HF - 13

2K 311 57
                                    

"ဆောရီး"

ထိုစကားတစ်ခွန်းထဲသာ ခပ်ဆတ်ဆတ်ပြောပြီး
ခါးကို ကျစ်ကျစ်ပါအောင် ဖက်ထားသော
ယုဒါ၏လက်တွေကို အတင်း ဖြုတ်ချကာ မှီတွယ်ထားသော ခန္ဓာကိုယ်ကို ခပ်ခွာခွာလေးဖြစ်စေဖို့ ပခုံးသားတွေကို တွန်းထုတ်လိုက်ပြီးသည်နှင့် ရေချိုးခန်းထဲမှ ကမူးရူးထိုး ထွက်လာလေသော သက်တိုင်။ အနောက်မှာ ဘာတွေဘယ်လို ဖြစ်ပျက်ကျန်ခဲ့သလဲဆိုတာကို လှည့်မကြည့်တော့။ အရှိန်အဟုန်ပြင်းသော ခြေလှမ်းတို့ဖြင့် အိပ်ခန်းအတွင်းသို့ ပြေးဝင်သွားတော့လေသည်။

အုတ်ကန်ဘောင်ကို အားပြုပြီး ရပ်နေသော်ငြားလည်း မျက်လုံးတွေဝေဝါးလာသည်အထိ ၊ ခြေထောက်တွေကို မသယ်နုိင်တော့သည်အထိ စိတ်ထိခိုက်မှု ဝေဒနာ ကြီးစိုးလာရုံသာမက
ချမ်းသည့် ဒဏ်ကြောင့် တစ်ကိုယ်လုံးတုန်တုန်ယင်ယင်ဖြစ်နေသော ယုဒါ။ ထို့နောက်
သက်တုိင်လွှတ်ချပစ်ခဲ့သော တဘတ်လေးကို အသာအယာကုန်းကောက်လိုက်တော့ မျက်ဝန်းအိမ်အတွင်း ပြည့်နက်နေသည့် မျက်ရည်စတို့က ရေချိုးခန်းကြမ်းခင်းပေါ်သို့ ပေါက်ခနဲ ကြွေဆင်းကျလေသည်။ ဝန်ခံခြင်းဟာ ဆုံးရှုံးခြင်းဖြစ်သွားသည်လား ဟူသော အတွေးပေါင်းများစွာက ရုိက်ခတ်ပြန်သောအခါ ဟန်ပင်မဆောင်နိုင်သော နှုတ်ခမ်းဖျားတွေက လှုပ်လှုပ်ခတ်ခတ်။

ငိုကြွေးရခြင်းဟူသော အကြောင်းတရားတွေဆိုတာကလည်း ဒီလိုမျိုးအဖြစ်အပျက်တွေအပေါ်မူတည်ပြီးဖြစ်တည်လာရလေခြင်း။ ကျန်းမာရေး ချူချာရသည့်အပေါ်တွင်တောင် ဘယ်သောအခါမှ ထိခိုက်ခံစားလွယ်ခဲ့တာမျုိးမဟုတ်။
အခုတော့....။

ယုဒါတစ်ယောက် လက်ထဲမှ တဘတ်ကို တင်းတင်းဆုပ်ကိုင်ကာ တန်းပေါ်တွင်လှမ်းထားသော ရှပ်အင်္ကျီကို ဆွဲယူလိုက်ပြီး ရေချိုးခန်းထဲမှ လိုက်ထွက်လာလိုက်လေသည်။ ထို့နောက် ဒယီးဒယိုင်ခြေလှမ်းများက အိမ်ရှေ့ဆီသို့ ...။
ရင်းနှီးနေပြီသားဖြစ်သော အခန်းဝရှေ့အရောက်တွင်တော့ အလိုက်သိသော
ခြေလှမ်းများက တုန့်ခနဲ။ ထို့အပြင် မျှော်လင့်ချက်ကြီးစွာ ဖွေရှာနေမိသော မျက်ဝန်းတွေကလည်း တစ်ခုခုကို တမ်းတနေသလိုမျိုး။ အမှောင်ထုဖုံးလွှမ်းနေသော အခန်းအတွင်းမှ အရာဝတ္ထုများကို မမြင်ရသော်လည်း ဘာရယ်ကြောင့်မှန်းမသိ နာကျင်မှု
အချို့က ရင်ဘတ်ထဲတိုးဝင်လာကြပြန်သည်။
ထို့ကြောင့် ခြေလှမ်းတွေကို ရှေ့ဆက်ကာ အိမ်ရှေ့ဝရံတာဆီသို့ ထပ်မံဦးတည်လိုက်ပြန်သည်။ လက်ထဲတွင်တော့ ရေစိုတဘတ်တစ်ထည်နှင့် ပခုံးပေါ်တွင်တော့ ရှပ်အင်္ကျီတစ်ထည်ကို တင်လျက်။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now