HF - 1

17.1K 704 68
                                    

ပွင့်သစ်စ မနက်ခင်း၏ နေရောင်ခြည်နှင့်အတူ
ဟိုဟိုဒီဒီပြေးလွှားလှုပ်ရှားသွားလာနေကြသော လူသံတွေ။ ပဲပြုတ်၊ အီကြာကွေး ၊ကောက်ညှင်းပေါင်း ပူပူလေး အစရှိသဖြင့်
တစ်လှည့်စီ အော်ရောင်းနေကြသော အသံတွေ။ ခရီးသည်များ၏ အလိုကျအတိုင်း ဖယ်ရီအမီ
ဘတ်စ်စကားအမီ အမြန်ပြေးနေကြရသော ဆိုက်ကားများမှ ကလင် ကလင် ဘဲလ်သံတွေ ၏ အကြား မနက်ခုနှစ်နာရီမှ ကိုးနာရီ အထိ ဆူညံပွက်လောရုိက်နေသော အဖိုးတန် ပတ်ဝန်းကျင်လေး။ မေတ္တာအညွန့်အခက်တွေ ဝေနေသော
မေတ္တာညွန့် ရပ်ကွက်လေး.....။

"ဘုန်းသက်တိုင် မထသေးဘူးလား၊ ဘယ်အချိန်ရှိနေပြီလဲ"

ဟော..ဆက်လက်ကြားရပါပြီ။ မေတ္တာသံတို့
ပြည့်ဝနေသော အသံပုိင်ရှင်လေး။

"အာ... ဘွားကလည်း ဒီနေ့ ကျောင်းပိတ်တယ်လေ"

"ကျောင်းပိတ်လည်း ထ၊ မပိတ်လည်းထ ၊
ဘယ်နှယ့် နေဖင်ထိုးတဲ့ အထိ အိပ်နေရတာလဲ"

အိပ်ယာမှ နိုးနေသည့်တိုင် အပျင်းကြောဆွဲကာ
မထသေးဘဲ နှပ်နေသည့် သူ့ကုိ ဘွားက
မကျေနပ်သည့်ပုံပင်။ ခြင်ထောင်ကုိလှန်တင်လိုက်ကာ အိပ်ယာနံဘေးတွင် မတ်တတ်ရပ်လျက် အိပ်ယာမှ သူ ထအလာကုိ စောင့်နေလေတော့သည်။

"ဘွားကလည်း ရစ်ပြီဗျာ၊ အဲ့လို မတ်တတ်ကြီးရပ်ပြီး စိုက်ကြည့်နေမှတော့ သားက ဘယ်လိုဆက်အိပ်လို့ရတော့မှာလဲ"

"အိပ်မရရင် ထလေ ၊ ရှင်းရှင်းလေးပဲ"

မိုက်ကြေးခွဲသလိုပြောလိုက်သော အဘွားဖြစ်သူ၏ စကားကြောင့် ဘုန်းသက်တိုင်၏ မျက်လုံးများ လက်ခနဲဖြစ်သွားကာ အိပ်နေရာမှ ဝုန်းခနဲ ထထုိင်လိုက်တော့လေသည်။ ထို့နောက် မျက်နှာသစ်ရန် ရေချိုးခန်းဘက်သို့ လျှောက်သွားလိုက်ပြီး ပါးစပ်မှလည်း ပွစိပွစိ ရေရွတ်သွားလိုက်သေးသည်က

"ဘွားကုိ မေမေနဲ့တုိင်မယ် " ဟူ၍.....။

"တိုင်အေ၊ တိုင်ပေါ့၊ ငါက နင့်အမေကုိ ကြောက်စရာလား ၊ ငါမေွးထားတာဟဲ့ သိလား"

"သိတယ်"

အဘွားဖြစ်သူကုိ ခပ်ငေါငေါပြန်ပြောလိုက်ပြီး
သွားတိုက်ဆေးကုိ သွားပွတ်တံပေါ်သို့ လိုတာထက်ပို .... ညှစ်ချလိုက်ရင်း ရေတစ်ခွက်ကို ခပ်ကာ အုတ်ကန်ဘောင်ပေါ် ဆောင့်အောင့်ချလိုက်တော့ မိတ်ဆက်သံတချို့ထွက်ပေါ်လာလေတော့သည်။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now