✨ဦးဆွေးဆံမြည့်-၈✨

4.4K 196 35
                                    


   'တကယ် ပဟေဠိဆန်တဲ့လူကြီး..ငါ ဘာပြောပြော သူအဖက်မလုပ်ဘူး၊ သူ ပြန်ပြောရင်လည်း အင်းတစ်လုံးပဲ.. အရမ်းအသည်းယားဖို့ကောင်းတယ်...'
  
   ကိကိက ပြောရင်း တကယ်အသည်းယားနေပုံဖြင့် ပခုံးတွေပင် ညွှတ်ကာ ဒူးနှစ်ဖက်ကြားခေါင်းဝပ်နေ၏။ နိုမီက ကိကိကျောကိုဗျန်းခနဲပုတ်ရင်း..
  
   'ဣန္ဒြေတောင် မဆည်နိုင်တော့ပါလား.. ဘယ်ယောက်ျားကိုမှလူမထင်တဲ့နင်က crushတွေ့နေပြီဆိုတာ မယုံနိုင်စရာပဲ..'
  
   'crushရုံတင်မကဘူး.. fall in loveနေပြီ.. သူနဲ့တွေ့တိုင်း ရင်ဘတ်ထဲ မီးရထားခုတ်မောင်းနေသလိုပဲ..ဒုန်းဒုန်း ဒုန်းဒုန်းနဲ့..'
  
   'ဆေးမမီတော့ဘူးပဲ.. နင် အဲလောက်ကြူးနေမှတော့ သူ့ကိုမြင်ဖူးချင်သွားပြီ..သူ့အကြောင်းလေး တစ်ဆိတ်လောက်ပြောစမ်းပါဦး..ဘယ်လိုပုံစံလဲ သူနဲ့နင်က ဘယ်လိုသိတာလဲ..'
  
   နိုမီဇင်တို့က သတင်းလိုက်ရမှာ၊ စုံစမ်းရှာဖွေရမှာပျင်းသလောက် ဒါမျိုးဆို စိတ်ဝင်တစားစပ်စုတတ်ပြန်သည်။
  
   'ဟိုတလောက တို့ ကလျာဏဘက်သွားတော့ အပြန်မှာ တွေ့ခဲ့တဲ့လူသုံးယောက်မှတ်မိလား..ငါ့ဆီပါလာတဲ့ကတ်ကိုပြန်ယူဖို့ထင်တယ်.. ငါ့နောက်ကိုလိုက်လာကြတာ.. ငါ့မှာဖတ်ဖတ်မောအောင် ပြေးလိုက်ရတယ်.. အဲဒီ့နေ့က ပြေးရင်း ဟိန္ဒူဘုရားကျောင်းနားမှာ သူနဲ့စတွေ့တာပဲ.. ပြီးတော့ သူ ငါ့အိမ်ရောက်လာတယ်..'
  
   'ဟင်.. နင့်အိမ်တောင် လိုက်လာတာလား..'
  
   'ငါနဲ့လိုက်လာတာမဟုတ်ဘူး... သူက ငါ့ပါးပါးသူငယ်ချင်းတဲ့.. ပါးပါးဆီလာတာ...'
  
   'Oh god! နင်က နင့်အဖေသူငယ်ချင်းကိုကြိုက်နေတာလား..  ဟဲ့ ကောင်မရေ.. နင်က မကြိုက်တော့လည်း မကြိုက်လို့.. ကြိုက်ရင်လည်း အဆင်နုနုထွတ်ထွတ်လေးတွေရွေးကြိုက်ပါတော့လား.. ဘယ့်နှယ် အဖေအရွယ်ကြီးကိုသွားကြိုက်ရတယ်လို့..'
  
   'အဲဒီ့အဖေအရွယ်ကြီးက မသိရင် အသက်၃၀လောက်ပဲထင်ရအောင် နုပျိုနေတာဟေ့.. ငါ့ပါးပါးနဲ့များ တခြားစီပဲ..ပါးပါးက အိုနေပြီ..'

   နိုမီ စိတ်ကုန်သွားပုံဖြင့် ခေါင်းတခါခါဖြစ်သွားသည်။ ကိကိက လေသံမလျှော့ဘဲ ဆက်ပြောနေဆဲ။
  
   'ငါ တကယ်ပြောတာ.. နင်မယုံရင် သူ့ဓာတ်ပုံရအောင်ရိုက်လာပြီး ပြမယ်.. သူ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကအစ ချောမောနေတာမျိုးမဟုတ်ဘဲ Attractionရှိနေတာမျိုး.. သူ့မျက်လုံးတွေကတော့ တစ်မျိုးပဲ.. အစိမ်းရောင်တောက်ပြီး စူးရှတယ်.. နှုတ်ခမ်းတွေ နှာခေါင်းတွေ နှုတ်ခမ်းမွေးတွေကအစ အို..everything is perfect..'
  
   'နင် တော်ရုံပဲမွှမ်းစမ်းပါ...'
  
   'အဲဒီ့ထက်တောင် ပိုသေးတယ်.. Auraအပြည့်နဲ့ ဒူးထောက်ချင်စရာကြီးပါဆိုနေ..'
  
   နိုမီက မနိုင်တော့ဘူးဆိုသည့်ပုံစံနှင့် လက်မြှောက်လျက်..
  
   'နင်က အသေးစိတ်ကအစ လိုက်ကြည့်ထားပုံပဲ..'
  
   'ငါ crazyအဖြစ်ဆုံးက သူ့ကိုယ်သင်းနံ့..'
  
   'အမလေး ရွလိုက်တာကိကိရယ်.. နင်က သူ့အနံ့တောင် မှတ်ထားတယ်ပေါ့.. အံ့သြပါ့ကမ္ဘောဇ..'
  
   'မှတ်မိတယ်လေ.. ငါ သူ့ရင်ခွင်ထဲခဏခဏရောက်ဖူးတာကိုး..  ဟိဟိ..'
  
   နှစ်ယောက်သား ပေါက်ပေါက်ဆုပ်စားရင်း လေပေါနေကြစဥ် အယ်ဒီတာလက်ထောက် ဇဝါရောက်လာ၏။
  
   'နိုမီ.. ဧည့်သည်လာတယ်...'
  
   'ဟမ် ဘယ်သူတုံး..'
  
   'မသိဘူး ထွက်တွေ့လိုက်ဦး..'
  
   ဇဝါက ပြော၍ သူ့နေရာသူပြန်ထိုင်နေသဖြင့် နိုမီ ဧည့်သည်လက်ခံတွေ့သည့်နေရာသို့ ထသွားကာ ခဏနေတော့ ကိကိစားပွဲဆီ ပြန်ပြေးလာ၏။
  
   'ကိကိ..ကိကိ..'
  
   'ဟင် ဘာလဲ..'
  
   'ဟိုလူ လာနေတာဟ.. အိန်ဂျယ့်ရည်းစား ပိုင်ဇေထွဋ်လေ... ငါမတွေ့ချင်ဘူး လုပ်ပါဦး..'
  
   'သူက ဘာလာလုပ်တာလဲ ဒီထိ...'
  
   'မသိဘူး.. ငါ့ဆီလည်း ခဏခဏဖုန်းဆက်နေတာ.. အခု လူအကောင်လိုက်ရောက်လာပြီ.. ငါ ဘယ်လိုလုပ်ရမလဲဟယ်.. စိတ်ပျက်တယ်..'
  
   နိုမီ ခေါင်းကိုတဗျင်းဗျင်းကုတ်၍ ညည်းညူသည်။ ကိကိ ပေါက်ပေါက်ဘူးခွံကို အမှိုက်ပုံးထဲပစ်ထည့်၍ ထရပ်ကာ..
  
   'နင် မတွေ့ချင်ရင် ဒီမှာနေခဲ့.. ငါ သွား​တွေ့မယ်ဒင်းကို...'
  
   ကိကိ ပြောပြောဆိုဆို ဧည့်တွေ့ခန်းထဲဝင်လာခဲ့သည်။ ဧည့်သည်ဆိုသူက လက်ဆောင်ထုပ်တွေ တစ်ပုံတစ်ပင်နှင့် ဆက်တီမှာ ထိုင်စောင့်နေပြီး ကိကိကိုမြင်တော့ သူ တွေ့လိုသူမဟုတ်၍ အီလည်လည်မျက်နှာနှင့်ပြုံးပြသည်။ ကိကိက သူနှင့်မျက်နှာချင်းဆိုင်ဆက်တီမှာ ဝင်ထိုင်ကာ..
  
   'ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ...'
  
   ကိကိအမေးကြောင့် ပိုင်ဇေထွဋ် ဘာဖြေရမှန်းမသိကြောင်သွားပြီးမှ..
  
   'အစ်ကိုက ညီမတို့ဆီ လာလည်တာပါ..လက်ဆောင်တွေလည်း ပေးရင်းပေါ့.. ဒါနဲ့ ဟိုညီမလေးရော မမြင်ပါလား..'
  
   'သူ ဗိုက်အောင့်နေလို့ အခန်းထဲမှာအိပ်နေတယ်.. '
  
   ကိကိက ထိုသူ့ကိုတစ်လှည့်၊ လက်ဆောင်ထုပ်တွေကိုတစ်လှည့်ကြည့်၍ ခပ်တင်းတင်းပြန်ဖြေသည်။ သူများအကြောင်းဆို စိတ်ဝင်တစားစပ်စုတတ်သည့်ဇဝါကလည်း သူ့စားပွဲမှ လှမ်းကြည့်၍ နားစွင့်နေ၏။
  
    'ဒါဆို သူ့ကိုမတွေ့ရတော့ဘူးပေါ့နော်.. မတွေ့ရလည်း လက်ဆောင်တော့ လက်ခံပေးပါ..'
   
    'ဒီလိုလက်ဆောင်တွေပေးရလောက်အောင် ခင်ဗျားနဲ့ကျွန်တော်တို့ မရင်းနှီးဘူး... အဲဒီ့တော့ ပြန်ယူသွားပါ..'
   
    'မဟုတ်တာ ညီမရယ်.. ညီမတို့က အိန်ဂျယ့်သူငယ်ချင်းတွေဆိုတော့ အစ်ကို့သူငယ်ချင်းပဲပေါ့..အိန်ဂျယ်ကလည်း ညီမတို့အကြောင်းတွေပြောပြထားပါတယ်..ဒီလက်ဆောင်တွေက အစ်ကိုတို့မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ အမှတ်တရပေးတာပါ.. ယူထားလိုက်နော်..'
   
    'မယူပါဘူး.. ခင်ဗျားကို ခင်လည်းမခင်ဘူး.. လက်ဆောင်တွေပြန်ယူသွား.. နောက်လည်း မလာနဲ့..'
   
    'အိန်ဂျယ့်မျက်နှာထောက်ပြီး အဲလိုတော့မနှင်သင့်ဘူးထင်တယ်...'
   
    ပိုင်ဇေထွဋ် အောင့်သက်သက်မျက်နှာနှင့် ပြန်ပြောလျှင် ကိကိ ဆတ်ခနဲထရပ်သည်။
   
    'အိန်ဂျယ့်မျက်နှာထောက်နေလို့ ကောင်းကောင်းမွန်မွန်ပြန်ပြောနေတာ..ခင်ဗျားလည်း အိန်ဂျယ့်မျက်နှာထောက်ပြီး ဒီကို နောက်မလာနဲ့..ဒီလက်ဆောင်တွေလည်း ခင်ဗျားရည်းစားကိုပဲပေးလိုက်.. ပြန်တော့...'
   
    ကိကိ အပြတ်ပြော၍ အလုပ်ခန်းထဲပြန်ဝင်ခဲ့သည်။
   
    'ကိကိ.. ဘာတဲ့လဲ.. ပြန်သွားပြီလား...'
   
    နိုမီက ရုံးဆင်းချိန်နီးပြီမို့ သူ့ပစ္စည်းတွေသိမ်းရင်း လှည့်မေးသည်။
   
    'ပြန်ပြီ... အလကား ဖွန်လာကြောင်တာ.. သောက်ပေါကြီးပါ...'
   
    ကိကိလည်း သူမပစ္စည်းတွေကိုကျောပိုးအိတ်ထဲ ထည့်သိမ်းပြီး နံရံက ပြက္ခဒိန်ကိုကြည့်မိသည်။ ဒီနေ့ ၁၀ရက်နေ့ပါလား။ ၁၂ရက်နေ့မှာ Phoenix Studio၏ ပါတီပွဲသို့ သူနှင့်အတူသွားရမည့်အရေးကိုတွေး၍ ရင်ထဲ လှိုက်ခုန်သွားသည်။ သူနှင့်တွေ့ရဖို့ မစောင့်နိုင်တော့ပါ။ အချိန်တိုင်း၊ စက္ကန့်တိုင်း တွေ့နေရလျှင် မည်မျှကောင်းမည်နည်း။
    သူမ အိမ်ပြန်ရောက်ချိန်မှာ နာနီကြီးဒေါ်ကြာရိုးက တစ်နေရာသွားမည့်ပုံစံနှင့် ပိုက်ဆံအိတ်ဆွဲ၍ ထွက်လာသည်။ ဖြူစင်လွန်းကလည်း ဒေါ်ကြာရိုးနောက်မှ ပါလာ၏။
   
    'နီနီ..ဘယ်သွားမလို့လဲ..'
   
    'နီနီ ဗေဒင်သွားမေးမလို့မီးလေးရေ.. ဖြူလေးအဖေ နေမကောင်းလို့လေ..'
   
    'အရက်တွေတအားသောက်တာကိုး.. နေမကောင်းဖြစ်မှာပေါ့.. သမီး ပါးပါးဆီက ဆေးရုံစားရိတ်တောင်းပေးမယ်လေ..'
   
    'ရပါတယ်ကလေးရယ်.. ဆရာက ကုန်ကျစားရိတ်အားလုံးထုတ်ပေးပြီးသားပါ.. ဒါနဲ့ သမီးအားလား...'
   
    'ဟုတ် အားတယ်နီနီ.. သမီးလိုက်ပို့ပေးရမလား...'
   
    ကိကိက ကားသော့ကိုမြှောက်၍မေးလျှင် ဒေါ်ကြာရိုး ကမန်းကတန်းခေါင်းညိတ်သည်။
   
    'အေး...နီနီက ကားငှားသွားမလို့လေ.. မီးလေးလိုက်ပို့ပေးမယ်ဆိုတော့ ပိုကောင်းတာပေါ့..'
   
    ဒေါ်ကြာရိုးနှင့်ဖြူစင်လွန်းတို့ ကားနောက်ခန်းမှာ အတူထိုင်လိုက်ကြပြီး ကိကိက ဒေါ်ကြာရိုးလမ်းညွှန်သည့် အကြားအမြင်ဆရာမ၏ဂေဟာသို့ မောင်းလာခဲ့သည်။ 'သီရိ'ဆိုသည့်ဂေဟာမှာ လူအတော်စည်နေပြီး သူမတို့ရောက်ချိန်မှာ နောက်အကျဆုံးဖြစ်နေပြီ။
   အကြားအမြင်ဗေဒင်ဆရာမက နာမည်ကြီးမို့ သူနှင့်တိုက်ရိုက်တွေ့ဆုံမေးမြန်းဖို့ ရက်ချိန်းကြိုယူရသည်ဟုဆို၏။
   ဗေဒင်မေးဖို့မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ကြည်ညိုလေးစား၍ တကူးတက လာရောက်ပူဇော်သူများလည်း ရှိနေပြန်ရာ ကိကိ ထိုဆရာမကို အတော်စိတ်ဝင်စားနေသည်။
  
   နာနီကြီးတို့တူဝရီးနှင့်အတူ ဟောခန်းထဲသို့ လိုက်လာခဲ့လျှင် မကောင်းသည့်အငွေ့အသက်တစ်စုံတစ်ရာကိုခံစားမိလိုက်ကာ သူမနားထင်ကြောတွေထောင်လာသည်။ မျက်လုံးများကိုမှိတ်လိုက်မိသော် မြင်လွှာထဲမှာ ပေါ်လာသည်က စီလီကွန်နှင့်ပြုလုပ်ထားသော ကလေးသူငယ်ရုပ်။ သူမ နားမလည်သော အောက်လမ်းအစီအရင်တစ်မျိုးနှင့်ထိန်းချုပ်ထားသည့်ထိုအရုပ်က သူမနှင့်အနီးဆုံးပတ်ဝန်းကျင်မှာ ရှိနေသည်။ ထိုအရုပ်ကို ထိန်းချုပ်ထားသူကား...
  
   ဗေဒင်မေးသူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြကာ နောက်ဆုံးအလှည့်မှ ကိကိတို့ အခန်းထဲဝင်ခွင့်ရသည်။
  
   'ဟော နီနီတို့အလှည့်ရောက်ပြီတဲ့..  လာ လာ.. အထဲဝင်ရအောင်..'
  
   ဒေါ်ကြာရိုးက ကိကိနှင့်ဖြူစင်လွန်းကိုခေါ်၍ အကြားအမြင်ဆရာမရှိနေသည့် အခန်းထဲသို့ဝင်လာခဲ့သည်။ သစ်သီး၊ ပန်း၊ ရေချမ်း ၊ အမွှေးနံ့သာ အစုံအလင်နှင့်ပူဇော်ထားသည့် နတ်သမီးရုပ်ထုများ၏ရှေ့တွင် အညိုရောင်ဝတ်စုံဝတ်ထားသည့် အကြားအမြင်ဆရာမက တည်ငြိမ်စွာထိုင်နေ၏။ သူ့ဘေးမှာ မြင်လိုက်ရသည့် သူငယ်ရုပ်ကြောင့် ကိကိမျက်ခုံးတွေမြင့်တက်သွားသည်။ စောစောက သူမအာရုံထဲမှာ ထင်ရှားစွာ မြင်ခဲ့ရသည့် သူငယ်ရုပ်ပါလား။
  
   'ကဲ သိလိုရာမေးပါ..'
  
   အကြားအမြင်ဆရာမက ဒေါ်ကြာရိုးကို မေးခွန်းမေးဖို့ခွင့်ပြုလိုက်သည်။
  
   'ဆရာမရယ်.. ကျွန်မမိသားစုဝင်တစ်ယောက် ကျန်းမာရေးမကောင်းလို့ဆေးရုံတက်နေရတာပါ.. အဲဒါ သူမြန်မြန်ကျန်းမာလာဖို့ ယတြာလေး၊ အစီအရင်လေးများ ရနိုင်မလား..'
  
   ဒေါ်ကြာရိုးက တရိုတသေ ပြန်ပြော၏။ ထိုဆရာမက စကားပြန်မပြောသေးဘဲ ဝတ်စုံအပြည့်၊ ရွှေငွေအပြည့်ဆင်မြန်းထားသည့်သူငယ်ရုပ်ကို နားနားကပ်၍ ဘာတွေ တီးတိုးပြောနေမှန်းမသိ၊ ခဏကြာတော့မှ..
  
   'သီရိလေးက ပြောတယ်.. တနင်္လာသားမို့ တနင်္လာထောင့်မှာ တံခွန်နှစ်ခုနဲ့ကြာပန်းနှစ်ခိုင်လှူရမယ်တဲ့.. ကျန်းမာရေးပြန်ကောင်းလာတဲ့အခါ အရက်သေစာသောက်စားတာမျိုး ထပ်မလုပ်ဖို့လည်း သတိပေးချင်တယ်၊ ရှင့်မောင်က အရက်ဂျိုးမို့လား..'
  
   'ဟုတ်ပါတယ် ဟုတ်ပါတယ် ဆရာမရယ်.. မှန်လိုက်တာ.. တနင်္လာသားဆိုတာရော အရက်ဂျိုးဆိုတာရော အကုန်မှန်ပါတယ်.. ဒါကြောင့်လည်း နာမည်ကြီးတာကိုး.. ကြည်ညိုဖို့ကောင်းလိုက်တာ..'
  
   ဒေါ်ကြာရိုးက ခေါင်းတညိတ်ညိတ်ဖြင့် လက်အုပ်ချီရှိခိုးနေသည်။ ဖြူစင်လွန်းကလည်း လက်အုပ်ချီနေပေမဲ့ ကိကိက ငုတ်တုတ်ထိုင်နေဆဲ။ ထိုဆရာမနှင့် သူငယ်ရုပ်ကိုတစ်လှည့်စီ စူးစိုက်ကြည့်နေဆဲမှာ ဆရာမအကြည့်တွေ ကိကိဆီရောက်လာ၏။ အဓိပ္ပါယ်ဖော်ရခက်သောအကြည့်များကို ကိကိက တန်ပြန်ကြည့်ရင်း ခေါင်းထဲဝင်လာသည့်အတွေးတစ်ခုကြောင့် ရှေ့တိုးလာသည်။
  
   'ဒီအရုပ်လေးက အရမ်းအစွမ်းထက်ပုံပဲနော်.. သမီးလည်း တစ်ခုလောက်မေးချင်လို့ပါ...'
  
   'အရမ်းအစွမ်းထက်တယ်လို့မပြောရဘူး.. ကောင်းတဲ့ဘက်ကိုဖော်ဆောင်တဲ့အသုံးအနှုန်းဖြစ်လို့ အလွန်အစွမ်းထက်တယ်၊ အတော်လေးအစွမ်းထက်တယ် အဲလိုပြောရမယ်..'
  
   အရေးထဲမှာ စကားအသုံးအနှုန်းကတ်သတ်နေသည့်ဆရာမကို ကိကိ ခေါင်းညိတ်ပြရပြန်သည်။
  
   'ဟုတ်...'
  
   'အချိန်မစေ့ခင် မေးစရာရှိတာမြန်မြန်မေးပါ..'
  
   ဆရာမက နံရံကပ်နာရီကိုကြည့်၍ မေးဖို့ခွင့်ပြုလျှင် ကိကိ လက်အုပ်ချီလိုက်ရင်း..
  
   'အချစ်ရေး နှလုံးသားရေးပါဆရာမရယ်.. သမီးဘက်က သဘောကျပြီးချစ်မိနေတဲ့သူ ရှိပါတယ်.. သူ ဘယ်လိုလူလဲ၊ ဘာတွေလုပ်သလဲ.. သူနဲ့သမီး နီးစပ်ဖို့အခွင့်အရေးရှိလားဆိုတာ သိချင်လို့ပါ.. သီရိလေးရေ..အားကိုးပါတယ်နော်..'
  
   သူငယ်ရုပ်ကိုပါ ခေါင်းညွှတ်၍ လက်အုပ်ချီထားသည့်လက်ကို အပေါ်သို့မြှောက်တင်လိုက်သေးသည်။ ဆရာမထံမှ တော်တော်နှင့်ဖြေသံထွက်မလာ။ ကိကိက ငြိမ်ကျသွားသည့်ဆရာမကို 'မဖြေနိုင်ဘူးလား'ဆိုသည့် သရော်တော်တော်အပြုံးနှင့် မျက်ခုံးပင့်ကြည့်သည်။ ဆရာမမျက်လုံးတွေ သူမထံမှာ စူးစိုက်နေကာ..
  
   'မင်းက ထိန်းချုပ်မှုတစ်ခုအောက်မှာ ရှင်သန်နေရတဲ့သူပဲမိန်းကလေး.. မင်းရဲ့မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားက ကာလတစ်ခုမှာ မင်းရဲ့ဝိညာဥ်နဲ့နှလုံးသားက အချုပ်အနှောင်ခံထားရတယ်.. အဲဒီ့အချုပ်အနှောင်ကြောင့် မင်းမှာ ချစ်ရတဲ့သူကိုပိုင်ဆိုင်ရဖို့ကံပါမလာဘူး.. မင်း ဘယ်သူ့ကိုပဲချစ်ချစ် အဲဒီ့လူက ခွင့်ပြုမှာမဟုတ်ဘူး၊ မင်းကိုထိန်းချုပ်ထားတဲ့သူက မင်းလည်ပင်းမှာဆွဲထားတဲ့ ကျောက်စိမ်းလည်ဆွဲရဲ့ပိုင်ရှင်ပဲ...'
  
   ပြောပြောဆိုဆို အကြားအမြင်ဆရာမ၏လက်တစ်ဖက်က ကိကိလည်ပင်းဆီ ဆန့်တန်းလာသဖြင့် ကိကိ ပက်လက်လှန်၍ မျက်နှာမော့ရှောင်သည်။ ထိုဆရာမ ထိုင်နေရာမှ သူမဆီရုတ်တရက်ခုန်အုပ်လာလျှင် ကိကိ ခြေနှစ်ဖက်စုံကန်၍ ခုခံကာ ပြန်လည်တိုက်ခိုက်တော့သည်။ အကြားအမြင်ဆရာမနှင့်ကိကိ တိုက်ခိုက်နေကြသည်ကိုမြင်နေရသည့် ဒေါ်ကြာရိုးတို့လည်း ချောင်ကပ်၍ဝပ်နေရပြီး သူငယ်ရုပ်ထံမှ ခြောက်ခြားဖွယ်ရယ်သံတစ်ချက်ကိုကြားလိုက်ရသဖြင့် ပို၍လန့်ဖျပ်သွားကြသည်။  ထိုအရုပ်က သက်ရှိသဖွယ်လှုပ်ရှားလာကာ နတ်သမီးရုပ်မှာကိုင်ဆွဲထားသည့် ဓားရှည်ကို သံလိုက်ဆွဲအားကဲ့သို့လှမ်းယူ၍ ဆရာမထံပစ်ပေးသည်။ ထိုဆရာမက လက်ထဲရောက်လာသည့်ဓားကို ဓားအိမ်မှဆွဲမထုတ်ရသေးခင် ကိကိက နံရံကိုခြေတစ်ဖက်ထောက်ကန်အားပြု၍ ကန်ထည့်လိုက်သဖြင့် လက်ထဲမှဓားလွတ်ကျသွားကာ  ထိုဆရာမ နတ်သမီးရုပ်ထုရှေ့က ငှက်ပျောပွဲများကြား မှောက်လျက်လဲလေသည်။
  
   'မကောင်းဆိုးဝါးမ... ကဲ...'
  
   ကိကိ ထောင့်နံရံမှာ ထွန်းညှိထားသည့်ရေနံဆီမီးအိမ်ကို ရိုက်ခွဲ၍ သူငယ်အရုပ်ထံလွှဲပစ်လျှင် အရုပ်၏ဆံပင်များကိုမီးစွဲကာ ချက်ချင်းပင် မီးအားကောင်းစွာ တောက်လောင်လာသည်။
   ထိုအခိုက်မှာ ကိကိ ဒေါ်ကြာရိုးနှင့်ဖြူစင်လွန်းကိုဆွဲခေါ်၍ အခန်းပြင်ထိအရောက်ပို့သည်။ ထိုအခန်းတံခါးကိုဆွဲပိတ်၍ လော့ခ်ချကာ ကားဆီအရောက်ပြေးခဲ့၏။ ဒေါ်ကြာရိုးလည်း ခပ်ဖိုင့်ဖိုင့်ကိုယ်ကြီးကို မနိုင့်တနိုင်သယ်၍ ပြေးလွှားရင်း ကားထဲရောက်မှ တံခါးပိတ် ဘုရားတ,နေသည်။
   ကိကိ ကားစက်နှိုး၍ တရကြမ်းမောင်းထွက်ခဲ့ပြီး အနောက်မှာ အခန်းပြင်ထိဆက်လိုက်လာသည့်ဆရာမနှင့်သူငယ်ရုပ်ကို ဘက်ခ်မှန်ထဲမှမြင်လိုက်ရသည်။
   သူမ၏ကားနောက်သို့ဆက်လိုက်ဖို့ဟန်ပြင်နေသည့် သူငယ်ရုပ်က တစ်စုံတစ်ယောက်၏ ဆောင့်ကန်ခြင်းခံလိုက်ရသဖြင့် နံရံနှင့်ပြင်းထန်စွာရိုက်ခတ်မိကာ အပိုင်းပိုင်းအစစ ကွဲအက်ကြေမွသွားသည်။ မျက်စိရှေ့မှာ တစ်စစီပျက်စီးသွားသည့်အရုပ်ကိုကြည့်၍ ထိုဆရာမ ဒေါသတွေယမ်းပုံမီးကျဖြစ်လျက် ဖျက်ဆီးလိုက်သူကိုအံကြိတ်၍ လှည့်ကြည့်သည်။ မျက်စိရှေ့မှာရပ်နေသူကို ကျားနာတစ်ကောင်ကဲ့သို့အငြှိုးကြီးစွာ တိုက်ခိုက်လာသော်လည်း သူမလက်တွေကိုသာ စတီးလ်ကြိုးနှင့်ပူးချည်ခြင်းခံလိုက်ရပြီး လှုပ်မရရုန်းမရနှင့်ချောင်ပိတ်မိသွားသည်။
  
   'အပြစ်မဲ့တဲ့ ကလေးဝိညာဥ်တွေကို ထိန်းချုပ်ခိုင်းစေခဲ့လို့ မင်းနဲ့တန်တာ သေဒဏ်ပဲ..'
  
   သူက စုတ်ပြတ်သတ်နေသည့်အရုပ်ကိုငုံ့ကြည့်၍ တိုးညင်းစွာ ဆိုသည်။
  
   'ရှင်က ကျောက်စိမ်းလည်ဆွဲရဲ့ပိုင်ရှင်ပဲ.. နောက်ဆုံးတော့ ဖီးနစ်ငှက်ကပြန်လာခဲ့ပြီကိုး.. ကျွန်မမာစတာကို အသိမပေးနိုင်တော့ဘူးထင်တယ်..'
  
   ထိုအမျိုးသမီးက သူ့ကို အံ့သြခြင်း၊ မယုံနိုင်ခြင်းများနှင့်ကြည့်၍ ​ပြောနေဆဲမှာ သူက ဖုန်းထုတ်၍ နံပါတ်တစ်ခုကိုခေါ်လိုက်သည်။
  
   'ရှင်ကျွန်မကို ရဲလက်အပ်မယ့်အစား အသေသာသတ်လိုက်ပါလား..'
  
   သူက ထိုအမျိုးသမီး၏ စကားကို ခွန်းတုံ့မပြန်ဘဲ နာရီကြည့်သည်။ မိနစ်အနည်းငယ်ခန့်ကြာသော် ရဲကားတွေရောက်လာကာ ထိုအမျိုးသမီးကိုဖမ်းချုပ်ခေါ်ဆောင်သွားကြသည်။
   သူတစ်ယောက်တည်း ကျန်ရစ်ခဲ့သည့်အခိုက်မှာ သူ့လက်တစ်ဖက်က သူ့ဘေးရှိ ကျွန်းတိုင်ကြီးကိုတောက်ထုတ်လိုက်ရာ မီးတောက်တစ်ခု ဟုန်းခနဲ ကြွလာကာ ကျွန်းတိုင်ကြီးမှတစ်ဆင့် ဂေဟာတစ်ခုလုံးကို မီးစွဲလောင်လေတော့၏။
  
  
           💥To be continued💥

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now