းကဲ့သို့သော လျင်မြန်ခြင်းဖြင့် ထွက်လာခဲ့သည်။ လူနေအိမ်ခြေတွေနှင့်နီးသည့် နေရာသို့ တစ်ခဏအတွင်းမှာ ရောက်လာခဲ့ပြီး လွယ်မောင်းတောင်ခြေရှိ ကတ္တရာလမ်းမပေါ်သို့ ခြေချမိလျှင် မာစီးဒီးကားနက်တစ်စီးကို ထိုလမ်းဘေးမှာ တွေ့လိုက်ရသည်။
  ကားနားမှာ မတ်တတ်ရပ်၍ စောင့်နေသူက ဟိုကြည့်ဒီကြည့်လုပ်နေရာမှ သူ့ကိုမြင်သည်နှင့် ပြေးလာ၏။
 
  'ဆရာ...'
 
လှိုက်လှဲသံနှင့် ဆို့နင့်စွာခေါ်၍ သူ့ရှေ့မှာ ဒူးထောက်ကျသွားကာ သူ့ခြေသလုံးတွေကို တင်းကျပ်စွာ ပွေ့ပိုက်လာသည်။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now