✨ဦးဆွေးဆံမြည့်-၉✨

4.6K 226 25
                                    

'တပ်ကုန်းက သိမ်ကြီးလမ်း၊ ခရစ်ယာန်ဘုရားကျောင်းနားမှာ လူသတ်မှုဖြစ်နေပါတယ်..'

ရဲသားလေးတစ်ယောက် ရုံးခန်းထဲဝင်လာကာ အစီရင်ခံလျှင် လုလင် မှတ်တမ်းရေးနေရာမှ မျက်နှာမော့လာ၏။

'ဘယ်သူသွားလဲ..'

'ဆရာဇွဲ သွားပါတယ်...'

'ဟုတ်ပြီ..မင်းလည်း လိုက်သွားပါ.. အကြောင်းထူးရင် ငါ့ဆီဖုန်းဆက်...'

'ဟုတ်ကဲ့ ရဲမှူးကြီး..'

ရဲသားလေးက သူ့ကိုဆလံပေး၍ ပြန်ထွက်သွားသည်။ လုလင် မှတ်တမ်းရေးခြင်းကို လက်စသတ်၍ ပင့်သက်တစ်ချက်ရှိုက်မိသည်။ သူ ဒုရဲအုပ်ပေါက်စအရွယ်ကတည်းက အမှုပေါင်းများစွာကိုလိုက်ခဲ့ရသည်။ ဖော်ထုတ်ခဲ့သည့်အမှုတိုင်းဟာလည်း ခက်ခဲရှုပ်ထွေးခဲ့သည်ချည်းဖြစ်၏။ သို့ပေမဲ့ သူ ဒုရဲအုပ်ဖြစ်ခါစ ပထမဆုံးလိုက်ရသည့် တောင်ညိုလူသတ်မှုကိုတော့ တစ်သက်လုံးမေ့နိုင်မည်မဟုတ်ချေ။ ထိုအမှုကိုလိုက်ခဲ့စဥ်ကာလတွင် သူ့ဘ၀အချိုးအကွေ့များစွာ ဖြစ်ခဲ့သည်။ မထင်မှတ်ထားသည့် ထူးခြားဆန်းကြယ်ဖြစ်ရပ်တို့ကိုလည်း မယုံနိုင်စွာပဲ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အသက်အန္တရာယ်နှင့်လက်တစ်ကမ်းသို့အကြိမ်ကြိမ်ရောက်ရှိခဲ့ပြီး ဒီနေ့ဒီအချိန်ထိ အသက်ရှင်နေသည်မှာ ကိုကို့ကာကွယ်စောင့်ရှောက်မှုကြောင့်ဆိုတာလည်း ငြင်းမရသည့်အမှန်တရားတစ်ခုပင်။

အတိတ်ကိုပြန်တွေးမိတိုင်း သူ ကိကိကို သတိရအောက်မေ့မိသည်။ ဉာဏ်ပြေး၍ထက်မြက်လွန်းသောကိကိ၊ သူ့ကို အမြဲတစေအရွဲ့တိုက်၍ အကန်တွေချည်းပြောတတ်သည့်ကိကိ၊ သူ့စကားဆို ဘယ်သောအခါမှနားထောင်သည်မရှိဘဲ ဆန့်ကျင်ဘက်တွေချည်းလုပ်တတ်သည့်ကိကိ၊ စိတ်မာသယောင်နှင့် ခံစားလွယ်၊ ထိရှလွယ်၍ ချူချာလွန်းသောကိကိ၊ ကိုကို့အပေါ်မှာ သံယောဇဥ်အစွဲအလမ်းကြီးလွန်းသော ကိကိ။
သူမ ပြန်လည်ရှင်သန်လာခဲ့ပြီဟု ကိုကိုက အခိုင်အမာပြောခဲ့သည်။ ဘယ်လိုဘဝမျိုး ၊ ဘယ်လိုအခြေအနေမျိုးမှာ ရှင်သန်နေသလဲ။

အရင်တုန်းကလို ကျန်းမာရေးချူချာနေဆဲပဲလား ၊ စိတ်ခံစားလွယ်နေဆဲလား။ ဒါမှမဟုတ် ဆန့်ကျင်ဘက် စရိုက်မျိုးနှင့် ကြီးပြင်းခဲ့သည်လား။
သူ ကိကိကို တစ်ခါလောက်တော့ ပြေးတွေ့ချင်၏။ ကိကိ တကယ်ပြန်ဝင်စားသည်ဆိုလျှင် သူ့ကိုရော မှတ်မိနိုင်ပါ့မလား။ သူ့မျက်စိရှေ့မှာပဲ အသက်ငင်၍ ဆုံးသွားခဲ့သည့်အဖြစ်ကို ပြန်မြင်ယောင်မိတော့ သူ့မျက်ဝန်းမှာ မျက်ရည်တွေဝေ့လာသည်။
ဘယ်လောက်ပဲ ရင့်ကျက်ခဲ့ပြီပြောပြော ထိုအဖြစ်တွေကိုပြန်တွေးမိတိုင်း ရင်နာရစမြဲပင်။
သူ့အတွေးတွေ ဘယ်လောက်တောင် ပျံ့လွင့်နေသည်မသိ၊ ဖုန်းမက်ဆေ့ချ်ဝင်လာသည့်အသံကြားမှ သတိဝင်လာကာ မျက်မှန်ပင့်၍ မျက်ရည်သုတ်လိုက်၏။ မျက်မှန်ကို နေရာတကျပြန်တပ်ပြီးမှ Chatboxထဲသို့ရောက်လာသည့်ပုံတွေကိုကြည့်ရင်း စိတ်မသက်မသာဖြစ်သွားရပြန်သည်။ သူ ထိုပုံတွေကိုတစ်ပုံချင်းစီ Zoomဆွဲ၍ ကြည့်နေဆဲမှာ ဖုန်းဝင်လာ၏။

'ဟဲလို...'

'ဆရာ.. ကျွန်တော် ပုံတွေပို့ထားပါတယ်...'

ဒုရဲအုပ်ဇွဲမင်းညိုက ထုံးစံအတိုင်း အကြောင်းကြားလာခြင်းဖြစ်သည်။

'အေး မြင်ပြီးပြီ...'

'ကျွန်တော်တို့ သဲလွန်စတွေရှာနေပါတယ်ဆရာ.. သေသူက လည်ပင်းကိုကြိုးနဲ့ရစ်ပြီးအသတ်ခံရတာပါ၊ အဲဒီ့နေရာမှာတင် ပွဲချင်းပြီးသေတယ်လို့ယူဆရပါတယ်.. ကလေးရုပ်တစ်ရုပ်လည်း ထပ်တွေ့ရပါတယ်..'

'ဟင်..'

လာပြန်ပြီ ဒီကလေးရုပ်။ စီလီကွန်နှင့်ပြုလုပ်ထားသည့်ကလေးရုပ်တွေ ဈေးကွက်မှာ ရောင်းချခွင့်ကို ဥပဒေအရ ပြင်းထန်စွာ တားဆီးပိတ်ပင်ထားပါလျက်နှင့် ဒီအရုပ်တွေ တစ်စခန်းထလာပြန်ပြီ။

တစ်နေ့ကပဲ ကိုကိုကိုယ်တိုင် ထိုကဲ့သို့သောအရုပ်မျိုးအသုံးပြု၍ ဗေဒင်ဟောသည့် အမျိုးသမီးတစ်ယောက်ကို စခန်းသို့ပို့ခဲ့သည်။ ဒီအရုပ်တွေ မှောင်ခိုတင်သွင်းသည့်ကိစ္စကို သေချာစိစစ်ကြပ်မတ်ဖို့လည်း သတိပေးသွားသည်။ ဒီကလေးရုပ်တွေ ပြန်ခေတ်ထလာတာ အလွန်အန္တရာယ်များသည့်ကိစ္စဖြစ်၏။

'တစ်ခုခုအကြောင်းထူးရင် ပြန်ပြောပါမောင်ဇွဲ.. မင်းတင်ပြချက်ကို ဆရာစောင့်နေပါတယ်...'

'စိတ်ချပါဆရာ..'

ဒုရဲအုပ်ဇွဲမင်းညိုခမျာလည်း နေ့စဥ်ရက်ဆက် အမှုလိုက်ရင်း အလုပ်ရှုပ်နေရှာပေမည်။ တကယ်လည်း အလုပ်များနေပါ၏။ ဘုရားကျောင်းသို့လာသည့်အဝင်ဝတံခါးနားမှာ လူသေအလောင်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ သေသူဟာ ဘယ်လောက်တောင် မချိမဆံ့ဖြစ်ပြီး သေသွားရသည်မသိ၊ မျက်လုံးများက ကျွတ်ထွက်လုမတတ် ပြူးကျယ်နေ၏။ အလောင်း၏ဘေးမှာ တွေ့ရသည့်ကလေးရုပ်ကိုတော့ ဇွဲမင်းညိုကပဲ သဲလွန်စအဖြစ် သိမ်းဆည်းစေလိုက်ပြီး..

'ဒီအလောင်းကို ဘယ်သူစမြင်တာလဲ..'

'ကျုပ် စမြင်တာပါ...'

တံမြက်စည်းတစ်ချောင်းကိုင်ထားသည့်အဘိုးအိုတစ်ယောက်က မလှမ်းမကမ်း၌ရပ်နေရာမှ ရှေ့တိုး၍ဖြေသည်။

'အဘိုးစပြီးမြင်တဲ့အချိန်က ဘယ်အချိန်လောက်လဲခင်ဗျ..'

'အဘိုးက ဒီကျောင်းကို မနက်(၇)နာရီ ပုံမှန်လာလေ့ရှိပါတယ်.. အဘိုးလာတဲ့အချိန်မှာ ဒီအလောင်းကိုမြင်ရတာဆိုတော့ (၇)နာရီဝန်းကျင်လောက်ပေါ့...ရုတ်တရက်ဆိုတော့ အဘိုးလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လန့်ပြီး သင်းအုပ်ဆရာကြီးကို အကြောင်းကြားလိုက်ရတာပါ..'

'အဘိုး အခုလိုပြန်ဖြေပေးတာ ကျေးဇူးတင်ပါတယ် ၊ အမှုတစ်ခုခုဖြစ်ရင် လူတွေက အမှုပတ်မှာ ရုံးရောက်ဂတ်ရောက်ဖြစ်မှာစိုးလို့ မဆိုင်သလိုနေပြီး လက်ရှောင်တတ်ကြတာကများတယ်.. အဲဒီ့လိုလက်ရှောင်တာက နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကိုပျက်ကွက်တာပဲ.. ဥပဒေစိုးမိုးမှု၊ တရားမျှတမှုရှိချင်ရင် ကိုယ်တိုင်လည်း တာဝန်သိတတ်ရမှာပါ.. ဒီက ဖာသာကိုလည်း ကျေးဇူးတင်ပါတယ်၊ အားလည်းနာပါတယ်.. ဖာသာရဲ့ကျောင်းမှာမှ ဒီလိုလူသတ်မှုမျိုးဖြစ်ပွားခဲ့တဲ့အတွက် ကျွန်တော်တို့စိတ်မကောင်းပါဘူး.. အမှုကိုရအောင်ဖော်ထုတ်ပေးပါမယ်ခင်ဗျာ...'

မီဒီယာတွေလည်း ဝိုင်းအုံနေကြသည်မို့ ဒုရဲအုပ်က တည်ငြိမ်စွာပဲပြော၍ သူ့အဖွဲ့နှင့်သူ ပြန်လှည့်သွားလေသည်။ မီဒီယာအုပ်စုများကြားမှ ကိကိတို့၊ နိုမီတို့လည်း မပြန်ကြသေးဘဲ မှတ်တမ်းယူနေဆဲ။

ကိကိ လူသေအလောင်းကို ဓာတ်ပုံတဖျပ်ဖျပ်ရိုက်နေပြီး ရင်ခွဲရုံမှ အလောင်းသယ်သည့်ကားရောက်လာသည်အထိ မှတ်တမ်းယူလို့မပြီးသေးပါ။ အလောင်းကိုသယ်သွားကြတော့မှ ကင်မရာကိုပြန်သိမ်းကာ လူအုပ်ကြားထဲမှ ပြန်လှည့်လာစဥ် လူတွေကြားထဲမှ သွေးဆုတ်ဖြူလျော်နေသည့်မျက်နှာတစ်ခုကို လှစ်ခနဲမြင်လိုက်ရသည်။ ထိုလူ့မျက်နှာက တစ်စုံတစ်ရာကိုအလွန်အမင်းကြောက်ရွံ့ထိတ်လန့်နေသည့်ပုံစံမျိုး။

သေသူကို လာရောက်ဝိုင်းအုံကြည့်ရှုကြသည့်လူတွေအများကြီးထဲမှာ ထိုသူတစ်ယောက်သာ ထူးခြားနေသည်မို့ ကိကိအတွေးတွေ ပို၍ ရှုပ်ထွေးလာသည်။
ထိုသူကို သူမမြင်ဖူးသည်ဟုတွေးမိကာ ဘယ်မှာမြင်ဖူးပါလိမ့်ဟု အပြေးအလွှားစဥ်းစားမိလျှင်..

'ဟာ အဲဒီ့လူပဲ.. ဟိုသုံးယောက်ထဲက တစ်ယောက်...'

သူမထံမှ ကတ်တစ်ခုကိုအသည်းအသန်ပြန်လိုချင်နေကြသည့်သုံးယောက်အဖွဲ့ထဲမှ တစ်ယောက်ဖြစ်ကာ စောစောက သေသူသည်လည်း ထိုသုံးယောက်အဖွဲ့ထဲက တစ်ယောက်ဖြစ်နေမှန်း သိလိုက်ရသည့်အခါ...

'ကိကိရေ.. recordယူပြီးပြီဆိုတော့ ပြန်ကြစို့..'

နိုမီ သူမကိုလက်တို့လာမှ ပြန်ဖို့သတိရသည်။ နိုမီနှင့်လမ်းခွဲ၍ သူမအိမ်သို့ပြန်ရောက်လျှင် တစ်မနက်လုံးဟိုဟိုဒီဒီပြေးလွှားရသည့်အရှိန်ကြောင့် အခန်းထဲဝင်၍ ထိုးအိပ်တော့သည်။

'အချစ်က ဘဝမဟုတ်ဘူးကိန္နရီ.. အချစ်ကိုအရမ်းမကိုးကွယ်ပါနဲ့ ..'

အေးစက်စက်အသံတစ်ချက်ထွက်လာကာ ကျောခိုင်းထားသည့်ထိုယောက်ျားက သူမ၏ရှိုက်သံတို့ကို ထုံးစံအတိုင်းဥပေက္ခာပြုလျက်..

'အချစ်က မင်းကိုရော ကိုယ့်ကိုရော ပျော်ရွှင်စေမှာမဟုတ်ဘူး.. မင်း မေ့လိုက်ပါ..'

သူမအာရုံထဲမှာ ဝိုးတဝါးပေါ်နေသည့်ဘေးတစောင်းမျက်နှာကို ဖမ်းဆုပ်ကြည့်ဖို့ကြိုးစားရင်း မျက်လုံးများက ဖွင့်မရသေး။

'ဖြူစင်ရေ..ညည်းအစ်မပြန်လာပြီလား...'

ဓူဝံ အလုပ်ကပြန်လာပြီး စာဖတ်အနားယူရင်း သမီးအသံလည်း မကြားမိ၊ အရိပ်အယောင်လည်း မတွေ့မိသဖြင့် ဖြူစင့်ကိုလှမ်းမေးရသည်။

'မမကိ အခန်းထဲမှာ အိပ်နေတုန်းထင်တယ် လေးလေး..'

'ဟင်.. ၆နာရီတောင်ခွဲနေပြီ.. အခုထိမနိုးသေးဘူးလား.. ဘယ်အချိန်က ပြန်လာတာလဲ...'

'၂နာရီလောက်က ထင်တယ်..'

ဖြူစင် မရေမရာပြန်ဖြေစဥ် အိမ်ရှေ့ဆီမှ ကားသံကြားလိုက်ရသဖြင့် ဖြူစင့်ကိုလက်ကာပြ၍ သွားခွင့်ပြုလိုက်၏။

'အေး အေး..သွားတော့သမီး..'

ဖြူစင်လွန်း ပြန်ထွက်သွားမှ ဓူဝံ ဧည့်ခန်းတံခါးဆီလှမ်းမျှော်ကြည့်သည်။ အိမ်ထဲဝင်လာသည့် စစ်သည်ကြောင့် မျက်ခုံးတွေမြင့်တက်သွား၏။ စစ်သည်က ကုတ်အင်္ကျီအနက်ကို မီးခိုးရောင်လည်ကပ်ဆွယ်တာခံ၍ စတိုင်ပန်အနက်နှင့်တွဲဝတ်ထားသဖြင့် gentlemanဆန်နေသည်။ သူ့ကို ထိုကဲ့သို့သောပုံစံဖြင့် တစ်ခါမှမမြင်ဖူးခဲ့သည့်ဓူဝံ့အဖို့ အတော်ဆန်းကြယ်အံ့သြဖွယ်ဖြစ်နေသည်။

'styleကတော့ gentlemanပဲ.. ဒီလောက်ပြင်ဆင်လာပုံထောက်ရင် ပွဲတစ်ခုခုသွားစရာရှိလို့ဖြစ်မယ်..'

စစ်သည်က ဆက်တီပေါ်​ခြေချိတ်ထိုင်၍ လက်မထောင်ပြသည်။

'ငါ ခန့်မှန်းတာမှန်ရဲ့လား...'

'အင်း..'

'တကယ်လား.. ဘယ်ပွဲသွားမှာလဲ.. အခု မင်းပွဲတက်ဖို့အဖော်မရှိလို့ ငါ့ကိုလာခေါ်တာလား...'

'No..မင်းနဲ့မဟုတ်ဘူး.. မင်းသမီးနဲ့...'

သူက အပြုံးအရယ်မရှိ တည်တံ့စွာဖြေလိုက်ပေမဲ့ ဓူဝံ ဟားခနဲဖြစ်သွား၏။

'အတည်ပေါက်နဲ့နောက်တယ်ကွာ..'

ဓူဝံ မယုံနိုင်သလို ခေါင်းတခါခါဖြစ်နေလျှင် သူက ကုတ်အင်္ကျီအတွင်းအိတ်ကပ်ထဲမှ ဖိတ်စာနှစ်စောင်ကိုထုတ်ပြသည်။ ဓူဝံ ဖိတ်စာပေါ်က နာမည်တွေကိုကြည့်၍ ဖိတ်စာဖွင့်ဖတ်လိုက်ပြီးမှ..

'Phoenix Studioရဲ့၂၁နှစ်ပြည့်အထိမ်းအမှတ်ပွဲဆိုပါလား.. မီးလေးနဲ့မင်းကိုဖိတ်ထားတာလား... ဘယ်လိုကနေ ဘယ်လိုဖိတ်တာလဲ...မင်းယောက်ဖဦးစီးနေတယ်ကြားတာလေ..'

ဓူဝံ မေးခွန်းတွေမေးနေပေမဲ့ စစ်သည်ကပြန်မဖြေဘဲ နာရီကိုထောင်ပြသည်။

'မီးလေးက အိပ်နေတုန်းပဲကွ.. ငါသွားနှိုးဦးမယ် ခဏစောင့်ဦး..'

ဓူဝံ မနေသာတော့ဘဲ သမီးကိုသွားခေါ်ရတော့သည်။ မယ်မင်းကြီးမလေးက အိပ်ရာပေါ်မှာခွေခေါက်၍ အိပ်မောကျနေဆဲ။

'မီးလေး..ကိကိ..'

အသံပြုသော်လည်း တုတ်တုတ်မျှမလှုပ်သဖြင့် ပခုံးကိုပုတ်၍ လှုပ်နှိုးရသည်။

'မီးလေး.. ထတော့လေ..မိုးချုပ်ထိအိပ်ရင် မကောင်းဘူးမီးလေးရဲ့.. ထပြီးရေချိုး..'

'ပါးပါးကလဲ.. သမီး အခုမှအိပ်ကောင်းတုန်းကို..'

ကိကိအသံက လေးတွဲ့စွာ ထွက်လာသည်။

'မီးလေး ဒီနေ့ Phoenix Studio ပါတီပွဲကိုသွားစရာရှိတယ်မို့လား.. အောက်မှာ စစ်သည်ရောက်နေတယ်..မီးလေးကိုလာခေါ်တာတဲ့...'

'ဟင် ဘယ်သူ...'

သူမ အသံကမဆိုစလောက်ကျယ်သွားကာ တရုတ်သရဲလိုဝုန်းခနဲထလာ၏။

'ပါးပါးသူငယ်ချင်းလေ.. ကဲ ရေမြန်မြန်သွားချိုး...သူစောင့်နေတယ်...'

ပါးပါးစကားမဆုံးသေးခင် သူမ ရေချိုးခန်းထဲအပြေးတစ်ပိုင်း ဝင်ခဲ့သည်။ နောက်ဆုံးတော့ သူ လာခေါ်ပြီ။ သူ ရောက်လာလိမ့်မည်ဟု မျှော်လင့်မိသော်လည်း အခုလိုလာခေါ်မည်ဟုတော့ မထင်ထားခဲ့သဖြင့် ပျော်ရွှင်မှုက တလှိုက်လှိုက်တက်လာသည်။ ရင်ခုန်သံတွေလည်း မူမမှန်ချင်တော့။ သူနှင့်သိကျွမ်းခဲ့တာ ရက်ပိုင်းလေးပဲရှိသေးတာတောင် သူမအာရုံထဲမှာ နေ့နေ့ညည သူပဲစိုးမိုးနေသည်။ အချိန်တိုင်းမှာ သူ့အကြောင်းကိုပဲ တွေးနေမိ၏။ အတော်လွှမ်းမိုးနိုင်သည့်လူကြီး။

'ငါ့သမီးကို မနည်းနှိုးလိုက်ရတယ်.. မင်းစောင့်နေတယ်ပြောလို့ အခုမှနိုးလာပြီး ရေချိုးခန်းထဲပြေးဝင်သွားလေရဲ့.. '

ဓူဝံက အောက်ထပ်သို့ပြန်ဆင်းလာကာ သူ့ကိုအသိပေးရင်း..

'သမီးက မင်းကိုသဘောကျနေတယ်ဆိုရင်လည်း ငါက သဘောတူပေးရမှာပါပဲ... ဒါပေမဲ့ မင်းအသက်က ကြီးလွန်းမနေဘူးလား...'

'အချစ်မှာ အသက်အရွယ်တွေ၊ ကိန်းဂဏန်းတွေက အရေးကြီးလို့လားဓူဝံ..'

စကားနည်းလှသည့်သူ့ထံမှ ပြန်လည်ချေပသံထွက်လာတော့ ဓူဝံ ပြိုင်မငြင်းနိုင်ဘဲ ခပ်ကျိတ်ကျိတ်ရယ်မိသည်။ ကိုယ့်သမီးအကြောင်း ကိုယ်အသိဆုံး။ သူမလေးက စစ်သည်ကို ဘယ်လောက်တောင်စွဲလမ်းခဲ့သည်မသိ၊ ပြန်ဝင်စားမွေးဖွားလာသည့်မျက်နှာဟာ သူတို့နှင့်မတူဘဲ အတိတ်ဘဝက ပုံစံအတိုင်း တစ်ထေရာတည်း ချွပ်စွပ်တူနေသည့်အဖြစ်။ ထိုသို့တစ်ထပ်တည်းတူသည့်ရုပ်ကိုသာ မမြင်ခဲ့ပါလျှင် စစ်သည်ပြောခဲ့သည့်ကံကြမ္မာဟောကိန်းကို သူ အဆုံးထိငြင်းဆိုမိနေဦးမည်ဖြစ်၏။ အခုတော့ သူ့ကတိအတိုင်း သမီးကို သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးလက်ထဲသို့ ထိုးအပ်ရတော့မည်။

'မင်းက ငါ့ကိုတကယ်ချောင်ပိတ်မိအောင် စီစဥ်ခဲ့တာပဲ...'

ဓူဝံ နှမြောတသလေသံနှင့်မချင့်မရဲဆိုမိပြန်သည်။ အပြီးစလွယ် ပေးခဲ့မိသည့်ကတိစကားတစ်ခွန်းကြောင့် သူငယ်ချင်းကိုသမက်တော်ရတော့မှာပါလား။

'မင်းကတိကိုမမေ့ပါနဲ့...'

သူကလည်း အလျှော့ပေးဖို့စိတ်ကူးရှိပုံမပေါ်၊ အတိတ်က ကတိတစ်လုံးနှင့်ကိုင်ပေါက်ပြန်သည်။ သူ့မျက်လုံးတွေက လှေကားပေါ်မှ ခပ်သုတ်သုတ်ဆင်းလာသည့်ကိကိထံမှာ စူးစိုက်သွားသည်။

သူမက ဟူဒီအင်္ကျီနှင့်ဂျင်းပန်အနက်ကိုဝတ်ထားပြီး ဘာမှပြင်ဆင်ခြယ်သမလာ၊ နှုတ်ခမ်းနီတော့ဆိုးထားပုံရလျက် လှိုင်းထနေသည့်ဆံပင်တွေကိုလည်း ဒီတိုင်းဖြန့်ချထား၏။ လက်ထဲမှာလည်း ပိုက်ဆံအိတ်တစ်လုံးသာ ပါလာသည်။

'မီးလေးက ပွဲတက်မယ်ဆိုပြီး ဒီပုံစံကြီးလား...'

'ဘာဖြစ်လို့လဲပါးပါး..သမီးမလှလို့လား..'

ဓူဝံ သမီးကိုခြေဆုံးခေါင်းဆုံးကြည့်၍ စိတ်ဓာတ်ကျသွားသည်။ သူ့ကိုလည်း 'ငါ့သမီးကတော့ မင်းမြင်တဲ့အတိုင်းပဲ ' ဟူသည့်အဓိပ္ပါယ်ဖြင့် မေးငေါ့ပြလျှင် သူက ထရပ်လိုက်ပြီး..

'ကဲ..ပြီးပြီဆို သွားမယ်လေ..'ဟုဆို၍ ရှေ့မှဦးဆောင်သွားသဖြင့် ကိကိ သူ့နောက်မှလိုက်ပါလာခဲ့သည်။

သူက ကားပေါ်ရောက်တော့လည်း ဘာမှမပြော၊ ကိကိကြည့်နေတာကိုလည်း ဂရုစိုက်ဟန်မပြဘဲ shopping centerတစ်ခုသို့ အရင်ဝင်သည်။ သူကားပေါ်မှဆင်းတော့ ကိကိလည်း အူကြောင်ကြောင်နှင့်လိုက်ဆင်းလာရသည်။

'ဦးနတ်..ဘာဝယ်မလို့လဲ.. လက်ဆောင်တွေဝယ်ရဦးမှာဆို သမီးမှာပိုက်ဆံတစ်ကျပ်မှမပါဘူးနော်..သမီးက ဦးနတ်နဲ့အတူပွဲတက်ချင်လို့လိုက်လာတာ..'

သူ့ခြေလှမ်းတွေကိုအမီလိုက်ရင်း ပိုက်ဆံမပါသည့်အကြောင်းကိုပါ အသိပေးရသေးသည်။ သို့သော် သူက သူမထင်သလို လက်ဆောင်ဝယ်ဖို့မဟုတ်ဘဲ အမျိုးသမီးအသုံးအဆောင်တွေရောင်းသည့်ဘက်သို့လျှောက်ခဲ့ပြီး ဝန်ထမ်းမလေးကို ဘာတွေပြောနေမှန်းမသိ၊ ခဏကြာမှ ကိကိကို လက်ဆွဲခေါ်လာသည်။

'မင်းပွဲတက်ဖို့ အဝတ်အစားလဲမှဖြစ်မယ်..'

ဝန်ထမ်းမလေးပြသည့်Itemတွေထဲက သူ့စိတ်ကြိုက်ဂါဝန်တစ်ထည်ကို ရွေးကာ သူမလက်ထဲက ပိုက်ဆံအိတ်ကိုဆွဲယူသည်။

'မင်း သူနဲ့လိုက်သွား.. ဒီဟာလဲဝတ်ခဲ့..'

ကိကိ သူပေးသည့်ဂါဝန်ကိုယူ၍ ဝန်ထမ်းမလေးနောက်သို့ လိုက်လာခဲ့ရသည်။ သူမအဝတ်အစားလဲပြီး ပြန်ထွက်လာတော့ သူက ပုံးတစ်ခုကိုကိုင်၍ ခြေချိတ်ထိုင်စောင့်နေသည်။ ကိကိက အနက်ရောင် ရင်ပိုင်းပြတ်ဂါဝန်လေးကိုဝတ်ဆင်ထားပြီး လည်တိုင်မှာ ကျောက်စိမ်းလည်ဆွဲတစ်ကုံးမှလွဲ၍ ထင်းရှင်းနေ၏။ သူ တစ်ချက်စိုက်ကြည့်ပြီးမှ ပုံးထဲကဖိနပ်ကို သူမခြေရင်းမှာ ချပေးသည်။ ကိကိ သူပေးသည့်အနက်ရောင်ပန်ဆယ်ဟီးလ်ကိုစီးရင်း သူမခြေထောက်နှင့်ကွက်တိဖြစ်နေသည်မို့ အံ့သြမိရသေး၏။ သူမကိုယ်ပေါ်မှာ ဆင်မြန်းထားသည့်ဖက်ရှင်အားလုံး Global brandတွေချည်းပင်။

သူက ကျသင့်ငွေရှင်းပြီး သူမဆီပြန်လျှောက်လာကာ ပိုက်ဆံအိတ်ကမ်းပေးသည်။

'ဦးနတ်... သမီးအဝတ်အစားတွေ ဟိုအခန်းထဲကျန်ခဲ့ပြီ..'

'ယူမနေနဲ့တော့.. ထားခဲ့လိုက်...'

သူ့စကားအတိုင်း ထိုအဝတ်တွေကိုသံယောဇဥ်ဖြတ်၍ သူ့နောက်မှလိုက်ခဲ့ရင်း ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်မိလျှင် ပြုံးတုံ့တုံ့နှင့်ကျေနပ်သွားသည်။ ရေခဲတောင်ကြီးက ဖက်ရှင်အမြင်ရှိသားပဲ။

သူက သူ့ဝသီအတိုင်း ဘာစကားမှမဆိုဘဲ တစ်လမ်းလုံးတိတ်ဆိတ်စွာ ကားမောင်းနေခဲ့ပြီး ပါတီပွဲကျင်းပရာ ခြံအပြင်ဘက်ရှိ ကားပါကင်မှာ ကားရပ်လိုက်သည်။ ကိကိ ကားတံခါးဖွင့်၍ ကားပေါ်မှဆင်းဖို့ဟန်ပြင်လျှင်..

'မဆင်းနဲ့ဦး..'

သူ့တားဆီးသံကြောင့် သူ့ဘက်လှည့်ကြည့်မိသည်။ စစ်သည်က ကားဒတ်ရှ်ဘုတ်ပေါ်တင်ထားသည့်တစ်ရှူးဘောက်စ်ထဲမှ တစ်ရှူးစဆွဲထုတ်၍ သူမနားသို့တိုးကပ်လာသည်။

'ဦးနတ် ဘာလုပ်မလို့လဲ...'

သူမမေးနေတာကိုမဖြေဘဲ လက်ကိုဆွဲလိုက်သဖြင့် ကိကိမျက်နှာ သူ့ဘက်စိုက်ကျလာ၏။ သူက ကိကိပခုံးကိုထိန်း၍ မျက်နှာလေးကိုပင့်ယူလိုက်ပြီး သူမနှုတ်ခမ်းတွေကိုတစ်ရှူးစနှင့်သုတ်ပေးသည်။

'နှုတ်ခမ်းနီမဆိုးတတ်ဘဲ ဘာလို့ဆိုးလာတာလဲ.. ဘေးတွေပါပေနေတာ အလှပျက်စေတယ်...'

ကိကိ သူဖျက်ချပေးနေတာကိုမျက်နှာမော့၍ ငြိမ်နေရာမှ နှုတ်ခမ်းစူသွားသည်။ သူ့မျက်လုံးတွေက သူမမျက်နှာပေါ်မှာ စုန်ချည်ဆန်ချည်ဝေ့ဝဲနေသည်မို့ နှုတ်ခမ်းစူထားမိသည့်အဖြစ်ကိုသတိရသွားကာ နှုတ်ခမ်းတွေကိုဖိပိတ်ပစ်မိသည်။ သူ ဒီနှုတ်ခမ်းတွေကို...
အတွေးထဲပြန်ဝင်လာတော့ ကိုယ့်ဘာသာ ရှက်စနိုးဖြစ်သွားပြန်သည်။ ကားပေါ်မှဆင်းတော့လည်း ကိကိသူ့နောက်ကိုအမီလိုက်ရင်း လက်တစ်ဖက်က ပိုက်ဆံအိတ်ကိုင်၍ ကျန်လက်တစ်ဖက်နှင့် သူ့လက်မောင်းကိုတွဲချိတ်လိုက်ပြီး..

'သမီးဖိနပ်က ဒေါက်ဖိနပ်ဆိုတော့ လမ်းလျှောက်ရင်း ချော်လဲမှာစိုးလို့...'

သူ မမေးပါဘဲ ဖြေရှင်းချက်တွေပေးကာ သူနှင့်အတူယှဥ်တွဲလျှောက်ခဲ့ရသည့်ဖီလင်က ဘာနှင့်မှမတူ။

'ကိုယ့်အနားမှာပဲနေ..ဘယ်မှမသွားနဲ့..'

ဟီးဒေါက်စီးထားတာတောင် သူ့ပခုံးလောက်ပဲအရပ်ရှိသည့်သူမကို ခါးကိုင်းခေါင်းငဲ့၍ သတိပေးလျှင် ကိကိ ခေါင်းညိတ်နာခံမိသည်။ သူ ကိကိလက်ကလေးကိုဆွဲ၍ စင်္ကြန်လမ်းလေးအတိုင်း ကွေ့ဝင်ခဲ့သည်။

'ဟာ... ဆရာလာပြီ...'

Phoenix Studio၏ MDပိုင်စိုးသူက သူ့ကိုမြင်သည်နှင့် ရွှင်လန်းစွာကြိုဆိုသည်။

'ဆရာတကယ်ရောက်လာတာပဲ..ဒီလိုမှန်းသိရင် သုသုကိုရအောင်ခေါ်ခဲ့ပါတယ်.. သူက ဒီလိုပွဲတွေဆိုအမြဲရှောင်နေတတ်တော့ အခုလည်း အိမ်မှာကျန်ခဲ့တယ်လေ.. ဟိုသမီးလေးလည်းပါလာတာကိုး...'

ကိကိကိုပါ ပြုံးပြနှုတ်ဆက်၍ သူတို့အတွက် စားပွဲဝိုင်းစီစဥ်ပေးသည်။ သူနှင့်ကိကိ ထိုစားပွဲမှာ နှစ်ယောက်အတူထိုင်ဖြစ်ကြ၏။ စားစရာတွေ လာချပေးတော့ ညစာမစားရသေးသည့်ကိကိက ဟန်မဆောင်နိုင်ဘဲ တသွပ်သွပ်စားတော့သည်။

'ပွဲစီစဥ်ထားတာ အဆင်ပြေရဲ့လားဆရာ...'

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now