Part-6

114 21 2
                                    

Zawgyi
         အိပ်ခန်းထဲပြန်ရောက်သည်နှင့် ဖုန်းကိုတစ်ချက်စစ်မိသည်။ ဟိုနှစ်ကောင်သေချာပေါက်အိမ်ပြန်ရောက်မှာပါနော်…

         ခဏအကြာတွင်တော့ နှစ်ယောက်လုံးအိမ်ပြန်ရောက်ကြောင်း ရှေ့ဆင့်နောက်ဆင့်ဖုန်းဆက်လာကြသည်။

"နောက်ရက်တွေလည်းသွားလည်ကြမယ်လေ။"

         ဒါကတော့ ဆူးနှင်းမေ၏ စကားဖြစ်သည်။ လင်းလက်ကတော့ စကားအနည်းငယ်သာ ပြောလာခဲ့သည်။

"ဆူးဆူးက မနက်ဖြန်လည်းသွားလည်မယ်တဲ့။"

"ပြောတာပဲလေ။ နောက်ကျမလိုက်ချင်တော့ဘူးဆိုပြီး ငါတို့နှစ်ယောက်တည်းသွားရပေါင်းလည်းမနည်းဘူး။"

"ဘာလဲ။ နင်ကဆူးမ မပါရင် မလိုက်ချင်ဘူးလား။"

"အဲဒီလိုတော့မဟုတ်ပါဘူး။ သုံးယောက်စုံမှပျော်စရာကောင်းတာပေါ့။"

"ဒါပေါဒါပေါ့။ ခိခိ…"

         ဇန်လေးသည် အကြောင်းစုံသိနေသည့်အလား တခိခိရယ်လေတော့ လင်းလက်က အော်သည်။

"လျှောက်တွေးမနေနဲ့! ဒါပဲ!"

         ရှက်ရမ်းရမ်းကာ ဖုန်းချသွားတာကြောင့် ဇန်အားရပါးရရယ်လိုက်မိသည်။ အနေအေးကာ ဘာကိုမှသိပ်စိတ်မဝင်စားတတ်သော လင်းလက်သည် ဆူးနှင်းမေနှင့်ပတ်သတ်လာလျှင်တော့ အမြဲတစေ လှုပ်လှုပ်ရှားရှားဖြစ်သွားလေ့ရှိသည်။ ဆူးနှင်းမေကိုသဘောကျသလားဆိုတော့လည်း မဟုတ်သည့်အကြောင်း အကြိမ်ကြိမ်ဖြေရှင်းချက်ထုတ်တတ်သည်။

         သူသည်လည်း မဟုတ်ပါစေနှင့်လို့သာဆုတောင်းမိသည်။ ဆူးနှင်းမေသည် ရည်းစားတစ်ယောက်မကထားတတ်ပြီး စိတ်လည်းကစားလွန်းသူဖြစ်တာကြောင့် ထိုကောင်မလေးကို သဘောကျမိသွားပါက လင်းလက်အတွက် နာကျင်ရရုံမှတပါး တခြားမရှိချေ။

         နက်မှောင်နေသော ပိတုန်းရောင်ဆံပင်ဖြောင့်စင်းစင်းကို အမြဲလိုလိုချည်ထားတတ်ကာ စင်ရော်တောင်မျက်ခုံးနှင့် စူးရှရှမျက်လုံးတို့ကိုပိုင်ဆိုင်ထားသော လင်းလက်သည် နှုတ်ခမ်းကိုလည်း အမြဲတင်းတင်းစေ့ထားတတ်သည်။ အရယ်အပြုံးလည်းသိပ်မရှိသလို သူမခံစားချက်တို့ကိုလည်း သိပ်မပြတတ်။ အားကစားတွင်ထူးချွန်သလို စာဘက်တွင်လည်းလစ်ဟင်းမှုမရှိသောသူမသည် အချစ်ရေးနှင့် အပျော်အပါးတို့ကို သူမဘဝထဲကလုံးဝထုတ်ထားသကဲ့သို့ ကင်းကင်းရှင်းရှင်းနေလေ့ရှိသည်။

ပြုံးတော်မူWhere stories live. Discover now