HF - 17

2.1K 322 51
                                    

သထုံလမ်းတစ်လျှောက်တွင် သစ်ပင် ၊ အရိပ်ရအပင်များ ပေါများ၍ လမ်းလျှောက်ရသည်မှာ အနည်းငယ် သက်တောင့်သက်သာရှိပေမယ့်
နေ့ခင်း မွန်းတည့်ချိန်၏ အပူရှိန်က သိပ်ကို ပြင်းတောက်လောက်လွန်းလေသည်။ ခပ်သွက်သွက် လျှောက်လာသော ခြေလှမ်းတို့ကလည်း ခန္ဓာကိုယ်ကို ပို၍မောပန်းစေသည့်နှယ်။ ချွေးတို့ပြိုက်ပြိုက်ကျလေသည်။ ဖျတ်ခနဲဖြစ်ပေါ်လာသည့် စိတ်ဆန္ဒ၏နောက်သို့ ချက်ချင်းလိုက်လုပ်မိပြီး ဒီနေရာအထိ ရောက်လာရလေခြင်း။
တကယ်တမ်းကျတော့ ထွေထွေထူးထူး ပြစရာအကြောင်းပြချက်က မရှိ။ ရှေ့တိုးရခက် နောက်ဆုတ်ရခက် အနေအထားတစ်ခုတွင်
ရပ်တန့်နေရပါသော အခြေအနေ။

ကုိယ့်ဘက်က ဖွင့်ဟခဲ့ပေမယ့် ထူးခြားသည့်အရိပ်အယောင်ဟူ၍ စုိးစဥ်းမျှပြန်မလာသလို
မည်သို့သဘောထားသည်ကိုလည်း မသိရ။ ပြောင်းလဲခြင်းတစ်စုံတစ်ရာမရှိပါဘဲ ဂရုစိုက်မြဲတိုင်း၊ အရင်နေ့တွေက အတိုင်း။ စနောက်ပြီး ပြောသည်ဟုများ ထင်ခဲ့လေသလား။

"ငါ့အနားမှာ မင်းမရှိလို့ မဖြစ်တော့ဘူး ထင်တယ်
သက်တိုင်ရာ"

ထိုစကားကရော သဲထဲရေသွန်ဖြစ်သွားခဲ့ပြီလား။
ရှေ့ဆက်မတိုးဘူး စိတ်ချ ဆိုပြီး ကတိပေးထားခဲ့ပေမယ့် နည်းနည်းလေးတော့ ဖောက်ဖျက်ချင်မိသည်။ အရမ်းသတိရလာတဲ့ အခါတိုင်း၊ အရမ်းတွေ့ချင်လာတဲ့ အခါတိုင်း အချိန်မရွေး ပြေးတွေ့ချင်မိတဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ချင်မိသေးသည်။ဒီနေ့လိုပေါ့...။

ဘာဖြစ်ချင်နေတာလဲ ယုဒါ ဟု အကြိမ်ကြိမ်အခါခါ မေးလာသော သက်တုိင်၏မေးခွန်းတွေကိုလည်း ရင်ထဲရှိတဲ့အတိုင်း ဖွင့်ပြောလိုက်ချင်မိသည်။ ငါ့ကျမှ ဘာဖြစ်လို့ ဒီလိုမျိုးဖြစ်ရတာလဲ ဆိုပြီး မေးခွန်းတွေ အများကြီးလည်း ထုတ်ချင်မိသည်။ သို့သော် .. ။

"ယုဒါ ခဏနေဦး"

လွင့်ပျံ့လာသော ခေါ်သံတချို့က နားထဲတိုးတိုးလေးဝင်လာ၍ အနောက်ဖက်ကို လှည့်ကြည့်လိုက်မိတော့ အသံပိုင်ရှင်က သက်တိုင်။ တကယ်ဆိုရင် လှည့်မကြည့်ပါဘဲတောင် သိနှင့်နေပြီးသားအသံ။
စိတ်တိုသည့်အခါတိုင်း ခပ်မာမာလေသံဖြင့် သူ့နာမည်ကို ဆောင့်ကာ ခေါ်နေကြ။ စိတ်ကြည်လင်နေသည့်အခါတွင်တော့ ချိုသာစွာ။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now