HF - 9

2.2K 309 20
                                    

လှုပ်လှုပ်ရှားသွားလာနေကြသော လူတချို့ကို
ဝရံတာမှထိုင်ကာ ငေးကြည့်နေရင်း အချိန်တွေကုန်လို့ ကုန်မှန်းမသိ။ မျက်နှာချင်းဆိုင်တွင်ရှိနေသော တိုက်တာတန်းလျားတွေကို ကြည့်လိုက်၊ လမ်းမကို ကြည့်လိုက်နှင့် အတွေးထဲနစ်မျောနေသော ယုဒါ။ လျှော်ပြီးကာစမို့ ကောင်းကောင်းမခြောက်သေးသော ဆံပင်တွေကုိ ပုခုံးပေါ်တင်ထားသော တဘက်ဖြင့် သတိရရင် ရသလို သုတ်နေလိုက်သေးသည်။ အနည်းငယ် အုံထူပြီး နက်မှောင်သော ဆံပင်တို့က ခေါင်းလျှော်ပြီးလျှင်တော်တော်နှင့်မခြောက်တတ်။ များသောအားဖြင့်
အပေါ်ယံသာ ခြောက်သွားပြီး အတွင်းဘက်ကျသော ဆံပင်တွေက သေချာလှန်လှောပြီးသုတ်မှသာ ခြောက်သေွ့တတ်သော အနေအထား။
ထို့ကြောင့် တဘက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်သုတ်နေရသည်မှာလည်း အခါခါ။

"ယုဒါရေ ၊ ငါချက်လို့ပြီးပြီဟေ့ ၊ ခဏနေရင် ညစာစားရအောင် ၊ အထဲဝင်ခဲ့တော့"

အိမ်အတွင်းမှ လှမ်းအော်ခေါ်လိုက်သော သက်တိုင်၏အသံကြောင့် ယုဒါက ဝရံတာတွင် ထိုင်နေရာမှ အိမ်ထဲသို့ ဝင်လာခဲ့လေသည်။ ထို့နောက် ပုခုံးပေါ်မှ တဘက်ကို နံရံတွင်ရှိသော ကြိုးတန်းတစ်တန်းပေါ်တွင် လွှားကာ လှမ်းလိုက်ပြီး သက်တိုင်ရှိရာဆီသို့ လျှောက်သွားတော့သည်။

မီးဖိုခန်းရှိ ဘေစင်တွင် စိတ်ပြေနပြေ အိုးခွက်ပနကန်တွေကို တိုက်ချွတ်ဆေးကြောနေသော သက်တိုင်က ယုဒါဝင်လာသည်ကို မသိပါချေ။
ချွေးတလုံးလုံး သံတလုံးလုံးဖြင့် အလုပ်တွေ ရှုပ်နေလေ၏။

"သက်တိုင် မင်းနားလိုက်တော့ ၊ ငါဆေးပေးမယ်၊
သွား သွား ချွေးတိတ်သွားအောင် နားလိုက်၊
ခဏနေရင် ရေချိုးရအုံးမှာကုိ"

"ဖယ်စမ်းပါကွာ၊ ဒီမှာ ငါက လုပ်လက်စကြီး၊
ပြီးလည်း အကုန်ပြီးတော့မယ် ၊ မင်းက ရေချိုးပြီးသား အကုန်ပေကျံကုန်မယ်၊ သွား သွား ထမင်းစားပွဲမှာ သွားထိုင်နေ"

ယုဒါက သက်တိုင်လက်ထဲမှ အိုးခွက်တချို့ကို လုယူကာဝိုင်းကူဆေးကြောပေးရန် ပြင်လိုက်သော်လည်း အချည်းအနှီး။ ပခုံးကို တွန်းတိုက်ကာ ပြန်လည်မောင်းထုတ်လိုက်သည်မို့ ယုဒါတစ်ယောက် ထမင်းစားပွဲတွင် ငုတ်တုတ်သွားထိုင်နေရတော့လေသည်။ သက်တိုင်က ဘူးဆို ဖရုံမသီးသူ။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now