Page - 3

2.7K 342 24
                                    

"အမေ့ကိုပြောပြီးသားပဲ ဘွဲ့ရပြီးရင်လဲ ကျွန်မက ဒီလိုပဲနေနေမှာ အလုပ်ကြိုးစားပြီး ဘဝကိုကောင်းကောင်းမွန်မွန်နေမှာဆိုတဲ့အတွေးထပ် ပုံဆွဲပြီး စာပဲရေးနေချင်တယ်"

TaeYeon စားပွဲပေါ်က ဖုန်းကို တစ်ချက်တစ်ချက်လှမ်းကြည့်ရင်း တရစပ်အော်ပြောနေလိုက်တယ်။ ဒီမနက်ခင်းဟာ ရံဖန်ရံခါအဖြစ်တွေလိုပဲ သူမ အမေနဲ့စကားများကြတယ်။ ခရီးသွားနေတဲ့အမေက အိမ်မှာအဆင်ပြေရဲ့လားလှမ်းမေးရင်း အဆင်မပြေတော့ခြင်းဖြစ်သည်။ လက်ထဲမှာတော့ ဖြစ်သလိုပြုတ်ထားတဲ့ခေါက်ဆွဲပြုတ်ပန်းကန်ကိုကိုင်ရင်း စပီကာဖွင့်ထားတဲ့ဖုန်းဘက်ကိုလဲ တစ်ချက်တစ်ချက်လှည့်နေရတယ်။ ဖုန်းဘေးက အဖြူရောင်စာရွက်တစ်ရွက်မှာတော့ အမျိုးသမီးတစ်ဦးရဲ့ အပြုံးတစ်ချို့တွဲလောင်းခိုနေတယ်။

"နင့်ကိုဘာလို့မွေးခဲ့မိလဲမသိဘူးငါတော့"

"ဟုတ်ပါ့ အမေရေ ကျွန်မလဲ ဒါပဲစဉ်းစားနေတာ"

ခေါက်ဆွဲကိုပလုတ်ပလောင်းဝါးရင်း TaeYeon ပြန်ပြောလိုက်တော့ ဖုန်းက တီခနဲမြည်ပြီး လိုင်းကျသွားတယ်။ လက်ကျန်ခေါက်ဆွဲပြုတ်ကို တစ်ဇွန်းချင်းခပ်သောက်ရင်း သူမ ဒီနေ့ဘာလုပ်ရမလဲဆိုတာ တွေးလိုက်တယ်။ ဘဝကိုဖြစ်သလိုနေတော့မှာလားလို့ အမေကမေးတိုင်း ဒီတိုင်းပဲနေဖြစ်မှာလို့ ပြန်ဖြေမိသည်မှာ တကယ့်စိတ်ရင်းပင်ဖြစ်သည်။

လူရယ်လို့ဖြစ်လာရင်ဆိုတဲ့ ခေါင်းစဉ်အကြီးကြီးအောက်မှာ ပတ်ဝန်းကျင်ကပေးသမျှဒုက္ခတွေကို ဒါကဘဝပဲဆိုပြီး ဖြေသိမ့်ရင်း ယူနေမယ့်အထဲမှာ သူမ မပါနိုင်ဘူး။ ပါလဲမပါချင်။
ပညာရေးမှာမတော်လို့ လူတောမတိုးနိုင်လဲ ဂရုမစိုက်ပါ။ အချိန်တန် ကိုယ့်မြေပုံပေါ်မှာ နာမည်တိုင်စိုက်ပြီး တစ်နှစ်တစ်ခါတော့ ပန်းတစ်စည်းရလာမှာပဲ (သေပြီးတဲ့အခြေအနေကို ပြောခြင်းဖြစ်သည်)

တစ်ခါတစ်လေ သူမကို လူ့ဘဝမှာဘာလုပ်ဖို့ လူဖြစ်အောင် ဖန်တီးပေးသလဲ သူမ မသိ။

"လူဖြစ်ရတဲ့ ဒုက္ခပါတကား..."

သက်ပြင်းကိုချပြီး ကုန်သွားတဲ့ခေါက်ဆွဲပန်းကန်ကို စားပွဲပေါ်သို့ အသံမြည်အောင်ပစ်တင်လိုက်တယ်။ ပရမ်းပတာနေရတာလဲ စိတ်ကိုပေါ့ပါးစေသည်။ တစ်ခါတစ်လေပေါ့...။ ညစ်ညစ်ပတ်ပတ်နေရတာတော့ TaeYeon မကြိုက်။

• A Poem Titled "You" •Where stories live. Discover now