✨ဦးဆွေးဆံမြည့်-၃၁✨

4K 210 53
                                    

  ကိကိ သူ့ဆိုင်ကယ်မောင်းထွက်သွားပြီး မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ မျက်စိတဆုံးရပ်ကြည့်နေခဲ့မိသည်။ သူမ၏ကားကတော့ သူ့အိမ်မှာကျန်ခဲ့ပြီမို့ နောက်ရက်ကျမှ သွားယူရဦးမည်။

     သူမ အိမ်ထဲဝင်လာတော့ အိမ်ပြန်ရောက်နေပြီဖြစ်သည့်ပါးပါးကို လှေကားနားမှာတွေ့၏။ ဓူဝံ ရှပ်လက်ရှည်ကိုချွတ်ရင်း အခန်းထဲဝင်ဖို့ဟန်ပြင်ပြီးမှ သမီးကိုမြင်သွားကာ ရှပ်အင်္ကျီကို အလျင်စလိုပြန်ဝတ်သည်။
    
     'မီးလေး ပြန်လာပြီလား...'
    
     အပြုံးနှင့်မေးနေပုံက မနက်က ဆူငေါက်အော်ဟစ်ခြင်း မပြုခဲ့သည့်အတိုင်းပင်။

     'ပါးပါး...'
    
     ကိကိ ပါးပါးကိုခေါ်ရင်း ငိုချင်လာသည်။ ပါးပါးအနားသို့ တစ်လှမ်းချင်းတိုးခဲ့ရင်း မျက်ရည်တွေလိမ့်ဆင်းလာ၏။ သူမ ဦးနတ်ကိုချစ်သည်။ သူနှင့်အတူ ဘဝတစ်ခုထူထောင်ဖို့လည်း ဆုံးဖြတ်ပြီးပြီဖြစ်၏။ သို့သော် ပါးပါးသဘောမတူလျှင် သူမ အပြည့်အဝပျော်နိုင်လိမ့်မည်မဟုတ်။ ပါးပါးကိုတစ်ယောက်တည်းထားခဲ့ဖို့ထိလည်း ဥပေက္ခာမပြုရက်ပါ။
     ပါးပါးက ရုပ်ရှိရေလျှံ အရွယ်ကောင်းနေဆဲဖြစ်လျက်နှင့် နောက်အိမ်ထောင်မပြုဘဲ သူမကို အမေလိုတစ်မျိုး ၊ အဖေနေရာမှာ တစ်ဖုံ ပြုစုစောင့်ရှောက်ခဲ့သည်။ ဆုံးမသွန်သင်ပေးခဲ့၏။ သူမဆန္ဒမှန်သမျှကို လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့သည်။ သူမအတွက် မီးပြတိုက်လိုတည်ရှိမှုမျိုးနှင့် အလင်းပေးခဲ့သည့်ဒီအဖေကို ဆန့်ကျင်ပြီး သူမ ဦးနတ်ကို လက်ထပ်ရဲပါ့မလား။
    
     'သမီးလေး ဘာလို့မျက်ရည်ကျနေတာလဲ..ပါးပါး မနက်က ပြောလိုက်တဲ့စကားတွေကြောင့်လား..'
    
     ဓူဝံ သမီးမျက်ရည်တွေ​ကိုမြင်လိုက်ရသဖြင့် စိုးရိမ်သွားမိသည်။ မနက်က သူ့စကားတွေလွန်သွားခဲ့၏။ ခါတိုင်းဘယ်လောက်ပဲဆူဆူ အပြုံးမပျက်ခဲ့သည့်သမီးက အခုတော့ မျက်နှာလေးနွမ်းလျနေသဖြင့် သူ့ရင်ထဲမကောင်း။ ဆူမိသည့်အတွက်လည်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိ၏။
      သမီးရင်ထဲက ခံစားချက်တွေကို သူအသိဆုံးဖြစ်လျက်နှင့် စိတ်ထိခိုက်အောင် ပြောထွက်ခဲ့မိသည်။
    
     'ပါးပါး မီးလေးကိုတောင်းပန်ပါတယ်ကွာ.. မနက်ကပြောတာတွေက စနောက်တဲ့သဘောပါ.. ပါးပါးက သမီးချစ်တဲ့သူနဲ့ သမီးကို ဘာဖြစ်လို့ သဘောမတူရမှာလဲ..'
    
     ကိကိ ပါးပါးကိုပြေးဖက်၍ ရှိုက်ငိုလေသည်။ ဓူဝံ သမီးကိုပြန်ဖက်ထားရင်း ခေါင်းလေးကိုခပ်ဖွဖွပုတ်၍ နှစ်သိမ့်ပေး၏။
    
     'ပါးပါးက ဟောဒီ့ကမ္ဘာကြီးမှာ သမီးလေးကိုအချစ်ဆုံး.. မီးလေး စိတ်ချမ်းသာဖို့၊ ပျော်ရွှင်ဖို့ အဓိကပဲ..မီးလေးချစ်တဲ့သူနဲ့လက်ထပ်ဖို့လည်း သဘောတူပြီးသားပါ.. လက်ထပ်ပွဲအတွက်လည်း အားလုံးစီစဥ်ပြီးသား.. အဲဒါကြောင့် သမီးလေး ဘာမှစိတ်မညစ်နဲ့တော့.. စစ်သည်ကိုလည်း မှာထားတယ်..ငါ့သမီးကို သေချာဂရုစိုက်ရမယ်၊ စောင့်ရှောက်ကာကွယ်ရမယ်.. ငါ့သမီးကိုဝမ်းနည်းအောင်လုပ်ရင်၊ ဥပေက္ခာပြုရင် မင်းအသေပဲလို့...'
    
     ပါးပါးစကားတွေကိုနားထောင်ရင်း ကိကိ ပိုဝမ်းနည်းနေမိသည်။ မျက်ရည်တွေလည်း တဖြိုင်ဖြိုင်စီးကျနေခဲ့၏။ ပါးပါးက မကြာခင်ခွဲခွာရတော့မည့်လူလို သူမစိတ်ချမ်းသာစေမည့်စကားလုံးတွေ တမင်ရွေးချယ်၍ ပြောနေခဲ့သည်ပဲ။
    
     'အဲဒါကြောင့် သမီးလေး ဝမ်းမနည်းနဲ့.. ပါးပါးက သူနဲ့ကတိကဝတ်တွေထားခဲ့ပြီးသားပါ..'
    
     'သမီး သူနဲ့လိုက်သွားရင် ပါးပါးတစ်ယောက်တည်းကျန်ခဲ့မှာပေါ့..'
    
     'ဪ..ကျန်ခဲ့တော့လည်း လွမ်းတဲ့သူက လာတွေ့ကြေးပေါ့ကွ..ပါးပါးက သမီးကိုနေ့တိုင်းလွမ်းနေရမှာပဲ .. တစ်နေ့တစ်ခါ ပုံမှန်လာတွေ့မှာ ဟုတ်ပြီလား...'
    
     ဓူဝံ သမီးမျက်ရည်တွေကိုသုတ်ပေး၍ နှစ်သိမ့်နေသည်။ ကိကိ ငိုမဲ့မဲ့မျက်နှာနှင့်မော့ကြည့်ပြီး ပါးပါးကို ပို၍တိုးဖက်ထားမိကာ..
    
     'သမီး ပါးပါးကိုချစ်တယ်...သူနဲ့လက်ထပ်ခဲ့ရင်တောင် ပါးပါးကိုအချစ်လျော့မသွားပါဘူးလို့...'
    
     'အောင်မယ်လေးဗျာ... ငါ့သမီးကတော့ ခြွေပြီဟေ့...'
    
     ဓူဝံ ပြုံးရွှင်သည့်မျက်နှာနှင့် ရယ်သံစွက်၍ ပြောနေပေမဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေဝေ့သီနေခဲ့သည်။ သူ အသက်ရှင်ဖို့ ရက်ဘယ်လောက်မှမကျန်တော့ဘူးဆိုတာကို သမီးလေးသိလို့မဖြစ်ပေ။
    
     ဒီသမီးလေးက သူ့ကိုအချစ်မလျော့ပါဘူးဆိုသည့်စကားတစ်ခွန်းဖြင့်ပင် သူ့အသက်ကိုဆွဲဆန့်ချင်စိတ် ပေါက်သွားလေသည်။ သို့သော် သူ့အတွက် မျှော်လင့်ချက်မရှိတော့။ အတွင်းကြေဒဏ်ရာများကြောင့် လူက နာကျင်ပင်ပန်းလွန်းလှပြီ။
    
     တောင့်ခံနိုင်ဖို့ ထုတ်သုံးထားရသည့်စွမ်းအားတွေကလည်း တတိတိလျော့ကျလာနေ၏။ ဘာပဲဖြစ်ဖြစ် သူ့အသက်တမျှချစ်ရသည့်သမီးကို အချစ်ဆုံးသူငယ်ချင်း၏လက်ထဲမှာ ယုံကြည်စိတ်ချစွာ နှင်းအပ်ပြီးမှသာ သေဆုံးသွားပါရစေ။
    
     'ပါးပါးက အပြင်ကပြန်လာတာမို့လို့ ချွေးနံ့တွေနဲ့ညစ်ပတ်နေတာမီးလေးရဲ့.. ရေချိုးလိုက်ဦးမယ်.. သမီးလေးလည်း အခန်းထဲဝင်ပြီး နားတော့နော်..'
    
     သူ သမီးကိုအနားယူဖို့ပြော၍ အခန်းထဲဝင်လာခဲ့သည်။ ရေချိုးခန်းထဲဝင်၍ အင်္ကျီချွတ်လိုက်သည့်အခါ မြင်မကောင်းအောင် ဆိုးရွားနေသည့်ဒဏ်ရာဒဏ်ချက်များကို မှန်ထဲမှာ တွေ့လိုက်ရ၏။
     ရေပန်းခလုတ်ဖွင့်လိုက်သည်နှင့် သူ့မျက်ရည်တွေ ရေနှင့်အတူ ရောထွေးစီးကျလာခဲ့ပြီး..
    
     ပါးပါးကို ခွင့်လွှတ်ပေးပါသမီးလေးရယ်.. လွမ်းရင်တောင် တမလွန်ကနေပဲ....'

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now