Part-21

76 13 0
                                    

Zawgyi
        သူအံ့အားသင့်သွားမိသည်။ ခါတိုင်းဆိုလျှင် သူအနားလုံးဝမကပ်သောဇန်သည် ဒီနေ့တော့ စိတ်ကြည်နေသည်ထင့်။ အလိုက်သင့်လေး ဘယ်ဘက်ကိုတိုးလိုက်မိတော့ လစ်လပ်သွားသောနေရာလေးတွင် ဇန်ဝင်လာလေသည်။

"ဘာလာကြည့်နေတာလဲ။ မဏ္ဌပ်ဘက်ကိုကြည့်လေ။"

        ထိုစကားကိုကြားတော့ နေမင်းရံရယ်လိုက်မိသည်။ ဇန်သည် အခုနောက်ပိုင်း သူ့ကိုစကားကောင်းကောင်းမပြောသေးသော်ငြား သူ့အနားတော့ အတော်လေးကပ်လာသည်။ ကြည့်ရတာ သူက ဇန့်အတွက် အနှောင့်အယှက်သိပ်မဖြစ်စေတော့ဘူး ထင်ပါရဲ့။ သူကျေကျေနပ်နပ်ပြုံးလိုက်မိသည်။ ဘယ်အချိန်အထိဒီလိုလေး ပျော်ရွှင်ရဦးမည်လဲ မသိပေမဲ့ ဒီလိုအချိန်လေးတွေ များများစားစားလိုချင်မိသည်။

        မဏ္ဌပ်ရှေ့ရောက်လာသောအချိန်တွင် သူတို့ကားခနရပ်ပေးလေသည်။ လမ်းနှစ်ဖက်လုံးမှ ရေပိုက်များဖြင့် ပက်ကြသည်။ နေမင်းရံသည် သူ့ကိုယ်သူအဆင်ပြေအောင်နေရင်းမှ ဇန်လေးကို မကြာခဏကြည့်နေမိလေသည်။

"အဟွတ်အဟွတ်!!"

        ရေများတာကြောင့် မဏ္ဌပ်ရှေ့နားဆိုလျှင် ရေမွန်းကြသူများရှိသည်။ ဇန်ချောင်းဆိုးသည်နှင့် သူစိတ်ပူသွားကာ တဘက်တစ်ထည်ကိုဇန့်အပေါ်အုပ်မိုးပေးထားလိုက်ရင်း သူ့ခန္ဓာကိုယ်နှင့်လည်း ကာကွယ်ပေးလာလေသည်။

"အဆင်ပြေရဲ့လားဇန်။ အသက်ရှူကြပ်နေလား။"

"ကျွန်တော်အဆင်ပြေပါတယ်။ မျက်နှာကိုရေလာမှန်တာ ပါးစပ်နဲ့နှာခေါင်းထဲကိုရေတွေဝင်သွားလို့။"

        နေမင်းရံသည် တဘက်ကိုသာကိုင်ထားခြင်းဖြစ်သော်လည်း သူတို့နှစ်ဦးသည် အလွန်နီးကပ်နေကြသည်။ မျက်နှာချင်းဆိုင်အနေအထားနှင့် ဇန်ကတော့ နေမင်းရံ၏လက်မောင်းကို ကိုင်ထားလေသည်။

"ဒီတိုင်းခနလေးနေနော်။ ဇန့်အတွက်အဆင်မပြေဘူးဆိုတာသိပေမဲ့ ဒီမဏ္ဌပ်ကထွက်တဲ့အခါ ကိုယ်ဖယ်ပေးပါ့မယ်။"

        ထိုစကားတို့ကို ဇန်သည်ငြင်းပယ်မလာခဲ့ပေ။ ထိုမဏ္ဌပ်မှ ထွက်သည်နှင့် နှစ်ယောက်သားသည် ဘာမှမဖြစ်ခဲ့သလိုပင် ဇန်သည်လည်း နေမင်းရံ၏ဘေးတွင်သာ ရပ်နေလေသည်။ မကြာခင်မှာပဲ ဆူးဆူးသည် သူတို့နှစ်ယောက်နားသို့ရောက်လာကာ ဇန်နှင့် နေမင်းရံ၏ကြားတွင်နေရာယူလာလေသည်။

ပြုံးတော်မူWhere stories live. Discover now