✨ဦးဆွေးဆံမြည့်-၃၂✨

5K 228 41
                                    

   'ဟယ်... မောင်မောင်တို့လာပြီ...'
  
   သူတို့ညီအစ်ကိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ကားရပ်သည်နှင့် ဘေဘီ ဝမ်းသာအားရထွက်ကြိုသည်။ စစ်သည်က ကားနောက်ခန်းဖွင့်ကာ ဘေဘီ့အတွက်ဝယ်လာသည့်ပန်းအိုးတွေကို အိမ်ရှေ့မှာ နေရာချပြီးမှ အိမ်ထဲဝင်လာခဲ့သည်။
  
   'အဲဲဒီ့ပန်းမျိုး ဘေဘီမှာထားတာကြာပြီ.. မရောက်သေးဘူးဆိုလို့လေ.. မောင်မောင်ကြီးက သတိတရနဲ့ဝယ်လာပေးတာ အရမ်းချစ်ဖို့ကောင်းတာပဲ...'
  
   ဘေဘီက သူ့လက်မောင်းကိုတွဲချိတ်၍ ရွှင်မြူးစွာဆိုနေတော့ ရှေ့မှသွားနေသည့်လုလင်က လည်ပြန်လှည့်ကြည့်၍ မျက်စောင်းချီလျက်..
  
   'ဪ... ငါကတော့ ချစ်ဖို့မကောင်းဘူးပေါ့လေ ဟုတ်လားငယ်လေး...'
  
   'အံမယ်... အဲလိုပြောစေချင်ရင် အလိုက်တသိဝယ်လာပေးရမှာပေါ့.. ဘေဘီ့အိမ်တောင်မှ မောင်မောင် ကိုယ့်သဘောနဲ့ကိုယ်လာလည်တာ ဘယ်နှခါများရှိသလဲ... ဘေဘီပဲ ပုံမှန်လာတွေ့ရတာလေ...'
  
   ဘေဘီ ပြန်ချေတော့ လုလင် ဘာမှပြန်မပြောနိုင်ဘဲ မဲ့ရွဲ့နှုတ်ဆိတ်သွားသည်။ ညီမလေးပြောလည်း ပြောချင်စရာ။ သူက မေမေဆုံးပြီးကတည်းက အိမ်ခွဲနေပြီး ဟိုပြောင်းဒီပြောင်းနှင့် အလုပ်များသူမို့ ညီမလေးအိမ်ကို တကူးတကလာတာမျိုး သိပ်မရှိပေ။ သို့ပေမဲ့ ဒီညီမတစ်ယောက်ကတော့ ငြိုငြင်တာမျိုးမရှိဘဲ နားလည်သိတတ်စွာ သူ့ကိုစားစရာသောက်စရာတွေ ပုံမှန်လာပို့လေ့ရှိသည်။
   မိသားစုဆိုသည့်နွေးထွေးမှုတွေ အရင်လိုပြန်ရဖို့  အစ်ကိုနှင့်ညီမအတွက် အားလပ်ချိန်သတ်သတ် ဖဲ့ထုတ်ပေးရဦးမည်။
   မောင်နှမသုံးယောက် ဆက်တီမှာ ဝင်ထိုင်လိုက်ကြပြီးမှ လုလင် သူ့ကိုမျက်စပစ်၏။ သူက ခေါင်းခါပြ၍ ပြန်မေးဆတ်တော့ လုလင်ကပဲ လည်ချောင်းရှင်းလိုက်ပြီး...
  
   'ငယ်လေးပြန်လာပြီဆိုတော့ မောင်မောင်ပြောရဦးမယ်... ၂၁ရက်နေ့ကျရင် မောင်မောင်တို့ဗုဒ္ဓဂါယာဘက်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အလှူလုပ်ဖို့ရှိတယ်...'
  
   'ဟင်..ဟုတ်လား...'
  
   'အေး... အဲဒီ့နေ့ကျရင် ငယ်လေးက မောင်မောင်နဲ့အတူသွားရမှာ... ကိုကိုကတော့ စီစဥ်စရာတွေရှိနေလို့ အရင်ကြိုသွားနှင့်မှာ...'
  
   'ဪ...အလှူရှိတယ်လို့ ဘေဘီ့ကိုကြိုဖုန်းဆက်ရောပေါ့... ဘာမှလည်း အကူအညီမပေးလိုက်ရဘူး... ဘာတွေလိုအပ်သေးလဲဟင်...'
  
   'မလိုဘူးလေ.. ငါ့ညီမက အလှဆုံးဝတ်စားပြင်ဆင်ပြီး အိမ်ကနေလိုက်ခဲ့ရုံပဲ..'
  
   'ဒါဆို နေဦး... ဘေဘီ သားငယ်ဆီဖုန်းဆက်ရမယ်.. သူ့ကိုလည်း ပါအောင်ခေါ်ခဲ့မယ်...'
  
   'ဟာ..ဟေ့ နေဦးလေ...'
  
   ဘေဘီက ဖုန်းထယူဖို့ဟန်ပြင်တော့ လုလင် ကပျာကယာတားရသည်။
  
   'သားအကြောင်းလည်း နင်သိလျက်သားနဲ့...ခေါ်မနေနဲ့...'
  
   'မဟုတ်ဘူးလေ.. ဒီပွဲမျိုးက မိသားစုစုံစုံညီညီမှပိုကောင်းတာကို... '
  
   'သားကိုဇွတ်ခေါ်မနေနဲ့ ဘေဘီ.. သူက အချိုးပြေတာမဟုတ်ဘူး.. ကြားထဲက ကိုကိုစိတ်ရှုပ်နေရမှာစိုးလို့...'
  
   'ညီ...'
  
   ဘေဘီ့မျက်နှာလေး ပျက်ယွင်းသွားတာမြင်တော့ သူက ညီ့ကိုခပ်ကျိတ်ကျိတ်ဟန့်သည်။ ဘေဘီက ချက်ချင်း မျက်နှာပြန်ပြင်ကာ  အပြုံးလေးနှင့်ခေါင်းညိတ်လျက်..
  
   'ဘေဘီ သားကို ခေါ်မရရင်လည်း မခေါ်တော့ပါဘူးမောင်မောင်...'
  
   'မောင်မောင်တို့က သားကိုမခေါ်စေချင်တာမဟုတ်ပါဘူးညီမလေး.. ဘုန်းကြီးကျောင်းမှာ အလှူလုပ်ကြမယ်၊ တရားနာရေစက်ချကြမယ်ဆိုတော့ သား စိတ်ကျဥ်းကျပ်မှာစိုးလို့ပါ.. ညီမလေးလည်း အနေရခက်မှာစိုးလို့ ညီက တားတာ...'
  
   စစ်သည် ကြားဝင်ဖြေပေးမှ ဘေဘီ့မျက်နှာလေး ပြန်ကြည်သွား၏။
  
   'အဲဒါတော့ ဟုတ်တယ်.. သားက အလှူတွေဘာတွေဆို ဘယ်တော့မှခေါ်မရတာ အမှန်ပဲ.. အခုလည်း သူ အိမ်မှာမရှိဘူးလေ... ဘေဘီဖုန်းဆက်တော့လည်း တစ်ခါမှမကိုင်ဘူး.. ဘေဘီက အခုမှသိရလို့ရယ်.. စောစောကြိုသိရရင် ကိုပိုင့်ကို လှမ်းခေါ်ပါတယ်...'
  
   'မခေါ်ပါနဲ့ .. သူ အလုပ်ဖြောင့်ဖြောင့်လုပ်ပါစေ...'
  
   သူတို့ပြောနေဆဲမှာ အိမ်ထဲဝင်လာသူကို စစ်သည်က အရင်မြင်သွားသည်။
  
   'မာမီ...'
  
   ခပ်ကျယ်ကျယ်ခေါ်သံကြောင့် လုလင်နှင့်ဘေဘီ ပြိုင်တူလှည့်ကြည့်မိကြ၏။
  
   'ဟယ်..သားပြန်လာပြီ..'
  
   ရာဇ်က ​ဂျာကင်အင်္ကျီကို ပခုံးပေါ်တင်၍ လျှောက်လာကာ မျက်လုံးအကြည့်များက သူ့ထံမှာပဲ စူးစိုက်နေသည်။ သူတစ်ယောက်တည်းသာ သတိထားမိနိုင်မည့် ထေ့ပြုံးတစ်ချက် လှစ်ခနဲပြုံးလိုက်ပြီးမှ ဘေဘီ့အနားသို့ရောက်သည်နှင့် ခြေလှမ်းတွေ ချက်ချင်းဒယီးဒယိုင်ဖြစ်ကာ ဘေဘီ့ရှေ့မှာ ဘုန်းခနဲဒူးထောက်ကျလေသည်။
  
   'ဟဲ့...အို.. သား ဘာဖြစ်တာလဲ..'
  
   ဘေဘီနှင့်လုလင် ရာဇ်ကို ကပျာကယာဆွဲထူကြသည်။ သူကတော့ ထိုင်ရာမှမထ၊ တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်နေ၏။
  
   လုလင် ရာဇ်ကိုဆက်တီပေါ်ထိုင်ဖြစ်အောင် တွန်းပို့တော့ ရာဇ် ဆက်တီနောက်မှီမှာ ပစ်စလက်ခတ်မှီချသည်။ မျက်နှာကလည်း ဝေဒနာတစ်ခုကိုအပြင်းအထန်ခံစားနေရသည့်ပုံစံမျိုးဖြင့် ရှုံ့မဲ့နေ၏။
  
   'ကျွတ်..ကျွတ်... နာလိုက်တာ... ကျောဘက်ရော  ရင်ဘတ်ရော အရမ်းစူးအောင့်နေတာပဲ...'
  
   'ဘာဖြစ်လာတာလဲ သားရယ်... မာမီ့ကိုပြောပါဦး..'
  
   ဘေဘီ စိုးရိမ်ပူပန်စွာမေးနေပြီး လုလင်လည်း မျက်နှာမကောင်းရှာဘဲ သူ့ကိုမေးဆတ်သည်။ သူ ထိုင်ရာမှထလာတော့ လုလင် နေရာဖယ်ပေး၏။
  
   'သား ... သား  တိုက်ခိုက်ခံရတာမာမီ...အ...ကျွတ်..'
  
   ရာဇ် ကျွတ်သပ်ညည်းညူရင်း ရှပ်အင်္ကျီချွတ်လိုက်ရာ မီးလောင်ထားသလို ညိုမည်းကွက်ကြီးများက ကျောပြင်နှင့်ရင်ဘတ်မှာ ထင်းနေသည်။
  
   'အမလေး ဘုရား ဘုရား... ငါ့သားလေး ဘယ်လိုဖြစ်ရတာလဲ...ဘယ်သူလုပ်လိုက်တာလဲ...ကြည့်ပါဦး မြင်မကောင်းဘူး..'
  
   ဘေဘီ ရင်ဘတ်ဖိဘုရား,တရင်း မျက်ရည်တွေစီးကျလာသည်။ လုလင် ညီမကိုတစ်လှည့်၊ တူကိုတစ်လှည့်ကြည့်ရင်း မျက်နှာကြီးပျက်ကျနေ၏။ ရာဇ်က သေလုမြောပါးဖြစ်နေသူလို အသက်ကိုခပ်မျှင်းမျှင်းရှုနေပြီး..
  
   'သားကို တိုက်ခိုက်သွားတဲ့သူ ဘယ်သူလဲဆိုတာ သေချာမမြင်လိုက်ရဘူးမာမီ...သေချာတာတော့ အဲဒီ့လူက သားလို Supernaturalပဲ...သား.. သား တော်ရုံနာကျင်တာကို မဖြုံပေမဲ့ အခု သေလုမတတ်ပဲ...'
  
   'ဖြစ်ရလေသားရယ်... ငါ့သားလေးကို ဘယ်လိုလူက လုပ်ရက်ရတာလဲ.. ဘာရန်ငြှိုးတွေရှိနေလို့လဲ... မောင်မောင်တို့လုပ်ပါဦး... ဘေဘီရင်ကျိုးတော့မယ်...'
  
   အစ်ကိုတွေကို အကူအညီတောင်းရင်း ငိုရှိုက်နေသဖြင့် လုလင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဗျာများနေသည်။ ရာဇ်က ဝေဒနာကိုအံကြိတ်သည်းခံနေရသည့်ပုံစံ အပီအပြင်သရုပ်ဖော်နေကာ..
  
   'သားကို တိုက်ခိုက်သွားတဲ့သူကို သေချာမမြင်လိုက်ရပေမဲ့ မျက်လုံးတွေကိုတော့ မှတ်မိတယ်.. အစိမ်းရောင်... ဟုတ်တယ် အစိမ်းရောင်မျက်လုံးတွေ...'
  
   'ဟင်... အစိမ်းရောင်မျက်လုံးတွေ...'
  
   ဘေဘီ သံယောင်လိုက်ရွတ်နေတုန်း ရာဇ် ဘေဘီ့လက်မောင်းပေါ်မှာ မျက်နှာမှောက်၍ သတိလစ်သွားလေ၏။
  
   'အို... သား.... မာမီ့သားလေး...သတိလစ်သွားတာထင်တယ် လုပ်ကြပါဦး...'
  
   ဘေဘီ အလန့်တကြားအော်လျှင် လုလင် သူ့ကိုတစ်ချက်ကြည့်ပြီးမှ ရာဇ်ကိုပွေ့ဖို့ဟန်ပြင်သည်။ သူက လက်ကာပြ၍ ရာဇ်၏ကိုယ်လုံးကြီးကို သူကိုယ်တိုင်ပဲ ပွေ့ယူလိုက်ပြီး ရာဇ်အခန်းဆီ ခေါ်လာခဲ့သည်။
  
   'သားကို သေချာကုပေးရမှာမို့ ညီနဲ့ညီမလေး အပြင်က စောင့်နေပါ...'
  
   သူ့စကားကြောင့် လုလင်နှင့်ဘေဘီ အခန်းပြင်သို့ မျက်နှာပျက်ပျက်နှင့် ပြန်ထွက်သွားကြသည်။ ရာဇ်က အိပ်ရာထက်မှာ ပက်လက်အနေအထားနှင့် မျက်စိစုံမှိတ်နေ၏။ သူ အခန်းတံခါးပိတ်၍ ရာဇ်ဘေးမှာ ရပ်ကာ အတန်ကြာတိတ်ဆိတ်နေပြီးမှ..
  
   'သရုပ်ဆောင်နေတာတွေ တော်လောက်ပြီ ကောင်လေး...'
  
   ပြောပြောဆိုဆို ရာဇ်ရင်ဘတ်မှာ မီးလောင်ကွက်တွေ ညိုမည်းနေသည့် အသားလွှာကြီးကို ဗြိခနဲ ဆွဲခွာပစ်သည်။ ရာဇ် ဝုန်းခနဲ ထလာကာ ရင်ဘတ်ကိုတစ်ချက်ငုံ့ကြည့်ပြီးမှ သူ့ဆီ စူးစူးရဲရဲဝေ့ကြည့်၏။ သူက အသားကပ်ပတ်စကြီးကို ရာဇ်မျက်နှာဆီ ဖတ်ခနဲ အုပ်ကာ..
  
    'မင်းက လည်တော့ လည်တယ် ၊ တစ်ပတ်မပြည့်ဘူး.. ဒီ့ထက်ပီပြင်အောင် တကယ့်မီးစနဲ့တို့ပြီး စွန့်စားခဲ့သင့်တယ်ကွာ...'
   
    ရာဇ် သူအုပ်လိုက်သည့်ပတ်စကြီးကို ဒေါသတကြီးဆွဲခွာ၍ သူ့ကိုလက်ရွယ်လျှင် သူက ထိုလက်ကိုချုပ်လိုက်ပြီး...
   
    'သိပ်မလှုပ်ရှားနဲ့ကွ... အပြင်မှာ မင်းအမေနဲ့ဦးလေးရှိနေတယ်...'
   
    ခပ်ကျိတ်ကျိတ်​သတိပေးရင်း..
   
    'ကိုယ် ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ရုပ်ရှင်တစ်ကားကို သတိရမိတယ်.. ဘုရားကျွန်တွေအကြောင်း ရိုက်ထားတဲ့ကားပေါ့.. သရုပ်ဆောင်တွေကလည်း ဝါရင့်တွေဆိုတော့ အကယ်ဒမီဆန်ကာတင်ထဲ တစ်ပြေးနေတဲ့ရုပ်ရှင်ပဲ.. ဘုရားကျွန်၊ သူဖုန်းစားနေရာက သရုပ်ဆောင်တဲ့ဝါရင့်မင်းသမီးကြီးက သရုပ်ဆောင်ကောင်းလွန်းလို့ အကယ်ဒမီကတော့ သူ့အတွက်ပဲလို့ သေချာပေါက်မှန်းထားကြတာ.. ဒါပေမဲ့ လွဲသွားတယ်.. ဘာဖြစ်လို့လဲသိလား..  သူဖုန်းစားနေရာက သရုပ်ဆောင်ရင်း ခွက်မြှောက်လိုက်တဲ့အချိန် သူ့အင်္ကျီထဲမြှုပ်ထားတဲ့ဆွဲကြိုး ပေါ်သွားလို့တဲ့လေ...'
   
    သူက ရှည်လျားစွာ ​ရှင်းပြကာ ရာဇ်ကို ခပ်ထေ့ထေ့လှောင်ပြုံးနှင့်ကြည့်သည်။
   
    'သဏ္ဍာန်လုပ် သရုပ်တူချင်ရင်လည်း သူဖုန်းစားဇာတ်ရုပ် ပီပြင်ဖို့ ရွှေဆွဲကြိုးလေးတော့ ဖြုတ်ခဲ့သင့်တယ်မဟုတ်လား.. ဒီလောက်လေးတောင် အားထုတ်မှုမရှိမှတော့ အကယ်ဒမီလွဲတာ ဘာဆန်းသလဲ..'
   
    သူ ပြန်မေးနေတော့မှ ရာဇ် သူဆိုလိုသည့်အဓိပ္ပါယ်ကို သဘောပေါက်သွားကာ ကျိခနဲ အံကြိတ်၏။ သူက ရာဇ်ကို မျက်စပစ်၍..
   
    'မင်းကိုတော့ အကယ်ဒမီမပေးဘူး... ဒါပဲရမယ်...'
   
    ပြောပြောဆိုဆို သူ့လက်တစ်ဖက် မြှောက်တက်သွားကာ ရာဇ်နားရင်းကို ဖျောင်းခနဲ အုပ်ထည့်သည်။ ရာဇ်မျက်နှာ တစ်ဖက်သို့ လည်ထွက်သွားသည်နှင့် ကုပ်ပိုးကိုပါ လက်နှင့်ဖိ၍ ကျန်လက်တစ်ဖက်ဖြင့် ကျောမှာကပ်ထားသည့် မီးလောင်ကွက်ပုံစံ အသားစကြီးကို ဆတ်ခနဲ ဆွဲခွာချပြန်သည်။
   
    'အန်ကယ်... ခင်ဗျား...'
   
    ရာဇ် သူ့လက်တွေထဲမှ အတင်းရုန်းထွက်၍ သူ့ကိုကြမ်းတမ်းစွာတိုက်ခိုက်လာ၏။ သူက ပြန်ပုတ်ထုတ်၍ ခြေနှင့် ပြင်းထန်စွာဆောင့်ကန်သည်။  ရာဇ် သူ့ကန်ချက်ကြောင့် ပက်ခနဲလန်သွားသော်လည်း ချက်ချင်းပြန်ထ၍ သူ့ကိုခုန်အုပ်သည်။ နှစ်ယောက်သား သူတစ်ပြန်ကိုယ်တစ်ပြန် သတ်ပုတ်ရင်း ဘေးနံရံထိ အလျားလိုက်လွင့်စင်သွားကာ စစ်သည်က ရာဇ်မျက်နှာကို လက်သီးချက်တွေဆက်တိုက်ဆင့်ထိုး၏။ ရာဇ် မျက်နှာမော့ရှောင်သော်လည်း နှစ်ချက်လောက် ထိသွားသဖြင့် သူ့ဒူးကို ညာခြေနှင့်ဖိချုပ်ဖို့ဟန်ပြင်သည်။ သူက လှစ်ခနဲရှောင်ကာ ရာဇ်ကို ကုပ်မှကိုင်ဆွဲ၍ လွှဲမြှောက်ကန်ထည့်လိုက်သဖြင့် ရာဇ် ခုတင်​ဘေးက စားပွဲပေါ် ဝမ်းလျားမှောက်ကျသွားသည်။
    ပြန်ထဖို့ဟန်ပြင်နေဆဲမှာ ဇက်ပိုးကို ဓားမိုးခံလိုက်ရပြီး...
   
    'အမေကိုတောင် မဆီမဆိုင် သောကပေးတဲ့ကောင်... ငါ့ညီမ မင်းကြောင့် တစ်ခုခုဖြစ်ကြည့်... မင်းသေနေ့ပဲ...'
   
    ပြောရင်းဆိုရင်း ဓားပြန်ရုပ်စဥ် ရာဇ်က ရုတ်တရက် ထရပ်၍ သူ့လက်ထဲက ဓားကိုဆွဲလုသည်။ သူ ဓားလွတ်သွားသည့်အခိုက်မှာ သူ့လည်မျိုကို ဖျစ်ညှစ်၍ အရှိန်နှင့်တွန်းကန်လိုက်သဖြင့် သူ့ကိုယ်ကြီး နံရံမှာ ပစ်ကပ်သွား၏။ လည်ပင်းကိုညှစ်၍ မြှောက်ပင့်ခံထားရသဖြင့် ကြမ်းပြင်နှင့်တစ်ပေခန့်အကွာမှာ ခြေထောက်တွဲလောင်းဖြစ်နေသည်။ ရာဇ် သူ့ကိုစဥ်းလဲသော မျက်လုံးများနှင့်အံကြိတ်ကြည့်၍ လက်ထဲမှဓားကို သူ့ဝဲဘက်ရင်အုံဆီ ဇွပ်ခနဲထိုးသွင်းလျက်..
   
    'ခင်ဗျား သေလိုက်တော့... တစ်စက္ကန့်တောင်မှ မနေနဲ့တော့...'
   
    သူ့ရင်ဘတ်ကို အားရပါးရဖိထိုးရင်း သွေးတွေတစိမ့်စိမ့်ထွက်လာတာကို အရသာခံကြည့်သည်။ သူက လည်ပင်းကိုညှစ်ခံထားရသည့်တိုင် တန်ပြန်စူးစိုက်ကြည့်၍ နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးသည်။
   
    'ဒီလိုနည်းနဲ့ ကိုယ့်ကိုသတ်နိုင်မယ်လို့ ထင်နေတယ်ပေါ့.. တကယ့် actingဆိုတာ ဘယ်လိုမျိုးလဲ မင်းကိုပြမယ်.. '
   
    ရာဇ်ကြားသာရုံလေသံနှင့်ပြော၍ ရုတ်တရက် အားခနဲအော်သည်။
   
    'အား.... အ...ရာဇ်... တော်ပါတော့... တောင်းပန်ပါတယ်ကွာ...'
   
    သူ့အော်သံကြောင့် အပြင်ဘက်မှ လုလင်နှင့်ဘေဘီတို့ တံခါး​ဖွင့်၍ အခန်းထဲ ပြေးဝင်လာကြသည်။ နံရံထက်မှာ တောက်တဲ့လိုတွယ်ကပ်နေဆဲရှိသည့်သူနှင့်ရာဇ်ကိုမြင်တော့ နှစ်ယောက်လုံးမျက်လုံးမျက်ဆန်ပြူးလျက် ထိတ်လန့်ကုန်ကြသည်။
   
    'အောင်မယ်လေး... မောင်မောင်ကြီး.. သားငယ်...'
   
    'ကိုကို့...'
   
    ရာဇ် မာမီနှင့်ဦးငယ်ကိုမြင်တော့ တစ်ချက်ကြောင်သွား၏။ စစ်သည်က သွေးအလူးလူးဖြင့် အရုပ်ကြိုးပြတ်သကဲ့သို့ ခေါင်းငိုက်စိုက်ကျနေပြီဖြစ်လျက်...
   
    'ရာဇ်... ဟေ့ကောင် .. မင်း ဘာလုပ်လိုက်တာလဲ... သူက မင်းအန်ကယ်ကွ...'
   
    'သားငယ် ဘယ်လိုလုပ်အဲဒီ့ပေါ်ရောက်နေရတာလဲ.. ဘယ်လိုတွေဖြစ်ကုန်တာလဲ.. အဲဒါ မင်းအန်ကယ်လေ သားရဲ့..'
   
    ဘေဘီ ရင်ဘတ်ဖိ၍ အော်ပြောနေပြီး လုလင်က ရာဇ်ဆီပြေးလာကာ လေထဲတန်းလန်းဖြစ်နေသည့်ရာဇ်ကိုယ်ကြီးကို လှမ်းဆွဲသည်။ ရာဇ် ကြောင်တွေနေဆဲမို့ လုလင်ဆွဲသည့်အတိုင်း ပါလာကာ စစ်သည်ကိုယ်လုံးကြီးပါ ကြမ်းပြင်ပေါ် ဘုန်းခနဲ ပြုတ်ကျသွား၏။
    ရင်ဘတ်ကိုဓားစိုက်နေဆဲမို့ လုလင် တုန်လှုပ်စွာ ပွေ့ထူသည်။ ဘေဘီလည်း ဒူးထောက်ထိုင်ချ၍ ငိုတော့သည်။
   
    'ကိုကို...ကိုကို ရရဲ့လား...'
   
    သူ့မျက်နှာကို လက်နှင့်လှုပ်မေးရင်း ရာဇ်ကို ဒေါသမျက်ဝန်းများနှင့် လှည့်ကြည့်သည်။
   
    'မင်း ခုနက သတိလစ်သွားတယ်ဆိုပြီး အခု ဘာလုပ်လိုက်တာလဲရာဇ်.. မင်းကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေရော ဘယ်ပျောက်သွားတာလဲ ဟမ်.. ဘယ်ပျောက်သွားတာလဲလို့... မင်း အတုအယောင်တွေနဲ့ဟန်ဆောင်ပြီး ဘာလုပ်ဖို့ကြံစည်နေတာလဲ... တကယ့်ဂြိုဟ်ဆိုးကောင်ပဲရာဇ်ရာ.... လုပ်ရက်တယ်ကွာ...'
   
    လုလင် မချိတင်ကဲအော်ပြောရင်း မျက်ရည်တွေစီးကျလာသည့်ပါးပြင်ကို လက်ဝါးဖြင့်သပ်ချသည်။ ဘေဘီလည်း ရာဇ်ကိုမယုံနိုင်သလို ငေးကြောင်ကြည့်ရင်း ပခုံးတွေလှုပ်ခါသည်အထိ ရှိုက်ငိုလျက်...
   
    'မင်းကို မာမီ တကယ်မထင်ခဲ့ဘူးသားရယ်.. ဟောဒီ့လူက မင်းအန်ကယ်လေ.. မင်းအန်ကယ်အရင်းပါ သားရဲ့.. ဘာရန်ငြှိုးတွေရှိနေလို့ အခုလိုလုပ်ရက်ရတာလဲ... အဲလိုတွေလုပ်မယ့်အစား မာမီ့ကိုသာ သတ်လိုက်ပါလား...'
   
    ဘေဘီ ငိုကြီးချက်မနှင့်ပြော၍ သတိလစ်သွားသဖြင့် ရာဇ် ​ထိတ်ခနဲဖြစ်သွားသည်။ ဆွဲထူဖို့သတိမရဘဲ ငေးကြောင်သွား၏။ လုလင် ညီမလေးကိုတစ်ဖက်၊ အစ်ကိုကိုတစ်ဖက် ထိန်းပွေ့ထားရင်း အိတ်ကပ်ထဲက ဖုန်းကိုထုတ်၍ နံပါတစ်ခုကိုခေါ်သည်။
   
    'ကိုရဲရင့်အောင်.. လူတွေလွှတ်လိုက်တော့ဗျာ..'
   
    တိုတိုပြတ်ပြတ်ပြော၍ ဖုန်းပြန်သိမ်းကာ ဘေဘီ့ကို ရာဇ်အိပ်ရာပေါ်ပွေ့တင်သည်။ ထို့နောက် တံခါးအပြင်က သံကြိုးခွေတစ်ခွေကိုယူလာကာ ကြမ်းပြင်ပေါ် ပက်လက်ဖြစ်နေဆဲ စစ်သည်ဘေးမှာ မုဆိုးဒူးထောက်ထိုင်၍..
   
    'ကိုကို... cutချိန်တန်ပြီထင်တယ်...'
   
    ခပ်တိုးတိုးပြောကာ သူ့ရင်ဘတ်က ဓားကိုဆွဲနုတ်လိုက်သည်။ ရာဇ်က လုလင်အသံကြားမှ သတိဝင်ကာ ဆတ်ခနဲလှည့်ကြည့်သည်။ထိုအခါ စစ်သည်က ဝုန်းခနဲထလာကာ လုလင်လက်ထဲက သံကြိုးကို ရာဇ်ဆီ လျှပ်စီးလက်သလိုလွှဲရစ်၍ ချုပ်နှောင်ပစ်သည်။ ရာဇ် မထင်မှတ်ဘဲ ချုပ်နှောင်ခံလိုက်ရသဖြင့် အံ့သြချိန်ပင် မရဘဲ ချက်ချင်း ရုန်းထွက်ဖို့ဟန်ပြင်သည်။ သို့သော် သံကြိုးများက ဖြတ်တောက်မရအောင် တင်းကျပ်အားကောင်းစွာရစ်ပတ်နေသည်မို့ သူ့တစ်ကိုယ်လုံး လှုပ်မရရုန်းမရဖြစ်နေ၏။ စစ်သည်က ဖြည်းညှင်းစွာ ထလာကာ စွန်းထင်းနေဆဲသွေးတွေကို သပ်ခါချ၍ ဂျက်ကက်အင်္ကျီကိုချွတ်သည်။ ထိုအင်္ကျီအိတ်ထဲက  စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်နှင့် မီးခြစ်ထုတ်၍ မီးညှိရှိုက်ဖွာရင်း..

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now