Part-18

92 11 0
                                    

Zawgyi
သုံးယောက်သား ဆိုင်တစ်ဆိုင်တွင် ထိုင်လိုက်ကြရင်း စကားစမိကြလေသည်။

"ဦးညီက ဖမ်းလို့ကိုမမိဘူး။ ဒီနဲ့ ဂေါက်ကွင်းက ဒီလောက်အဝေးကြီးကို။"

"သွားချင်တဲ့နေရာသွားလို့ရနေတာပဲလေကွာ။"

"အိမ်မှာအစောင့်လေးဘာလေးတော့ထားပါဦးဗျာ။ အိမ်သွားကြည့်တိုင်း အမြဲသော့ခတ်ထားတာပဲ။"

လွန်းသည် ဖခင်ဖြစ်သူအား စိတ်ပူစွာပြောမိလေတော့ ဦးညီကပြန်ဖြေလာလေသည်။

"စိတ်ပူမနေနဲ့။ CCTVတွေလည်းရှိနေတာပဲ။ အစောင့်ထားဖို့လည်း ဖေဖေစဉ်းစားပါ့မယ်။"

"ပြီးတော့ အသက်ကြီးနေပြီ။ ညဥ့်နက်တဲ့အထိ အပြင်တွေမထွက်နဲ့။ အရက်တွေသောက်သောက်ပြီး ကားကိုကိုယ်တိုင်းမမောင်းနဲ့။ အိမ်ပြန်မအိပ်ဘဲ တခြားနေရာတွေလျှောက်လျှောက်သွား မအိပ်နဲ့လို့ ကျွန်တော်အတန်တန်မှာတယ်လေဗျာ။"

စိတ်ပူပူနှင့် စကားကိုရေပက်မဝင်ပြောနေသော သားဖြစ်သူကိုကြည့်ရင်းဦးညီသက်ပြင်းချလိုက်မိသည်။ ဒီလိုသာဆို ဒီကောင်လေး ငယ်ငယ်ရွယ်ရွယ်နှင့် ဆံပင်တွေဖြူကုန်တော့မည်။

"စိတ်မပူပါနဲ့သားရယ်။ ဖေဖေအဲဒီလိုတွေမလုပ်ပါဘူး။ ဒီအတိုင်းအိမ်မပြန်ဖြစ်ဘူးဆိုတာလည်း အလုပ်ကိစ္စတွေလုပ်ရင်း မပြန်ဖြစ်လိုက်တာ။ အရက်တွေသောက်ပြီးကားမမောင်းပါဘူးကွာ။"

"ဒါဆိုကောင်မလေးတွေကရော?"

ထိုမေးခွန်းကိုကြားလိုက်ရချိန်မှာတော့ ဦးညီမျက်ခုံးတို့အပေါ်သို့ ပင့်တက်သွားလေတော့သည်။ သူသည် ချောင်းအနည်းငယ်ဟန့်လိုက်ပြီးသည့်နောက် ပြန်ပြောလာလေသည်။

"ဒါက သားထင်သလိုမဟုတ်ပါဘူးကွာ။ အဖေ့မှာကောင်မလေးမရှိတာတော့မဟုတ်ပေမဲ့ အများကြီးရှိတာတော့မဟုတ်ပါဘူး။"

"ဘယ်နှယောက်လဲမှန်မှန်ပြော။"

"တစ်ယောက်ပါပဲကွာ။"

"အသက်ဘယ်နှနှစ်ကွာလဲ?"

လွန်းသည် သူ့ဖခင်နားကိုအတင်းကပ်ကာ တရားခံစစ်မေးသလို အတင်းမေးပါတော့သည်။

ပြုံးတော်မူWhere stories live. Discover now