✨ဦးဆွေးဆံမြည့်-၆✨

4.4K 221 28
                                    

  'တရားစွဲခံထားရလို့ တရားလိုရှေ့နေက ငါ့ကိုဒီနေ့ဆင့်ခေါ်ထားတယ်.. စိတ်ပျက်ပါတယ်ကွာ ၊ ငါ ငွေကုန်မှာကို မနှမြောဘူး.. ဒီလိုမျိုး ရှင်းနေရမှာကို ပိုပြီးဝန်လေးတာ...'
 
  ဓူဝံ ကားမောင်းရင်း စိတ်ပျက်လက်ပျက်ညည်းသည်။ စစ်သည်က သူ့ဘေးမှာ အခန့်သား ထိုင်၍ လိုက်ပါလာကာ ဘာမှပြန်မပြောသေးဘဲ အသံတိတ်ငြိမ်သက်နေ၏။
 
  'ငါ့သမီးက တကယ် လက်ရဲဇက်ရဲဟာလေး.. လုပ်ချင်ရာလုပ်ပြီးရင် ငါရှင်းပေးလိမ့်မယ်ဆိုတာသိနေတော့ ဘာကိုမှဂရုမစိုက်ဘူး၊ ခြေငြိမ်အောင် အလုပ်လုပ်ဖို့တိုက်တွန်းလိုက်မိပါတယ်.. သူက သတင်းထောက်လုပ်နေသတဲ့... ငါးပါးကိုမှောက်ရောပဲ...'
 
  'မင်း အရမ်းကြီးမစိုးရိမ်ပါနဲ့.. သူ ဘာမှဖြစ်မှာမဟုတ်ဘူး...'

  စစ်သည်က အေးအေးလူလူပြောနေပေမဲ့ ဓူဝံကတော့ စိတ်မအေးနိုင်ပါ။ အဖေမို့လို့ကို ပိုပြီးပူပင်နေရသည်။တစ်သက်လုံးရေခဲတုံးဖင်ခုထိုင်လာသည့်ကောင်ကိုအပူကပ်မိလျှင် အာပေါက်ရုံပဲရှိမည်။ ရှေ့နေအိမ်သို့ရောက်ကြလျှင် သူတို့နှစ်ယောက် ကားပေါ်မှဆင်း၍ အိမ်ထဲဝင်လာကြသည်။ ရှေ့နေဆိုသူက ကိုယ်တိုင်ပဲ ထွက်ကြို၏။
 
  'ကိုဓူဝံရောက်လာပြီပဲ.. အဖော်လည်း ပါလာတာကိုး...'
 
  ဓူဝံ့ကိုနှုတ်ဆက်ပြီး  နောက်မှပါလာသည့်သူ့ကိုလည်း တစ်ချက်ဝေ့ကြည့်သည်။
 
  'လာ ထိုင်ကြပါ...'
 
  သူတို့ ဧည့်ခန်းထဲက ဆက်တီမှာဝင်ထိုင်ကြတော့ ရှေ့နေ ကိုနေမျိုးဆိုသူက  ကော်ဖီယူလာဖို့ အိမ်အကူကိုလှမ်းအော်စေခိုင်းလိုက်ပြီးမှ...
 
  'ကျွန်တော် အခုလိုဆင့်ခေါ်ရတဲ့အကြောင်းရင်းက ကျွန်တော့်အမှုသည်ရဲ့တောင်းဆိုချက်ကြောင့်ပါ...'
 
   'ဟုတ်ကဲ့.. အကြောင်းရင်းကိုပြောပါ...'
  
   အလ္လာပသလ္လာပ စကားတွေပြောဖို့လာသည့်ဧည့်သည်တွေမဟုတ်တော့လည်း လိုရင်းကိုပဲ ချက်ချင်းမေးသည်။ စစ်သည်ကတော့ စီးကရက်တစ်လိပ်ထုတ်၍ မီးညှိရှိုက်ဖွာရင်း အေးအေးလူလူထိုင်နေ၏။
  
   'ခင်ဗျားရဲ့သမီးက ကျွန်တော့်အမှုသည်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တဲ့အတွက် အခုထိ ဆေးရုံကမဆင်းရသေးတဲ့အကြောင်း ခင်ဗျားသိမှာပါ ကိုဓူဝံ.. ကျွန်တော့်အမှုသည်က နစ်​နာကြေးပေးဖို့၊ ဒဏ်ရိုက်ဖို့ထိပါ တောင်းဆိုထားတယ်.. ဥပဒေအရလည်း ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ခံရမှာပါ.. ကိုဓူဝံအနေနဲ့ ဘယ်လိုတာဝန်ယူပေးမလဲ သိချင်ပါတယ်...'
  
    'ကျွန်တော့်အနေနဲ့ ဒီအမှုကိုအကျယ်မချဲ့စေချင်ပါဘူး ၊ ကျွန်တော့်သမီးလေးက ငယ်ပါသေးတယ်.. အမှုအခင်းကိစ္စဆိုတာကြီးတွေနဲ့မအပ်စပ်သင့်တဲ့ကလေးပါ၊ ဒါကြောင့် ကျွန်တော့်သမီးလုပ်ခဲ့တာအတွက် နစ်နာသူကိုလျော်ကြေးပေးပြီး ဒီအမှုကို ပြန်ရုပ်သိမ်းစေချင်တာပါ...'
   
    'ကောင်းပါပြီ... ဒါဆို သူတို့ဘက်က တောင်းဆိုတာကို ကျွန်တော်တစ်ခုချင်းဖတ်ပြပါ့မယ်...'
   
    ကိုနေမျိုးက ဖိုင်ထဲကစာရွက်တစ်ရွက်ထုတ်၍ ဖတ်ပြဖို့ဟန်ပြင်စဥ် စစ်သည်က လက်ကာပြလျက်..
   
    'ဖတ်ပြဖို့မလိုဘူး.. ကိုယ်တို့က တစ်ပြားတစ်ကျပ်မှလျော်ပေးမှာမဟုတ်လို့ပဲ...'
   
    'ဟင်...'
   
    သူ့စကားကြောင့် ဓူဝံရော ကိုနေမျိုးပါ လှည့်ကြည့်ကြသည်။
   
    'စစ်သည်...'
   
    'ကိုယ်တစ်ခုပဲမေးမယ်..တရားလိုဘက်က သူ ထိခိုက်နစ်နာသွားပါတယ်ဆိုပြီး  လျော်ကြေးတောင်းထားပေမဲ့ တရားခံလို့ စွဲချက်တင်ထားရတဲ့ကလေးဘက်က ဘာလို့ဒီလိုလုပ်လိုက်ရတယ်ဆိုတဲ့ အကြောင်းရင်းကို အရင်မေးဖူးလား..'
   
    သူက ထပ်မေးလျှင် ကိုနေမျိုး ဘာမှပြန်မပြောနိုင်ဘဲ တဒင်္ဂဆွံ့အနေပြီး အတန်ကြာမှ...
   
    'ဒါဆိုလည်း တရားခံဘက်က အပြစ်ကင်းကြောင်း ထုချေလွှာတင်ဖို့ ရှေ့နေငှားလိုက်ပေါ့ဗျာ..ကျွန်တော်တို့ရုံးတော်မှာပဲ ရင်ဆိုင်ကြတာပေါ့..'
   
    ထိုစကားကြောင့် ဓူဝံ့မျက်နှာပျက်သွားပေမဲ့ စစ်သည်က ကိုနေမျိုးလက်ထဲက စာရွက်ကို ဆတ်ခနဲဆွဲယူဖတ်ကြည့်ကာ..
   
    'ရုံးတော်ထိ ရောက်စရာမလိုတဲ့ကိစ္စပါ.. သူတို့ဘက်က တောင်းဆိုထားတာတွေကိုသိရပြီဆိုတော့ ကိုယ်တို့ဘက်က လုံးဝမလိုက်လျောနိုင်ကြောင်း ငြင်းပါတယ်..'
   
    သူက အေးဆေးစွာငြင်းဆို၍ စာရွက်ကို စားပွဲပေါ်ပြန်ချလျှင် ကိုနေမျိုး သူ့လုပ်ပုံပြောပုံကြောင့် ဒေါသထွက်သွားကာ သူ့ကိုမကျေမနပ်ဝေ့ကြည့်လာသည်။
   
    'မင်းက ဘာဆိုင်လို့ဝင်ပြောနေတာလဲမောင်ရင်.. ဒီလိုကြားဖြတ်ပြောတာ ကျုပ်ကိုမလေးစားတဲ့သဘောပဲ..'
   
    စစ်သည်က စီးကရက်သောက်မပျက်ဘဲ မီးခိုးတွေမှုတ်ထုတ်လိုက်ပြီးမှ..
   
    'တရားခံဘက်က အကြောင်းရင်းကိုမမေးဘဲ တရားလိုဘက်က ရပိုင်ခွင့်တွေ၊ နစ်နာကြေးတွေချည်းရွတ်ပြနေတဲ့ရှေ့နေမျိုးကို လေးစားစရာမလိုဘူးလို့ကိုယ်ထင်တယ်..'
   
    သူက အေးဆေးစွာပြောနေသလောက် ကိုနေမျိုးက ဒေါသတကြီးလက်သီးဆုပ်အံကြိတ်လျက်..
   
    'ကိုဓူဝံ... သူကဘာလဲ.. ခင်ဗျားညီလား... ဘာဆိုင်လို့ဝင်စွက်ဖက်နေတာလဲ...'
   
    အသက်အရွယ်အားဖြင့် တူအရွယ်သားအရွယ်လောက်ပဲရှိဦးမည့်လူငယ်တစ်ယောက်၏ ပမာမခန့်ချေပမှုကြောင့် သည်းခံနိုင်စွမ်းဂိတ်ဆုံးသွားပြီမို့ ခပ်ဆတ်ဆတ်အော်မေးသည်။
   
    'ကိုယ်တို့ကလေးကို မင်းအမှုသည်က လူအင်အားသုံးပြီးဖမ်းချုပ်နှိပ်စက်ဖို့အထိပါ ကြိုးစားခဲ့တာ... video recordလည်းရှိနေတယ်၊ ဒီတော့ တရားလိုကိုပြန်မေးလိုက်.. အမှုကိုရုပ်သိမ်းပေးမလား ၊ videoကို publicချပြစေချင်သလားလို့...'
   
    စီးကရက်ရှိုက်ရင်း ပြောနေသည့်ပုံစံက ဘယ်သူ့ကိုမှဂရုမစိုက်သည့်ထီမထင်ဟန်မျိုး။
   
    'တရားလိုဘက်က အကြောင်းပြန်မယ့်အချိန် စောင့်နေမယ်...'
   
    သူက စီးကရက်ကိုစားပွဲစောင်းမှာ ထိုးချေ၍ ထရပ်လျှင် ဓူဝံကပါ လိုက်ထသည်။ ထိုစဥ် လူတစ်ယောက် ဧည့်ခန်းထဲဝင်လာကာ..
   
    'ကိုနေမျိုးရေ...ဘုရားကိုးဆူဆရာတော့ ပင့်ခဲ့ပြီ၊ လိုအပ်တာတွေဝယ်ဖို့ပဲကျန်တော့တယ်...'
   
    နှုတ်ခမ်းမွေးကားကား၊ ဝဖိုင့်ဖိုင့်နှင့်လူက သယ်လာသည့်အထုပ်တွေကိုအခန်းထောင့်မှာ နေရာချ၍ သူတို့ဘက်လှည့်လာသည်။
   
    'ဧည့်သည်တွေရောက်နေတာကိုး...'
   
    သူနှင့်ဓူဝံ လျှောက်လာတာကိုကြည့်၍ နှုတ်ဆက်သည်မမည်သော စူးစမ်းခြင်းဖြင့် အကဲခတ်နေကာ သူ့ကိုမြင်တော့ မျက်ခုံးတွေမြင့်တက်သွား၏။
   
    'ဆရာ... '
   
    အံ့သြသံနှင့်ခေါ်၍ သူ့ရှေ့ အပြေးတစ်ပိုင်းလျှောက်လာသည်။
   
    'ဆရာစစ်သည်..ဆရာ မဟုတ်လား...'
   
    'အံ့သစ်...'
   
    မယုံနိုင်သလိုမေးရင်း နာမည်ခေါ်သံကြားမှ ပို၍ အံ့သြသွားပုံဖြင့် သူ့လက်တွေကိုဆွဲကိုင်နှုတ်ဆက်တော့သည်။
   
    'ကြည့်ပါဦး ဆရာရယ်.. အလုပ်ကနေ နုတ်ထွက်လိုက်ကတည်းက ပျောက်သွားလိုက်တာ.. အခုလိုပြန်တွေ့ရမယ်လို့ထင်မထားဘူး...'
   
    အံ့သစ်က ဝမ်းသာလှိုက်လှဲသံနှင့်ပြောလျှင် သူက အသိအမှတ်ပြုသည်ဆိုရုံမျှ ခေါင်းညိတ်ပြသည်။
   
    'ဆရာ အရင်ကအတိုင်းပဲနော်.. ဘာမှမပြောင်းလဲသေးတာ အံ့သြဖို့ကောင်းလိုက်တာ..'
   
    ဓူဝံနှင့်နေမျိုးက သူတို့စကားရပ်ပြောနေတာကို ကြောင်တောင်တောင်နှင့် ကြည့်နေကြ၏။
   
    'ကိုနေမျိုး... ဒါ ငါခဏခဏပြောဖူးတဲ့ ငါ့ဆရာနတ်စစ်သည်လေအစ်ကို.. ငါတို့ACC ဌာနက အထူးအေးဂျင့်တွေရဲ့ခေါင်းဆောင်..'
   
    နေမျိုး ပါးစပ်အဟောင်းသားနှင့်မှင်သက်ငေးမောနေဆဲမှာ သူက အံ့သစ်ကိုနှုတ်ဆက်၍ ဓူဝံနှင့်အတူ ပြန်ထွက်လာခဲ့သည်။ အပြန်လမ်းမှာ ကားမောင်းသူက စစ်သည်ဖြစ်သွား၏။
   
    'မင်းပါလာလို့တော်သေးတာပေါ့.. မဟုတ်ရင် ငါလျော်ကြေးပေးဖို့ပဲတွေးနေမိမှာ...'
   
    'သမီးက အပြစ်မှမလုပ်ထားတာ.. လျော်ကြေးပေးဖို့မလိုပါဘူး...'
   
    'အေး မင်းပြောတာလည်း ဟုတ်ပါတယ်.. ငါက သမီးကိုစိတ်ပူတာရော၊ ရုံးရောက်ဂတ်ရောက်ဖြစ်မှာစိုးတာရောကြောင့် စိတ်တွေလျှံသွားတာ..'
   
    သူက ရှေ့တူရူကိုပဲ ကြည့်၍ကားမောင်းရင်း ဘာမှပြန်မပြောပါ။ ဓူဝံကပဲ ဆက်၍..
   
    'မင်း video recordရှိတယ်ဆိုတာ အမှန်ပဲလား.. အဲဒီ့အကြောင်း ငါမင်းကိုမပြောမိပါဘူး.. မင်းဘယ်လိုသိလဲ..'
   
    'CCTVမှတ်တမ်းထဲက ယူလိုက်ရုံပဲလေ...'
   
    ဓူဝံသိလိုသည်က တခြား၊ သူဖြေသည်က တစ်မျိုး။ ဒီ့ထက် ပိုမေးလို့မရနိုင်မှန်းသိနေသူမို့ ဓူဝံဆက်မမေးတော့ဘဲ နှုတ်ဆိတ်သွားလေသည်။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now