HF - 20

2.2K 302 68
                                    

"ကလင် ကလင်"
"ကလင် ကလင်"

အဆက်မပြတ်မနားတမ်းခေါ်နေသော ဖုန်းသံကြောင့်  အိပ်ပျော်နေရာမှ လန့်နိုးသွားပြီး ဖုန်းကိုအလျင်စလို ကောက်ကိုင်လိုက်မိလေသည်။

"သက်တိုင်၊ ငါ နွေးရိပ် "

"အင်း နွေးရိပ် ပြော"

"နင်နဲ့ ရွှေချည်တို့ လမ်းခွဲလိုက်ကြပြီဆို"

"အင်း ဟုတ်တယ်၊ ဒီမနက်ကပဲ"

"ဘယ်လိုဖြစ်ရတာလဲ သက်တိုင်ရယ်၊
ဘာမဟုတ်တာလေးနဲ့ အဲ့ဒီလောက် အထိဖြစ်သွားရတယ်လို့"

"......"

"ငါက နင့်ကို အပြစ်တင်မလို့ ဆက်တာ မဟုတ်ပါဘူး၊ ရွှေချည်ပြောတာ မယုံလို့ နင့်ဆီကို လှမ်းဆက်ကြည့်တာ ၊ ဟိုတစ်နေ့ကတောင် နင်နဲ့ လမ်းမှာ တိုက်မိသေးတယ်လို့ ပြောနေသေးတာ၊
အခုမနက်ကျမှ လမ်းခွဲလိုက်ပြီပြောလို့ ငါမှာ ယုံတောင် မယုံနိုင်ဘူး၊
နင် အဆင်ပြေရဲ့လား သက်တိုင်၊ ကျောင်းမတတ်တာလည်း နှစ်ရက်ရှိပြီ"

"အင်း ပြေပါတယ် ၊ စိတ်မပူနဲ့ ၊ ငါမနက်ဖြန်ကျောင်းလာတက်မှာပါ"

"အေး အေး...စိတ်လည်း အရမ်းမညစ်နေနဲ့ဦးနော်၊
အခုရော အိမ်မှာ မဟုတ်လား၊ နင့်အဘွားရောရှိတယ် မဟုတ်လား"

"အင်း ငါအိမ်မှာပဲ နွေးရိပ်၊ အဘွားကတော့ မရှိဘူး
ထုံးစံအတိုင်း ယောဂီအဖွဲ့တွေနဲ့ ဘုရားဖူးလိုက်သွားတယ်၊ အဆင်ပြေတယ် အဆင်ပြေတယ် စိတ်မပူနဲ့"

"ဟုတ်ပြီ ဟုတ်ပြီ တစ်ယောက်တည်းလည်း စိတ်ညစ်ညစ်နဲ့ လုပ်ချင်ရာတွေ လုပ်မနေနဲ့ဦး၊
လိုအပ်ရင် ယုဒါကို အဖော်ခေါ်ထားလိုက်လေ၊
ငါလည်း ဖုန်းဆက်ပြီးတော့ ပြောလိုက်မယ်၊
ကဲ ကဲ လုပ်စရာရှိတာလုပ်...ဘိုင့်ဘိုင် "

ပြောပြီးသည်နှင့်ဖုန်းကို ချက်ချင်းချသွားသော နွေးရိပ်ကို သူတားချိန်မရလိုက်။ ယုဒါဆိုသည့် ကောင်ကို အဖော်ခေါ်ထားဖို့ နေနေသာ ကုိယ်ဆက်သည့်ဖုန်းကိုပင် မကုိင်။ အိမ်ရှေ့ထိ မယောင်မလည်သွားကာ ကြည့်သေးသည်။ အရိပ်အယောင်ပင် မမြင်ရ။ ယုဒါကသာ ကုိယ့်အိမ်ကို အမြဲတစေ ဝင်ထွက်သွားလာနေသူဖြစ်သော်လည်း ယုဒါ၏အိမ်ကိုတော့ သူ့ခမျာ တစ်ခါလား နှစ်ခါလားသာ ရောက်ဖူးသည်။
ပြည်စုံကြွယ်ဝသော မိသားစုဖြစ်၍မဟုတ်။ အိမ်လည်ရတာ ဝါသနာမပါသူ၊ သူကိုယ်တိုင် ကိုယ်၌က ယုဒါခေါ်သည့်အခါတိုင်း တောင်ပြော မြောက်ပြော ပြောကာ ငြင်းခဲ့သူ။ ယခုမှ အိမ်ထဲထိဝင်ပြီး မေးမြန်းစပ်စုဖို့အတွက်ကျပြန်တော့လည်း မရဲပေ။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now