✨ဦးဆွေးဆံမြည့်-၁၂✨

4.3K 200 32
                                    


'အဲဒီ့ကောင်မကို ယမုံလုံးဝမကျေနပ်ဘူးနော်.. သူ့ကြောင့် လူကြားထဲမှာ အရှက်တကွဲအကျိုးနည်းဖြစ်ရတာ ဘယ်လောက်တောင် ခံပြင်းဖို့ကောင်းသလဲ...'

ယမုံ လက်သီးဆုပ်အံကြိတ်၍ ဒေါသတွေကြီးနေသလောက် ရာဇ်က ဆက်တီမှာထိုင်၍ အေးအေးလူလူစီးကရက်သောက်နေသည်။

   'သူ့ကို reactionပြန်ပေးမယ်လို့ပြောထားသားပဲယမုံ.. ဒါကိုပဲ ထပ်ထပ်ပြောပြီး ပြန်တူးဆွမနေနဲ့ကွာ..'
  
   'ပြောရမှာပဲ.. ရှင်က အေးအေးလူလူစီးကရက်သောက်နေပေမဲ့ ယမုံ မနေ့ညကတစ်ညလုံးအိပ်မပျော်ဘူး.. ခုချိန်ထိလည်း လောင်နေတုန်းပဲ.. သူ့လို မလောက်လေးမလောက်စား ခွေးပစ်တုတ်လောက်ပဲရှိတဲ့ဟာမက စော်ကားသွားတာ လုံးဝသည်းမခံနိုင်ဘူး.. ရာဇ် ရှင် အဲဒီ့ကောင်မကို မှတ်လောက်သားလောက်အောင် ဆုံးမပေးရမယ်..'
  
    စီးကရက်ရှိုက်နေသည့်ရာဇ်မျက်လုံးတွေ အနီရောင်ပြောင်းသွားသည်ထင်၏။ စီးကရက်ပြာခြွေ၍ ယမုံ့ကိုခပ်စူးစူးဝေ့ကြည့်လာကာ..
   
    'မင်း ငါ့ကိုအမိန့်ပေးနေတာလားယမုံ.. ငါက မင်းဒီလိုလေသံနဲ့ပြောဆိုဆက်ဆံရမယ့်ကောင်မျိုးမဟုတ်ဘူး...'
   
    အံကြိတ်သံနှင့်ကပ်ပြောကာ ယမုံ့လည်ပင်းကိုဆတ်ခနဲဆွဲဆုပ်၍ မျက်နှာမော့စေသည်။ ယမုံ သူ့ကိုအထိတ်တလန့်ကြည့်လာတော့ သူက ခက်ထန်သည့်မဲ့ပြုံးနှင့်..
   
    'ငါနဲ့တွဲမယ်ဆိုကတည်းက ငါ့အကြောင်း ကြိုသိထားသင့်တယ်ယမုံ.. မင်းက ငါ့အကြိုက်မဟုတ်သေးဘူးပဲ...'
   
    'ရာဇ် ရှင်..အဲလို...အဟွတ်...'
   
    လည်ပင်းကိုအားနှင့်ဖျစ်ညှစ်ခံထားရသဖြင့် ယမုံအသက်ရှူကြပ်လာကာ မျက်ဖြူလန်မတတ်ဖြစ်သွား၏။
   
    'မင်းနဲ့ငါ ဆက်ရန်မရှိတော့လို့ ငါ့ရှေ့မှာပေါ်မလာနဲ့တော့ ယမုံ...'
   
    သူက နားနားကပ်ပြော၍ ဆောင့်လွှတ်လိုက်သဖြင့် ယမုံ ဆက်တီတွေကြား ပစ်စလက်ခတ် ပုံလဲသွားကာ တော်တော်နှင့်ပြန်မထနိုင်ချေ။
   
    'ထွက်သွား...'
   
    ဟိန်းထွက်နေသည့်နှင်ထုတ်သံကြောင့် ယမုံ အသက်ပင်ဖြောင့်အောင် မရှူနိုင်ဘဲ ဒရောသောပါး ထပြေးတော့သည်။ ရာဇ်က ယမုံထွက်သွားမှ ဆက်တီပေါ်ပြန်ထိုင်သည်။ စီးကရက်မီးပြန်ညှိရင်း လက်သီးဆုပ်ထားမိ၏။ သူ့ရင်ထဲမှာ အစိုင်အခဲတွေများနေသည်။ မျက်လုံးထဲမှာ အန်ကယ်နှင့် ကိန္နရီဆိုသည့်မြွေပွေးမ တွဲလျက်ထိုင်နေသည့်မြင်ကွင်းက ဖျောက်မရသေး။ ထိုမိန်းကလေးကြောင့် သူအရှက်ကွဲခဲ့ရတာ သုံးခါရှိပြီ။ ပြီးတော့ အန်ကယ်...
    ဒက်ဒီ့Studioက ချက်ချင်းကြီး အန်ကယ်ပိုင်ဆိုင်သည့် Phoenix Studioဖြစ်သွားခဲ့တာလည်း မျက်လှည့်ပြလိုက်သလိုပင်။ သူ့အပိုင်ဟု ထင်ထားခဲ့သည့်ပစ္စည်းတစ်ခု ရုတ်တရက် လုယူခံလိုက်ရသည့်ခံစားချက်မျိုး။ ထိုအကြောင်းအရာအားလုံးက မြွေပွေးမနှင့်ပတ်သက်နေသည်။
   
    အကောင်သေးသလောက် အဆိပ်ပြင်းသည့်မြွေပွေးမ..။ သူ့လိုမြွေဟောက်ကို ထိပ်ပုတ်ရန်စလာမှတော့ အပြင်းဆုံးအဆိပ် ပြန်လွှတ်ပေးရမည်သာဖြစ်၏။
    သူ အတွေးနှင့်အတူ စီးကရက်မီးခိုးတွေမှုတ်ထုတ်လိုက်ဆဲမှာ အခန်းထဲဝင်လာသူကြောင့် မျက်တောင်ဖျားတွေ စင်းကြည့်ရင်း နှုတ်ခမ်းတွန့်ပြုံးသည်။
    barbie styleဝတ်ဆင်ထားသည့်မိန်းမလှသည် ရာဇ်ဘေးမှာ ဝင်ထိုင်ပြီး သူ့လည်ပင်းကိုဖက်၍ ပါးကိုရွှတ်ခနဲနမ်းသည်။ သူက စီးကရက်ကိုပြာခြွေလိုက်ပြီး သူမကိုပြန်လည်ပွေ့ဖက်လာ၏။
   
    'ဆောင်းရောက်လာပြီဆိုတော့ ရှင်စိတ်လျှော့မှဖြစ်မယ်ရာဇ်...'
   
    သူ့နားနားကပ်၍ တီးတိုးပြောလျှင် ရာဇ်က သူမကိုခေါင်းငဲ့ကြည့်လျက်..
   
    'အခုထိတော့ စိတ်တွေတင်းကျပ်နေတုန်းပဲ.. ပိုင်ဆိုင်မှုကိုလုယူခံလိုက်ရသလို.. လူကြားထဲမှာ အရှက်ခွဲခံလိုက်ရသလို ခံစားချက်မျိုး...'
   
    'ဘယ်သူ့ကြောင့်လဲ...'
   
    'ကိုယ့်အန်ကယ်ကြောင့်...'
   
    'ဘုရားရေ.. ရှင်ပြောတော့ ရှင့်ဦးငယ်က ရှင့်ကိုသိပ်ချစ်ပြီး သိပ်အလိုလိုက်တယ်ဆို..'
   
    'မဟုတ်ဘူးဆောင်း... ကိုယ့်ဦးငယ်အထက်က မာမီ့အစ်ကိုအကြီးဆုံး တစ်ယောက်ကျန်သေးတယ်...'
   
    'ဘယ်သူပါလိမ့်...နတ်စစ်သည်လား...'
   
    'ဟင်... မင်းသိနေတယ်..'
   
    သူမက မျက်တောင်တစ်ချက်ခတ်၍ ခေါင်းညိတ်ပြသည်။ ရာဇ် အံ့သြဟန်ဖြင့် မျက်နှာအတည့်လှည့်လာ၏။
   
     'ဆောင်းသိနေတာကိုမအံ့သြပါနဲ့ရာဇ်ရဲ့.. ဆောင်းက ရှင့်အကြောင်း ရှင့်ထက်ပိုသိတယ်..'
    
     သူ့ပါးတွေကို ထိသပ်ရင်း ခပ်တိုးတိုးပြောပုံက ညှို့အားပြင်းလှသည်။ ဆောင်းညနှင်းမှုန်ဆိုသော နာမည်နှင့်လိုက်အောင်ပင် အလှအပမှာ တစ်မူထူး၍ ဆွဲဆောင်မှုရှိသူမို့ ရာဇ် ဒီမိန်းမလှကိုတော့ လက်မလွှတ်နိုင်ခဲ့သေးပါ။ သူမအလှတွေကို အတန်ကြာရှုစားနေပြီးမှ..
    
     'မင်း ဘယ်လိုသိလဲဆောင်း...'
    
     နောက်ထပ်မေးခွန်းကြောင့် ဆောင်းက သူ့ပခုံးပေါ်မေးတင်၍ သူ့ကိုညှို့ရီရီကြည့်သည်။
    
    'ဆောင်း ဘယ်လိုသိလဲလို့မမေးခင် ရှင့်ကိုနတ်စစ်သည်အကြောင်း ဘယ်လောက်သိထားလဲလို့ အရင်မေးချင်တယ်...'
   
    'သူက ကိုယ့်မာမီရဲ့အကြီးဆုံးအစ်ကို.. သာမန်လူမဟုတ်တဲ့ Supernaturalတစ်ယောက်ပဲ.. အဲဒါကလွဲပြီး ကိုယ်ဘာမှမသိဘူး.. သူ ပြန်လာတာတောင်မကြာသေးဘူး.. သူ့အကြောင်းအနည်းအကျဥ်းတောင်မှ ကိုယ့်ဦးငယ်က ပြောပြဖူးလို့သိနေတာ.. '
   
    'ရှင်လည်း သူ့လို Supernaturalပဲလေ..'
   
    'အင်း မျိုးရိုးလိုက်တယ်ခေါ်မလားပဲ.. ကိုယ့်အဘိုးကလည်း Supernatural..'
   
    'ဒါပေမဲ့ နတ်စစ်သည်လို့ခေါ်တဲ့ရှင့်အန်ကယ်မှာ ရှင့်ထက်ပိုထူးခြားတဲ့တစ်ချက်ရှိတယ်ရာဇ်...'
   
    'ဟင်..'
   
    'သူက ကျောက်စိမ်းအသက်ဓာတ်ပိုင်ရှင်ပဲ...'
   
    'ဘယ်လို...'
   
    ရာဇ် မျက်ခုံးတွန့်ခေါင်းမတ်သွားသည်။ ဆောင်းက အဓိပ္ပါယ်ပါသည့်အပြုံးနှင့် ကြည့်လျက်..
   
    'ရှင့်ဦးငယ်က ရှင့်အန်ကယ်အကြောင်းပြောခဲ့ပေမဲ့  ကျောက်စိမ်းလည်ဆွဲအကြောင်းကို ထိမ်ချန်ထားခဲ့တယ်ထင်တယ်..'
   
    ရာဇ် ဘာမှဆက်မပြောသေးဘဲ ငြိမ်သက်စွာနားထောင်နေဆဲ။
   
    'နတ်စစ်သည်ဆိုတာ Supernaturalဖြစ်ရုံတင်မက ကျောက်စိမ်းတုံးကိုင်ပြီးမွေးဖွားလာတဲ့ ရှားပါး immortalမျိုးပဲ.. အဲဒီ့ကျောက်စိမ်းက သူ့အသက်သူ့ဝိညာဥ်ဖြစ်သလို သူ့စွမ်းအားအရင်းအမြစ်ဆိုလည်း ဟုတ်တယ်..လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်က ဟိမဝန္တာစံအိမ်ကြီးရဲ့အရှင်သခင် သီဟစက်လို immortalမျိုးကိုတောင် သတ်နိုင်တဲ့အထိစွမ်းအားကြီးတယ်...'
   
    ဆောင်းပြောသည့်အကြောင်းအရာတွေကို သူတစ်ခါမှမကြားဖူးခဲ့သဖြင့် အံ့သြမှင်သက်နေသည်။
    ဦးငယ်ပြောခဲ့ဖူးသည့်အန်ကယ့်အကြောင်းတွေထဲမှာ ဒီအချက်တွေတော့ မပါခဲ့ပါလား။
   
    'ရှင်ကလည်း Supernaturalဆိုပေမဲ့ ရှင့်စွမ်းအားတွေက သူနဲ့ယှဥ်ရင် ပမွှားလေးပဲရှိသေးတယ် ရာဇ်... သူ့ထက်ပိုစွမ်းအားကြီးချင်ရင် အဲဒီ့ကျောက်စိမ်းလည်ဆွဲကို ရအောင်ယူနိုင်မှဖြစ်မှာ..'
   
    'ဘယ်လိုယူရမလဲ...'
   
    'ဆောင်းလည်း အဲဒီ့အဖြေကို အခုထိရှာနေတုန်းပဲရာဇ်.. နတ်စစ်သည်က ဟိမဝန္တာကို ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း ကျောက်စိမ်းလည်ဆွဲကိုဘယ်မှာမြှုပ်နှံထားခဲ့သလဲ ခုထိမသိရသေးဘူး..သေချာတာကတော့ ကျောက်စိမ်းလည်ဆွဲက သူနဲ့အတူရှိမနေဘူးဆိုတာပဲ..'
   
    'ကျောက်စိမ်းလည်ဆွဲရှာတွေ့ခဲ့ရင်ရော သူ့ကိုတကယ်အားနည်းသွားအောင် လုပ်နိုင်မှာလား...'
   
    'ဆောင်း ရှင့်ကို ပုံပြင်တစ်ပုဒ်ပြောပြမယ်.. သေချာနားထောင်နော်.. တစ်ခါတုန်းက ဘီလူးတစ်ကောင်အုပ်စိုးတဲ့တောနက်တစ်ခုရှိတယ်.. လူသားမျိုးနွယ်စုတွေက စစ်ပွဲတွေကြားကနေ တိမ်းရှောင်ထွက်ပြေးလာရင်းနဲ့ အဲဒီ့တောနက်ထဲရောက်လာကြတယ်.. ဘီလူးအန္တရာယ်ကြောင့် တောခိုဖို့ နယ်မြေချဲ့ထွင်ဖို့ အခက်တွေ့ရပြန်တော့ ဘီလူးကိုနှိမ်နင်းဖို့ကြိုးစားကြတယ်.. ဘီလူးက စွမ်းအားကြီးလွန်းတဲ့အတွက် ဘယ်သူမှမသုတ်သင်နိုင်ဘူး.. အဲဒီ့တော့ လူသားမျိုးနွယ်စုရဲ့ဘုရင်မက ဘီလူးရဲ့အားနည်းချက်ကိုရှာဖို့အတွက် ဘီလူးဆီသွားတယ်.. ဘီလူးက အကြံအစည်နဲ့ချဥ်းကပ်လာတဲ့ဘုရင်မကို မြင်မြင်ချင်း မေတ္တာသက်ဝင်သွားတယ်.. သူ့ရဲတိုက်ဆီခေါ်သွားပြီး ချစ်ခင်ကြင်နာစွာပေါင်းသင်းတယ်..တစ်ညမှာ ဘုရင်မက ဘီလူးရဲ့အားနည်းချက်ကိုမေးတယ်.. ဘီလူးက ငါ့နှလုံးသားပါလို့ပြန်ဖြေတယ်.. တစ်ဆက်တည်းမှာ သူ့နှလုံးသားက သူ့ခန္ဓာကိုယ်ထဲမှာမဟုတ်ဘဲ သူထိန်းသိမ်းထားတဲ့လှောင်အိမ််ထဲက ကြက်တူရွေးငှက်လေးပါတဲ့.. အဲဒီ့နောက် မိန်းမပျိုက အဲဒီ့ကြက်တူရွေးငှက်လေးကိုသူကြည့်ချင်တယ်လို့ပြောတဲ့အခါ ဘီလူးက သူဝှက်ထားတဲ့လှောင်အိမ်လေးကိုယူလာပြီး ကြက်တူရွေးလေးကိုထုတ်ပြတယ်.. ထုတ်ပြတဲ့အချိန်မှာပဲ ဘုရင်မက ကြက်တူရွေးကို သူ့လက်ထဲဝှက်ယူလာတဲ့ဓားမြှောင်နဲ့ ချက်ချင်းထိုးသတ်လိုက်တယ်.. ငှက်ရော ဘီလူးရော သူ့ရှေ့မှာပဲ အသက်ပျောက်သွားတယ်...'
   
    ဆောင်းက ပုံပြင်ကိုမရပ်မနားရှည်လျားစွာပြော၍ အဆုံးသတ်လိုက်ပြီး ရာဇ်ကို မျက်ခုံးပင့်ကြည့်၏။
   
    'ဒါဆို ပုံပြင်ထဲကလိုပဲ ကိုယ့်အန်ကယ်ရဲ့အားနည်းချက်က အဲဒီ့ကျောက်စိမ်းလည်ဆွဲပေါ့...'
   
    'အိုး... ဒီလောက်စွမ်းအားကြီးတဲ့အရာကို အားနည်းချက်လို့မပြောရဘူး ဒါလင်ရဲ့.. သူ့ရဲ့အသက်ဓာတ်ကိန်းဝပ်နေတဲ့ စွမ်းအားအရင်းအမြစ်တစ်ခုပဲ.. အဲဒီ့အရာကိုသာ ရှင်ပိုင်ဆိုင်နိုင်မယ်ဆိုရင် ရှင်က စွမ်းအားအကြီးဆုံးဖြစ်လာလိမ့်မယ်...'
   
    ရာဇ်မျက်လုံးတွေ အရောင်လက်သွားကာ ကျေနပ်ပြုံးတို့ခိုတွဲလာ၏။
   
    'မင်းက သိလှချေလားဆောင်း...'
   
    'သိတာပေါ့... တို့က ရှင့်ထက် (၇)နှစ်လောက်လူဖြစ်စောထားတာကိုး...'
   
    သူ နှင်းဆီဖူးသဏ္ဌာန် ဆွဲညှို့သည့်နှုတ်ခမ်းတွေကိုတပ်မက်စွာနမ်းလိုက်ပြီးမှ ရုတ်တရက် ခေါင်းထဲဝင်လာသည့်အတွေးကြောင့် ထရပ်သည်။
   
    'ကိုယ်သွားစရာရှိသေးတယ်ဆောင်း... နောက်မှဆုံကြတာပေါ့..'
   
    ဆောင်းကို ကတိုက်ကရိုက်နှုတ်ဆက်၍ ထွက်လာခဲ့ပြီး သူ့ကားကို ဦးငယ်၏ ခရေခြံသို့ဦးတည်ခဲ့သည်။ ဒီနေ့ ဦးငယ်အလုပ်နားရက်မို့ သူ့အိမ်မှာပဲရှိနေလိမ့်မည်။ ရာဇ် လူနေအိမ်ခြေနည်းသည့်ရပ်ကွက်တစ်ခုက ခရေခြံထဲသို့ ကားကိုမောင်းဝင်ခဲ့ပြီး ပေါ်တီကိုအောက်မှာ ထိုးရပ်လိုက်သည်။
    သူ အိမ်ထဲဝင်လာတော့  ခန်းဆီးတွေအသစ်လဲနေသည့် ဦးငယ်ကို တန်းတွေ့လိုက်ရသည်။
   
    'ဦးငယ်...'
   
    'ဟော သား... မလာစဖူးအလာထူးပါလား...'
   
    လုလင်က အံ့သြဟန်ဖြင့်လှည့်ကြည့်၍ နှုတ်ဆက်သည်။ ခန်းဆီးစကို စတီးလ်တန်းမှာ ကြိုးနှင့်ချည်လိုက်ပြီးနောက် ဖိုက်ဘာခုံပေါ်မှဆင်းလာ၏။ ရာဇ်က ဆက်တီမှာဝင်ထိုင်နေပြီဖြစ်ကာ..
   
    'ဘာရယ်တော့မဟုတ်ပါဘူး... ဒီတိုင်း ဦးငယ်ကိုသတိရလို့ တမင်လှည့်လာတာ...'
   
    ရာဇ်စကားကြောင့် လုလင်တစ်ချက်ရယ်သည်။
   
    'အဟွန်း.. ယုတ္တိရှိအောင်ဖြီးစမ်းပါကောင်လေးရဲ့.. မင်းကိုယ်မှာ မိန်းကလေးကိုယ်သင်းနံ့စွဲနေတယ်.. မင်းမျက်နှာမှာလည်း နှုတ်ခမ်းနီရာတွေထင်ကျန်နေတာ.. မင်း ကောင်မလေးတွေနဲ့တွေ့ပြီးမှ ဒီကို ကတိုက်ကရိုက်ရောက်လာတာပဲ.. မင်းလာတဲ့ပုံစံက ဦးငယ်ကိုသတိရလို့လာတဲ့ပုံစံ ဟုတ်မနေဘူး...'
   
    ပြောသည့်အတိုင်း ကွက်တိမှန်နေသည်မို့ ရာဇ် နောက်ကျောဘက်က မှန်မှာ ကိုယ့်မျက်နှာကိုယ်ပြန်လှည့်ကြည့်ရသည်။ နှုတ်ခမ်းနီရာတွေထင်မနေပေမဲ့ ကိုယ်သင်းနံ့စွဲကျန်နေခဲ့တာတော့ အမှန်ပဲမို့ ဘာမှမငြင်းသာ။
   
    'ဦးငယ်က မိန်းကလေးကိုယ်သင်းနံ့မှန်း ဘယ်လိုသိလဲ..'
   
    'မင်းသုံးနေကျရေမွှေးနံ့နဲ့ရောပြီး ပန်းပေါင်းဆီမွှေးရနံ့လိုမျိုး အမျိုးသမီးသုံးမွှေးရနံ့တွေပါရနေလို့လေ... တိတိကျကျပြောရရင် လာဗင်ဒါအနံ့ရယ်... နှင်းဆီအနံ့ရယ်ပဲ.. မိန်းကလေးက နှစ်ယောက်တောင်...ဟုတ်လား...'
   
    ရာဇ် ပြန်မဖြေနိုင်ဘဲ ဆံပင်ကိုသာ သပ်နေသဖြင့် လုလင်က သူ့ဘေးမှာ ဝင်ထိုင်၍ ပြုံးတုံ့တုံ့နှင့်ကြည့်သည်။
   
    'မင်း Green landကွန်ဒိုကနေ ဒီကိုလာတာမို့လား...'
   
    'ဟွန်း... သိလိုက်ပြန်ပြီ..'
   
    'မင်းနဲ့အတူရှိခဲ့တဲ့ မိန်းကလေးနှစ်ယောက်ရဲ့ပုံပန်းသဏ္ဌာန်၊ ခန္ဓာကိုယ်အချိုးအစား၊ အသက်အရွယ်ကိုပါ ခန့်မှန်းပြရဦးမလား...'
   
    'အိုး ဟိုး... တော်ပါတော့ဦးငယ်ရာ... ဦးငယ် အကြားအမြင်များ ရနေပြီလား..'
   
    'ဟား ဟား ဟား..'
   
    လုလင် တစ်ချက်ရယ်၍ နားထင်ကိုလက်ညှိုးနှင့်ထောက်ပြသည်။
   
    'ဦးငယ်က ဒါပဲပိုင်တာပါကောင်လေးရဲ့.. သားလည်း  ကောင်မလေးတွေနဲ့ တွဲတာလည်းတွဲပေါ့.. အပျော်ကနေ အပျက်မဖြစ်စေနဲ့နော်.. အထူးသဖြင့် သူတို့ဆန္ဒမပါဘဲ ဇွတ်ရယူတာမျိုး မလုပ်မိစေနဲ့...'

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now