✨ဦးဆွေးဆံမြည့်-၁၃✨

4K 221 25
                                    

   'ဒီခွေးက ဘယ်ကရောက်လာတာလဲ...'
  
   ခွေးအိမ်နှင့်ဘာနှင့် ကျကျနနပြင်ဆင်ထားသည့်နေရာမှာ အညိုရောင် အမွေးစုတ်ဖွားနှင့်ခွေးလေးက အမြီးနှံ့နေ၏။ ဓူဝံ ခွေးအိမ်ကို သေချာလှည့်ပတ်ကြည့်နေစဥ်...
  
   'ကဲကဲရေ... ဒီမှာမုန့်ရပြီ..'
  
   ကိကိက ကိတ်မုန့်ထည့်ထားသည့်ပန်းကန်တစ်ချပ်ယူ၍ အိမ်ထဲမှထွက်လာကာ ခွေးရှေ့မှာချကျွေး၏။
  
   'မီးလေး...ဒီခွေးက...'
  
   'သမီးမှာထားတာလေ ပါးပါး..ဒီမနက်မှရောက်တာ...'
  
   ကိကိက ခွေးကိုမုန့်ချကျွေးပြီး ထပ်တစ်ရာပန်းအိုးတွေကိုနေရာချိန်းနေသည်။
  
   'အဲဒီ့ပန်းအိုးတွေ ဘာလို့နေရာပြောင်းတာတုံး...'
  
   'ကဲကဲက ထပ်တစ်ရာပန်းတွေမကြိုက်ဘူးပါးပါးရဲ့.. နှင်းဆီပန်းအိုးပြောင်းထားမလို့...'
  
   'ကဲကဲက ဘယ်သူလဲ...'
  
   'ဒီခွေးလေးလေ..'
  
   'ခွေးကို ညည်းက ဘယ်ကပိုက်ဆံနဲ့မှာထားတာလဲ...'
  
   'မုန့်ဖိုးထဲကလေ...'
  
   'ဒါဆို ငါပေးထားတဲ့မုန့်ဖိုးကရော..'
  
   'ကုန်ပြီလေ ဟီး..'
  
   ကိကိ စပ်ဖြီးဖြီးမျက်နှာနှင့်လှည့်ပြောလျှင် ဓူဝံ ကိုယ့်နဖူးကိုယ်ပြန်ရိုက်မိသည်။ ဒီသမီးတစ်ယောက်နှင့်တော့ခက်သည်။ ဆူပြန်လျှင်လည်း သူမကမကြိုက်။
   နေ့ရှိသရွေ့ ဆူစရာပြောစရာတွေ တစ်နေ့တစ်မျိုး မရိုးရအောင် ဖန်တီးသည့်နေရာမှာတော့ ဒီကလေးကို ဘယ်သူမှလိုက်မီနိုင်မည်မထင်။
  
   'ခွေးကို စည်းမဲ့ကမ်းမဲ့ထားလို့ကတော့ သူများကိုပေးပစ်မယ်နော်...'
  
   'ဟုတ်ကဲ့ပါ ပါးပါးရဲ့...'
  
   ခေါင်းညိတ်လိုက်သည့်ပုံစံက အချိုးမပြေ။ ဓူဝံ စိတ်ပျက်လက်ပျက်ဖြစ်ကာ ဘာမှထပ်မပြောတော့ဘဲ အိမ်ထဲပြန်ဝင်ဖို့ဟန်ပြင်လျှင်..
  
    'ပါးပါး..ဒီနေ့ ခွေးထရိန်နာလာမှာမို့ တစ်ပတ်စာ ထရိန်နင်ကြေးပေးလိုက်ဦးနော်...'
   
    'ဘယ်လောက်မို့လို့လဲ...'
   
    'ဆယ်သိန်း...'
   
    'အမယ်လေးဗျာ... ငါ ကုမ္ပဏီအလုပ်မလုပ်တော့ဘူး... ခွေးထရိန်နာပဲ ပြောင်းလုပ်တော့မယ် ကိကိရေ...'
   
    ထပ်ဆူမိတော့မှာမို့ စိတ်ကိုမနည်းပြန်လျှော့ကာ အိမ်ထဲအမြန်ပြန်ဝင်လာခဲ့သည်။ သူသာ သာမန်လူဆိုလျှင် ဒီသမီးတစ်ယောက်ကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါပါ ရနိုင်လောက်၏။
   
    ကိကိ ထပ်တစ်ရာပန်းတွေကိုဆွဲနုတ်၍ အမှိုက်ပုံးထဲထည့်ကာ ကိုင်းဆက်နှင်းဆီတွေကို ပန်းအိုးထဲ နေရာတကျပြန်စိုက်သည်။ သူမက ပန်းမကြိုက်သော်လည်း ဝယ်လာသည့်ခွေးက ပန်းအလွန်ကြိုက်သည်ဟုဆို၏။ ပန်းအိုးတွေရွှေ့နေဆဲမှာ အပြင်ဘက်ထွက်လာသည့်ဖြူစင်လွန်းက ဖုန်းတစ်လုံးနှင့် Selfieဆွဲ၍ ဟန်ရေးပြနေသည်။ ကိကိ ဒီဟာမကိုကြည့်နေတာကြာပြီ။ ဖုန်းအသစ်ဝယ်ပေးပြီးကတည်းက အဲဒီ့ဖုန်းနှင့်ပဲဓာတ်ပုံရိုက်လိုက် ၊ socialသုံးလိုက် အချိန်ကုန်နေသည်။ အခုလည်းပဲ မော်ဒယ်လ်တွေတောင် သူ့လောက် postပေးတတ်မည်မထင်ချေ။
   
    'ဖြူစင်လွန်း...'
   
    ကိကိ ခပ်ကျယ်ကျယ်အော်ခေါ်လိုက်တော့ ဖြူစင်လွန်းက လှည့်ကြည့်သည်။
   
    'ငါ့ကို ပန်းအိုးတွေလာကူသယ်ဦး...'
   
    ဖြူစင်လွန်း မသိမသာနှုတ်ခမ်းမဲ့သွားကာ ဖုန်းကိုအင်္ကျီအိတ်ကပ်ထဲထည့်၍ သုန်မှုန်သည့်မျက်နှာပေးနှင့် ကိကိအနားသို့လျှောက်လာ၏။
   
    'အဲဒီ့ဘက်က ပန်းအိုးတွေ ဒီဘက်ကိုရွှေ့ခဲ့...'
   
    ကိကိခိုင်းတာကိုလုပ်မပေးချင်မှန်းသိသာစွာ ပန်းအိုးသယ်လာပုံက မညင်သာ။
   
    'ဟဲ့ ဖြည်းဖြည်းသယ်လေ.. အဲဒီ့ပန်းအိုးက ဘယ်လောက်တန်လဲသိရဲ့လား.. ကွဲသွားရင် နင့်အဖေအိမ်ပြန်ရမယ်မှတ်...'
   
    ကိကိ ဒေါနှင့်မောနှင့်ကြိမ်းမောင်းလိုက်သဖြင့် ထိုဂြိုဟ်သူမက ပန်းအိုးတွေကိုနှေးဖင့်စွာ ရွှေ့ရင်း ပါးစပ်ကလည်း ပွစိပွစိ ရွတ်နေသည်။
   
    'ဟွန့်.. တစ်နေကုန်နားရတယ်ကိုမရှိဘူး.. ဟိုဟာခိုင်းလိုက်ဒီဟာခိုင်းလိုက်.. လူကသာ ခွေးပစ်တုတ်.. တစ်လောကလုံးသူ့လုပ်စာထိုင်စားနေရတဲ့ပုံစံနဲ့ အမိန့်တွေအာဏာတွေကလည်း ပေးချက်..'
   
    နားပါးသည့်ကိကိက သူမပြောသမျှကိုအကုန်ကြားနေရသဖြင့် နှင်းဆီပင်တွေစီနေရာမှ ခေါင်းထောင်လာသည်။
   
    'ဟဲ့.. ဖြူစင်လွန်း...'
   
    'အမလေး .. သောက်ပလုတ်တုတ်..'
   
    ဖြူစင်လွန်း လန့်ဖျပ်ကာ ပခုံးတွေပင်ခါသွား၏။ ကိကိ ပန်းအိုးတွေနားမှထရပ်၍  ဘောက်ဆတ်ဘောက်ဆတ်လျှောက်လာသည်။
   
    'နင် ခုနက ဘာပြောလိုက်တာ.. တစ်နေကုန်နားရတယ်ကိုမရှိဘူး.. ဟိုဟာခိုင်းဒီဟာခိုင်းနဲ့ ဟုတ်လား..  ဒီအိမ်မှာ နင်လက်ကြောတင်းတင်းနဲ့လုပ်တဲ့အလုပ် ဘာရှိသလဲ.. နီနီပဲ အားလုံးဒိုင်ခံလုပ်ရတာလေ.. နင် ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့အချောင်ခိုပြီး အိပ်လိုက်ဖုန်းကြည့်လိုက်လုပ်နေတာ ငါမသိဘူးထင်နေလား... ပြီးတော့ ဘာ.. ငါက ခွေးပစ်တုတ် ဟုတ်လား.. ဒီခွေးပစ်တုတ်က နင့်ကို နင့်အဖေအိမ်ပြန်ရောက်သွားအောင် ကန်ထည့်လိုက်လို့ရတယ်.. ပေါက်လား ဟမ်..ငါ့အိမ်မှာလာနေရင် ငါခိုင်းတာလုပ် ငါ့စကားနာခံ... မဟုတ်ရင် နင့်အိမ်ပြန်သွား... ပါးပါးက သဘောကောင်းတာကို ရောင့်တက်မလာနဲ့ကောင်မ.. ဖုန်းဝယ်ပေးထားတာကိုကျေးဇူးမတင်ချင်ရင် နေ... သောက်ချိုးပြင်...'
   
    ကိကိ အော်ကျယ်အော်ကျယ်နှင့်ဆက်တိုက်မာန်မဲနေသဖြင့် ဖြူစင်လွန်း ဘာမှပြန်မပြောနိုင်ဘဲ ခေါင်းငုံ့နေ၏။ မျက်နှာကတော့ မကျေနပ်ဟန်တွေ အထင်းသားပေါ်လွင်ကာ စူပုပ်ကောက်ချိတ်နေသည်။ ကိကိ ထိုမျက်နှာပေးကိုအမြင်ကတ်လှစွာပင် ပန်းအိုးတွေအားလုံး နေရာတကျစီဖို့ လက်ပိုက်ခိုင်းစေ၍ ရပ်ကြည့်နေသည်။ အချိန်အတော်ကြာထိ စိတ်တိုင်းမကျမချင်း စီခိုင်းပြီးမှ ခွေးပေါက်လေးကို ပွေ့ယူလိုက်သည်။
   
    'ကဲကဲရေ... နင့်နေရာလေးတော့ နှင်းဆီပန်းတွေ၊ သစ္စာပန်းတွေနဲ့လှနေတော့မှာပဲ.. ငါ သစ္စာပန်းတွေသွားဝယ်လာမှာ သိလား...'
   
    ကဲကဲကိုပွေ့ထားရင်း ခြံပြင်ဘက်မှ ပေါက်စီသည်ကြီး၏ အော်သံကို ကြားလိုက်ရသဖြင့် ကိကိ ခွေးကိုပိုက်လျက် ပြေးထွက်ခဲ့သည်။
   
    'ဗျို့... ဦးလေးကြီး... နေပါဦး.. ပေါက်စီဝယ်ချင်လို့ပါ..'
   
    ပေါက်စီသည်က သူမအော်ခေါ်နေတာကိုမကြားဘဲ အတော်ဝေးဝေးရောက်မှ လှည့်ကြည့်၏။ ထိုသို့လှည့်ကြည့်လိုက်သဖြင့် ရှေ့ဘက်မှ ပန်းစည်းတောင်းကြီးရွက်လာသည့်အဘွားအိုကို တည့်တည့်ဝင်တိုးမိလေသည်။ အဘွားအို လဲကျသွားကာ ပန်းစည်းတောင်းကြီးပါမှောက်ကျသွားသဖြင့် ပေါက်စီသည် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အူကြောင်ကြောင်ကြည့်နေဆဲမှာ ကိကိက မီလုမီခင်ဖြစ်လာ၏။ ထိုပေါက်စီသည်က အမယ်အိုကိုပင် ပြန်မကြည့်တော့ဘဲ ဆိုင်ကယ်ကိုအတင်းမောင်းထွက်သွားသဖြင့် ကိကိ ဒေါသမထွက်အားသေးဘဲ လဲကျနေသည့်အဘွားကိုပြေးထူသည်။
   
    'အဘွား... ရရဲ့လား.. သမီးကိုတွဲပြီးထကြည့်နော်..'
   
    ကဲကဲကိုမြေပေါ်ချပြီး အဘွားကိုတွဲထူပေး၏။ လမ်းဘေးအုတ်ခုံပေါ်မှာ ထိုင်စေပြီး ကတ္တရာလမ်းပေါ်ပြန့်ကြဲနေသည့် ပန်းစည်းတွေကို ကောက်၍ တောင်းထဲသေချာပြန်ထည့်ပေးသည်။
   
     'အဘွားပန်းတွေအရမ်းလှတာပဲ... ခြံစိုက်လား...'
    
      'ဟုတ်တယ် မြေးရဲ့.. အဘွားက ဟိုဘက်ရပ်ကွက်က ပန်းခြံမှာနေတယ်.. ခြံပိုင်ရှင်နဲ့အတူနေတာပေါ့.. ဒီဘက်က ရင်းနှီးတဲ့သူတွေအော်ဒါမှာရင် ဒီလိုပဲပို့ပေးနေကျ.. ဒီနေ့တော့ အော်ဒါပို့ရမယ့်ပန်းစည်းတွေ ပျက်သွားပြီပေါ့ကွယ်...'
     
      'စိတ်မကောင်းပါဘူးအဘွား... တကယ်ဆို သမီးပယောဂမကင်းပါဘူး.. ဟိုပေါက်စီသည်ကို ဇွတ်ခေါ်လိုက်လို့ အဘွားကိုတိုက်မိသွားတာ..'
     
      'အဲဒီ့ပေါက်စီသည်ကတော့ ပြန်မကြည့်ဘဲပြေးသွားလေရဲ့.. ဘာပဲဖြစ်ဖြစ် မြေးကိုကျေးဇူးတင်တယ်နော်...'
     
      အဘွားက ကိကိကို ကျေးဇူးတင်စကားဆိုနေ၏။ ကိကိ အဘွားနှင့်စကားတွေပြောနေပြီးမှ ကဲကဲကိုသတိရသွားကာ နောက်ပြန်လှည့်ကြည့်မိလျှင် ကဲကဲက မရှိတော့ပေ။
     
      'ဟင် ..  ကဲကဲ .. ကဲကဲဘယ်ရောက်သွားလဲ...'
     
      ကိကိ ဟိုကြည့်ဒီကြည့်နှင့် ထရပ်၍ လှည့်ပတ်ရှာလျှင် ကတ္တရာလမ်းပေါ်မှာပြေးလွှားနေသည့်ကဲကဲကို ဝါးနှစ်ပြန်အကွာအဝေးမှာ မြင်လိုက်ရသည်။
     
      'အဘွား... ခဏလေးပါနော်.. သမီးခွေးလေးလွတ်သွားလို့ သွားခေါ်လိုက်ဦးမယ်..'
     
      ကိကိ အဘွားကိုခွင့်တောင်း၍ ကဲကဲနောက်သို့ဒရောသောပါး ပြေးလိုက်ခဲ့သည်။
     
      'ကဲကဲရေ .. ဒီလာ ဒီလာ....'
     
      တကြော်ကြော်အော်ခေါ်သော်လည်း ကဲကဲက ပြန်လှည့်မလာ။ သူမ ပြေးလွှားရင်း လမ်းအကွေ့မှဝင်လာသည့်ကားတစ်စီးကြောင့် ဟပ်ထိုးလဲကျမတတ်ဖြစ်သွားကာ ကပျာကယာရှောင်လိုက်ရသည်။ ထိုကားက လျင်မြန်စွာ ဘရိတ်အုပ်လိုက်သဖြင့် လူကိုမတိုက်မိသော်လည်း ကိကိ လမ်းဘေးချုံနွယ်တွေကြား ရုပ်ပျက်ဆင်းပျက်ပက်လက်လန်ကျကာ တော်တော်နှင့်ပြန်မထနိုင်။ အရေးထဲမှာ ခြေထောက်က နွယ်တွေနှင့်ငြိနေပြန်သည်။ ကားပေါ်မှဆင်းလာသူကိုမြင်တော့မှ မျက်လုံးတွေဝိုင်းသွား၏။ အံ့သြသွားသော်လည်း ခွေးဇောမပြယ်သေးသည်မို့..
     
      'ဦးနတ်... သမီးခွေးလေးလွတ်သွားလို့ ခွေးနောက်လိုက်ပေးပါဦး..ဟိုမှာ အဝေးကြီးရောက်နေပြီ...'
     
      သူက ဘယ်လိုအမြန်နှုန်းနှင့်ပြေးသွားသည်မသိဘဲ ခွေးကိုကောက်ပွေ့၍ ပြန်လာသည်အထိ ကိကိ ခြေထောက်က ချုံနွယ်တွေကို ခဲရာခဲဆစ်ဖြတ်တောက်နေရဆဲ။
      သူ ခွေးကိုလက်တစ်ဖက်နှင့်ပိုက်၍ တစ်ဖက်က ကိကိကို ဆွဲထူလိုက်ရပြန်သည်။
     
      'ဦးနတ်ရောက်လာလို့တော်သေးတာပေါ့.. မဟုတ်ရင် သမီးခွေးလေး လွတ်သွားတော့မှာ..'
     
      ပြောရင်းဆိုရင်း ကဲကဲကိုလွှဲယူဖို့လက်လှမ်းတော့ ခွေးပေါက်လေးက သူမဆီမလာဘဲ သူ့ရင်ခွင်ထဲ အမြီးနှံ့နေသည်။
     
      'အမလေး ကဲကဲ.. သခင်မှားနေပြီနော်...နင့်သခင်က ငါဟဲ့...'
     
      ကဲကဲကို မရမကပြန်ခေါ်၍ ခေါင်းလေးကိုချစ်စနိုးကုတ်ခြစ်မိကာ..
     
      'ဟွန်း... အခုမှတွေ့တဲ့လူကို တွယ်ကပ်နေလိုက်တာ.. ငါ့အတိုင်းပဲ..'
     
      ပွစိပွစိပြောနေပြီးမှ စောစောက အဘွားကိုသတိရသွားကာ သူ့ဘက်ပြန်လှည့်သည်။
     
      'ဦးနတ်.. သမီးကို ထပ်ပြီးကူညီပါဦး..'
     
      သူ ကားတံခါးဖွင့်လိုက်ပြီးမှ ပြန်လှည့်ကြည့်၍ မေးဆတ်သည်။
     
      'ဟိုနားမှာ အဘွားတစ်ယောက် လဲကျထားလို့ခြေထောက်နာပြီး လမ်းမလျှောက်နိုင်ဘူး.. အဲဒါ သမီး သူ့အိမ်ပြန်လိုက်ပို့ချင်လို့ ဦးနတ်ကား ခဏငှားပါ...'
     
      သူ့မျက်လုံးတွေ ခပ်လှမ်းလှမ်းမှာထိုင်နေဆဲ အမယ်အိုဆီအကြည့်ရောက်သွားကာ..
     
      'မင်း ခွေးကိုခေါ်ပြီးအိမ်ပြန်.. ကိုယ် သူ့ကိုပြန်ပို့လိုက်မယ်..'
     
      'အဲလိုဆိုလည်း ရပါတယ် ဟိဟိ...'
     
      စကားနည်းသူထံမှ အသံထွက်လာသဖြင့် ကိကိကျေနပ်သွားသည်။ သူက ကားကိုအနောက်လမ်းသို့ကွေ့၍ အဘွားအိုကို တင်ခေါ်သွားတာမြင်မှ ကိကိ သူ့စကားအတိုင်း အိမ်ကိုအရင်ပြန်ခဲ့သည်။ သူ ပါးပါးဆီလာလည်တာဖြစ်မည်ဟု ကိုယ့်ဘာသာတွေးထင်ကာ ကဲကဲကို သူ့အိမ်ထဲပြန်ထား၍ သူ့အလာကို အိမ်ရှေ့ကနေ စောင့်နေမိသည်။ သူမ ထင်ထားသည့်အတိုင်း သူ့ကားက ခြံထဲဝင်လာသဖြင့် ကိကိ သူကားရပ်လိုက်သည့်နေရာသို့ အပြေးတစ်ပိုင်းလှမ်းခဲ့သည်။
      သူက ကားတံခါးဖွင့်၍ ဆင်းလာကာ လက်ထဲမှာလည်း ပန်းစည်းကြီး ကိုင်ထား၏။
     
      'ဟိုအဘွားက မင်းအတွက် လက်ဆောင်ပေးလိုက်တာ...'
     
      ကိကိ သူပေးသည့်ပန်းစည်းကို ရွှင်မြူးစွာလှမ်းယူ၍ သူ အိမ်ထဲဝင်သွားမှ သူ့နောက်ကနေ ကပ်လိုက်လာသည်။
     
      'မင်းရောက်လာတာ စောသားပဲ...'
     
      ဓူဝံက သူဝင်လာတာမြင်ကတည်းက ဆီးကြိုသည်။ ကိကိက အနောက်မှ ကပ်ပါလာသဖြင့် ဓူဝံ မျက်ခုံးတွန့်ကြည့်၏။
     
      'တစ်မနက်လုံး ခွေးနဲ့အချိန်ကုန်နေတာနော်.. ဧည့်သည်အတွက် နေ့လယ်စာပြင်ဆင်ပေးဖို့ နီနီ့ကိုသွားကူချေ...'
     
      'ဟုတ်...'
     
      သံရှည်ဆွဲ၍ ဟုတ် ဟုပြောပုံက အချိုးမပြေ။ သူမက မီးဖိုခန်းထဲဝင်သွားသည်မဟုတ်ဘဲ ပန်းစည်းတွေကို အိမ်ရှေ့ဘက် ရေပိုက်နား သယ်သွားကာ အလှပန်းအိုးတွေထဲ လဲလှယ်ထိုးစိုက်၍ ဘုရားပန်းအိုးတွေအတွက်ရော၊ ဧည့်ခန်းက ပန်းအိုးတွေအတွက်ပါ စိတ်တိုင်းကျအလှဆင်နေရာချပြီးမှ ထမင်းစားခန်းထဲဝင်လာသည်။
     
      'နီနီ... သမီး ဘာကူရဦးမလဲ...'
     
      ကိကိ မေးလိုက်ပေမဲ့ ပါးပါးနှင့်သူက ထမင်းဝိုင်းမှာ နေရာယူပြီး စားဖို့သောက်ဖို့ဟန်ပြင်နေပြီဖြစ်သည်။
     
      'နေပါ မီးလေးရယ်.. ဘာမှကူဖို့မလိုဘူး.. ထမင်းတစ်ခါတည်းဝင်စားမလား...'
     
      ဒေါ်ကြာရိုးက မေးရင်း သူမအတွက်ပါ ပန်းကန်တစ်ချပ်ချပေးလျှင် ကိကိ သူ့ဘေးခုံမှာဝင်ထိုင်လိုက်၏။ ပါးပါးအကြည့်တွေ သူမဆီရောက်လာတာကို မသိချင်ယောင်ဆောင်၍ ထမင်းကို ကိုယ့်ဘာသာ ခူးခပ်ထည့်သည်။ ဟင်းတွေကိုလည်း ပါးပါးပန်းကန်ထဲအရင်ထည့်ပေးပြီးမှ သူ့ပန်းကန်ထဲထည့်၏။
     
      'ဦးနတ်.. ငါးခူစင်းကော ကြိုက်လား..'
     
      'အင်း...'
     
      သူက ထမင်းလုတ်ဝါးရင်း ခေါင်းညိတ်ပြသည်။ သူမက စားရင်းသောက်ရင်း ဟင်းတွေအကြောင်းပြော၍ တစ်မျိုးပြီးတစ်မျိုးထည့်ပေးနေပုံက သူမပဲ ဒိုင်ခံချက်ထားသည့်အတိုင်း..
     
      'ငါ့သမီး.. ဒီလောက်ဆိုမီးဖိုချောင်ကို ဦးစီးလို့ရနေပြီ.. နာနီ့အစားညည်းပဲ မီးဖိုချောင်ဝင်တော့...'
     
      ဓူဝံ မနေနိုင်ဘဲ ကြားဝင်အငေါ်တူးလေမှ ကိကိ မချိသွားဖြဲရယ်၍..
     
      'ပါးပါးကလဲ.. ဦးနတ်က သူ့အိမ်မှာဖြစ်သလိုစားနေရလို့ပါ.. ထမင်းချက်ပေးတဲ့ဦးလေးကလည်း ဟင်းတွေချက်လိုက်ရင် အဆီအဆိမ့်ချည်းပဲ.. ပါးပါးလိုစိုစိုပြည်ပြည်စားရတာမှမဟုတ်တာ..'
     
      'ဪ... ဒါဆိုလည်း ညည်းပဲ သူ့အိမ်လိုက်သွားပြီးချက်ကျွေးလိုက်လေ ..'
     
     ထပ်ရွဲ့ပြန်တော့လည်း သူမက ဝမ်းသာအားရမျက်နှာပေးနှင့်..
    
      'တကယ်လား.. ဒါဆို မနက်ဖြန်ကစပြီး လာချက်ပေးမယ်နော်ဦးနတ်..'
     
      ကြည့်စမ်း...။ ဓူဝံ မချင့်မရဲဖြစ်ရလွန်းသဖြင့် ခါးကြီးပါကြွတက်သွားသည်။ ရွဲ့ပြောလို့ပြောမှန်းမသိ အူမြူးနေသည့်ကလေးမကတော့ ဖအေစကားကိုအတည်မှတ်၍ ထမင်းကိုလက်စသတ်ပြီး ထထွက်သွားပြီဖြစ်သည်။ ဓူဝံ့အကြည့်တွေ စစ်သည်ထံရောက်လာတော့ သင်းက အစားအသောက်မပျက် ပြုံးတော်မူနေလိုက်ပုံများ ခံရခက်စရာ။
     
      ကိကိ ရေခဲသေတ္တာထဲက စပျစ်သီးတွေယူစားရင်း သူနှင့်ပါးပါး ခြံထဲကကျောက်သားခုံမှာထိုင်၍ chessထိုးနေသည်ကို ပြတင်းပေါက်မှလှမ်းမြင်လိုက်ရသည်။ သူမ ကြည့်ကောင်းကောင်းနှင့်ရပ်ကြည့်နေမိရင်း ခေါင်းထဲဝင်လာသည့်အကြံကြောင့် အပေါ်ထပ်အခန်းသို့ပြေးဝင်ခဲ့သည်။ ခေါင်းရင်းအံဆွဲထဲက ကင်မရာကိုယူ၍ ပြတင်းပေါက်နားမှာ ရပ်ကာ သူchessထိုးနေသည့်ပုံစံကို ဖျပ်ခနဲဓာတ်ပုံရိုက်ယူလိုက်၏။ ပုံရိုက်လို့မပြီးသေးဘဲ ဖုန်းမြည်သံကြားလိုက်ရသဖြင့် ရေခဲသေတ္တာပေါ်တင်ထားသည့်ဖုန်းကို ပြေးကိုင်လိုက်ရသည်။
     
      'ဟဲလို...'
     
      '.....,....,..'
     
      'ဟမ်.. ထရိန်နာက ဘာလို့မလာဖြစ်တာလဲ..'
     
      '...,....,....'
     
      'ဟာ... ငါတစ်မနက်လုံးမျှော်နေတာကို.. နင်သေချာပြောမထားဘူးလားနိုမီရာ...'
     
      ဖုန်းပြောရင်း ဒေါသတွေပါလာကာ တစ်ဖက်ကပြောမဆုံးသေးဘဲ ဖုန်းချပစ်သည်။
     
      'ဟင်း...အကြည်ဓာတ်ပဲ့လိုက်တာကွာ...'
     
      စိတ်ညစ်ညူးစွာရေရွတ်၍ ကင်မရာထဲက သူ့ပုံကိုပြန်ကြည့်မိမှ မျက်နှာလေးပြန်ကြည်လာသည်။ ဒီအကြည်ဓာတ်ကိုတော့ အိမ်ဦးခန်းမှာ တင်ထားသင့်နေပြီ။ သူမ ပြန်ထွက်လာတော့ စောစောက ပြတင်းနားမှာ ဖြူစင်လွန်းကိုမြင်လိုက်ရ၏။ ထိုကလေးမက လိုက်ကာစအကွယ်မှာ ကုပ်ချောင်းချောင်းနှင့် ဘာတွေလုပ်နေမှန်းမသိ။ ကိကိ လှေကားပေါ်ပြန်တက်၍ ဖြူစင်လွန်း ဘာလုပ်နေသလဲစူးစမ်းကြည့်လျှင် သင်းက Chessထိုးနေသည့်သူ့ကို ဖုန်းကင်မရာနှင့်အသေအချာကိုဓာတ်ပုံရိုက်နေသည်ကိုး။
     
      'နင် ဘာလုပ်နေတာလဲဖြူစင်လွန်း...'
     
      ကိကိ ​ထိုနားသို့ချက်ချင်း​ပြေးလာကာ ငေါက်ဆတ်ဆတ်မေးလျှင် ဖြူစင်လွန်း အလန့်တကြားလှည့်ကြည့်လာကာ ဖုန်းကိုလက်နောက်ပစ်၍ဝှက်သည်။
     
      'ပေးစမ်း နင့်ဖုန်း...'
     
      လက်မြန်သည့်ကိကိက ဖုန်းကိုဆိုးဆိုးဆတ်ဆတ်ဆွဲယူကာ ဖုန်းGalleryကိုဖွင့်၍ သူ့ဓာတ်ပုံတွေအကုန်လုံးကိုdeleteလုပ်ပစ်ဖို့ ဟန်ပြင်လိုက်ပြီးမှ မလုပ်ဖြစ်ဘဲ ဖုန်းပြန်ပေးကာ..
     
      'ငါက သူများ privacyကို မစွက်ဖက်ချင်ပါဘူး.. ဒါပေမဲ့ သူက ငါ့အပိုင်ဖြစ်လာမှာမို့ မျက်စောင်းတောင် လှည့်မထိုးနဲ့...'
     
      'ဖြူက ဒီတိုင်းချောလို့ဓာတ်ပုံရိုက်ပြီး သိမ်းထားချင်ရုံလေးပဲ.. မမကိအပိုင်လို့ပြောရအောင် မမကိနဲ့သူနဲ့ ဘာဆိုင်လို့လဲ.. ဆိုင်သူမရှိသေးတဲ့လူလွတ်တစ်ယောက်ကို ဖြူလည်းစိတ်ကူးယဥ်ခွင့်ရှိတယ်...'
     
      'ဟား... အဲဒါဆို နင်စိတ်ကူးဆက်ယဥ်နေလိုက်လေ.. ငါက စိတ်ကူးမယဥ်တတ်ဘူး.. တကယ်ဖြစ်အောင်လုပ်တတ်တဲ့ကောင်မမို့ သူ့ကိုငါပိုင်ဆိုင်ရတဲ့အချိန်ကျရင်သာ နင့်စိတ်ကူးတွေကိုမြောင်းထဲလွှင့်ပစ်ဖို့ပြင်ထား...'
     
      ဖြူစင်လွန်းက သူမစကားကိုအရေးမစိုက်သလိုမျိုး နှုတ်ခမ်းမဲ့၍ပြုံးနေပုံက နားရင်းဖြတ်ရိုက်ပစ်ဖို့ကောင်းလေသည်။ ကိကိ ဆက်မပြောလိုတော့ဘဲ ချာခနဲ လှည့်ထွက်ခဲ့သည်။
     
      နှင်းဆီပင်တွေနားမှာ အကြောင်းမဲ့ ရပ်ရင်း သူနှင့်ပါးပါးဆီ လှမ်းကြည့်မိ၏။ သူ့ကိုရင်းနှီးခွင့်၊ နီးစပ်ခွင့်ရဖို့ သူမမှာအခွင့်အရေးတွေအများကြီးရှိနေသည်ပဲ။ သို့သော် တခြားသူဝေ့ကြည့်တာတောင်မကြိုက်ချင်သည့် အတ္တစိတ်က ကြီးစိုးနေသည်မို့ သူ့ကိုစောင်နှင့်ရစ်ပတ်ထုပ်ပိုး၍ အရုပ်တစ်ရုပ်လိုသိမ်းဆည်းထားချင်မိသည်။ ဦးနတ်က သမီးအပိုင်ပဲ... သမီးအပိုင်ဖြစ်လာမှာ... ။ တစ်ယောက်တည်းကြုံးဝါးရင်း အံကြိတ်၍ပြုံးလိုက်၏။
     
      'မင်း လက်ရည်တက်လာတယ်စစ်သည်..'
     
      ဓူဝံ့ထံမှချီးကျူးသံထွက်လာတော့ သူက နယ်ရုပ်ကိုရွှေ့ရင်း..
     
      'ငါက လက်ရည်တက်လာတာမဟုတ်ဘူး.. မင်းက လက်ရည်ကျနေတာ.. သမီးပေးရမှာနှမြောတဲ့စိတ်ကြောင့် မင်းအာရုံတွေ ထွေပြားနေတယ်...'
     
      'သိရင်လည်း ငါ့ခံစားချက်ကို နည်းနည်းပါးပါးကိုယ်ချင်းစာစမ်းပါ..'
     
      'No..နှစ်ပေါင်းနှစ်ဆယ်စောင့်ခဲ့ရတဲ့အချိန်တွေက မင်းကိုကိုယ်ချင်းစာပေးဖို့မဟုတ်ဘူး..'
     
      'ချီး...'
     
      ဒီတစ်ပွဲလည်း ရှုံးပြန်ပြီမို့ ဆဲရေးသံထွက်လာပြန်၏။ သူကတော့ အေးဆေးစွာပင် လက်နှစ်ဖက်ပူးယှက်ဆုပ်၍..
     
      'ငါက ပိုင်ဆိုင်ရဖို့အတွက် လက်လျှော့မယ့်ကောင်မဟုတ်ဘူးဓူဝံ.. မင်းနဲ့ရန်သူဖြစ်ရမယ်ဆိုရင်တောင်မှပဲပေါ့..'
     
      အေးစက်သည့်လေသံနှင့်ပြောနေသည့်မျက်နှာက တည်ငြိမ်သည်ထက်ပိုသော ရာဇသံအရိပ်အယောင်တွေလွှမ်းနေသည်။ ဓူဝံ ချေပစရာစကားရှာမရဘဲ အသံတိတ်နေ၏။
     
      'တစ်လအတွင်း သူ့ကိုလက်ထပ်ယူမှာမို့ မင်း သဘောတူခေါင်းညိတ်ဖို့ အသင့်ပြင်ထားပါ..'
     
      'ဟင်...'
     
      ဓူဝံ ဟင်ခနဲဖြစ်သွားကာ စောဒကတက်ဖို့ပါးစပ်ပြင်လိုက်သော်လည်း စစ်သည်က Chessခုံကိုပြန်သိမ်း၍ ထရပ်နေပြီဖြစ်ကာ..
     
      'နောက်မှထပ်ဆုံကြတာပေါ့...'
     
      နှုတ်ဆက်သည်မမည်သော လမ်းခွဲခြင်းဖြင့် ထွက်လာခဲ့ပြီး ကားနားရောက်တော့ သူ့ဆီပြေးလာသည့်ခွေးပေါက်လေးကို မုဆိုးဒူးထောက်အနေအထားနှင့်ကြို၏။ သူ  ခွေးပေါက်လေးခေါင်းကိုချစ်စနိုးပုတ်လျှင် ခွေးလေးက သူ့လက်ပေါ်မှီ၍ အမြီးနှံ့နေ၏။
     
      'ဟယ်.. ကဲကဲ.. ဘယ်လိုထွက်လာတာလဲ...'
     
      ကိကိ သူ့ဘေးသို့အလျင်စလိုပြေးလာကာ ခွေးကိုကောက်ပွေ့လိုက်စဥ် သူနှင့်အနီးကပ်ဆုံးအနေအထားမှာ အကြည့်ချင်းဆုံသွား၏။ သူ့မျက်လုံးစိမ်းများကိုရင်ဆိုင်မိတိုင်း ရင်ခုန်သံတွေတဒိန်းဒိန်းခုန်ပေါက်နေတတ်သည့်အကျင့်ကြောင့် ခွေးကိုပွေ့ထားရင်း မျက်လွှာချမိလျက်..
     
      'ကဲကဲက ဦးနတ်ကို တစ်ခါပဲတွေ့ရသေးတာတောင် တန်းခင်တွယ်သွားတော့တာပဲနော်..'
     
      သူ့ကိုမကြည့်ဘဲ မျက်နှာငုံ့ရင်း 'သမီးလိုပေါ့..'ဟု ခပ်တိုးတိုးဆက်ပြောသည်။ သူက ကားထဲဝင်ထိုင်၍ စက်နှိုးရင်း မသိမသာပြုံးလိုက်တာကို ကိကိ သတိမထားမိလိုက်ပေ။ သူ့ကားလေး ခြံထဲမှမောင်းထွက်သွားသည်အထိ သူမ ခွေးကိုပိုက်၍ မျက်စိတဆုံးရပ်ကြည့်နေဆဲ...။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now