အပိုင်း(၁၂.၁)

1.7K 142 0
                                    

အပိုင်း(၁၂.၁)

မနက် (၆) နာရီလောက်မှာ ကျောက်ရွှမ်က အိပ်ရာက နိုးလာတယ်။ ဒါပေမယ့် အိပ်ရာက နိုးထကာစ လူတစ်ယောက်လို အမြင်တွေ ဝေဝါးမနေဘဲ ကြည်လင်ပြီး သတိရှိနေလေရဲ့။

သူက မြေခွေးလေးကို ပွေ့ဖက်ထားတယ်လို့ ခံစားရပေမယ့် လက်အစုံကတော့ နူးညံ့ပြီးချောမွတ်နေတဲ့ အသားစိုင်တွေကိုပဲ စမ်းမိတယ်။ အဲဒါက ချောမွေ့တဲ့ ကျောက်စိမ်းတုံးတစ်တုံးကို ကိုင်ထားရသလို တစ်ချိန်တည်းမှာပဲ နူးညံ့မှုနဲ့ ပျောပျောင်းမှုကိုပါ ခံစားရလေတယ်။ တစ်ချက်ကိုင်မိလိုက်ရုံနဲ့ လက်မလွှတ်ချင်လောက်အောင် စွဲလမ်းသွားတယ်။ သူက လန့်ဖြန့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ်။ သုံးစက္ကန့်လောက် ကြာပြီးတဲ့နောက်မှာ သူ့မျက်လုံးတွေက အရောင်တောက်လာတယ်။ သူက ကိုယ်လုံးကို ခပ်မြန်မြန်ခွာလိုက်ရင်း လက်မောင်းထဲက အရာလေးကို ကြည့်လိုက်တယ်။ သူ့ရင်ခွင်ထဲမှာ မြေခွေးလေးရဲ့ အရိပ်အယောင်ဆိုလို့ တစိုးတစိမှ မရှိဘူး။ အဲဒိအစား (၁၅) နှစ် (၁၆) နှစ် အရွယ်ရှိတဲ့ လူငယ်လေးတစ်ယောက်သာ အဝတ်အစားမကပ်ဘဲ လဲလျောင်းနေလေတယ်။

လူငယ်လေးက နာကျင်မှုအချို့ကို ခံစားခဲ့ရပုံပေါ်တယ်။ ချွေးသီးလေးတွေက ခန္ဓာကိုယ်အနှံ့မှာ ရှိနေပြီး မနက်ခင်းနေရောင်အောက်မှာ ဆွဲဆောင်မှုရှိစွာ တလက်လက် တောက်ပနေလေတယ်။ သူ့ရဲ့ ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်က အမြင်တင့်တယ်စွာ ခပ်ကွေးကွေးလေးဖြစ်နေတယ်။ အဲဒိ အနေအထားက လူငယ်လေးရဲ့ ကျစ်လစ်သေးသွယ်တဲ့ ခါးလေးနဲ့ ဖြောင့်တန်းတဲ့ ခြေတံလေး နှစ်ဖက်ကို ပေါ်လွင်စေတယ်။ လက်သေးသေးတွေကတော့ ကျောက်ရွှမ်ရဲ့ ရင်ဘတ်ကော်လာစကို ဆွဲကိုင်ထားလေတယ်။ ကောင်လေးက တစ်ဖက်လူကို ယုံကြည်အားကိုးပြီး စိတ်အေးလက်အေးရှိတဲ့ ပုံစံလေးနဲ့ အိပ်ပျော်နေလေတယ်။

ကျောက်ရွှမ်က အသက်ကို အောင့်လိုက်ပြီး လူငယ်လေးရဲ့ မျက်နှာပေါ်ဖုံးအုပ်နေတဲ့ ငွေဖြူရောင် ဆံနွယ်တွေကို ဖွဖွလေး ဘေးကိုဖယ်လိုက်တယ်။ ပြီးတော့တစ်ကိုယ်လုံးကို ငေးကြည့်နေလေတယ်။ အခုသူ့ရင်ဘတ်ထဲမှာ အိုးစည်ဗုံဘောင်း တီးနေပြီ။ နှလုံးသားလေးက ခုန်ထွက်မတတ်ဖြစ်နေပြီး ခေါင်းတစ်ခုလုံးကတော့ ချာချာလည်နေတယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now