Part-11

94 16 0
                                    

Zawgyi
         လေးလဧပြီသည် မြန်မာလူမျိုးတိုင်းမျှော်လင့်စောင့်စားနေကြသော သင်္ကြန်ပွဲတော်ကြီးကျင်းပသည့် အခါသမယဖြစ်ပေသည်။ နွေရာသီ၏ ပူပြင်းမှုကို ရေချမ်းဖြင့်အေးမျှစေကာ နှစ်ဟောင်းမှအညစ်အကြေးတို့ကိုလည်း တစ်ပါတည်းရှင်းရင်း ပျော်ရွှင်ဖွယ်နှစ်သစ်ကိုကြိုဆိုကြသည်။

         သို့သော် ထိုအချိန်ခါသမယကို မခုံမင်ကြသူများလည်းရှိပါ၏။ ဇန်သည်လည်း ရေမစိုချင်သောကြောင့်လည်းကောင်း၊ ဆောင်းဘောက်သံကျယ်ကျယ်တို့ကို မုန်းတီးသောကြောင့်လည်းကောင်း သင်္ကြန်ရောက်လျှင် သူငယ်ချင်းများနှင့် အချိန်းအချက်ပြုထားသော တစ်ရက်သာ လည်ပတ်လေ့ရှိလေသည်။ အခြားရက်များတွင် သူ့ကိုဘယ်လိုမှခေါ်မရချေ။

         အခုလည်း ဇန်သည် အိမ်ရှေ့ခန်းတွင်ထိုင်ကာ ဖုန်းတစ်လုံးနှင့် စကားများနေလျက်။

"ငါပြောပြီးသားလေ။ ငါတစ်ရက်ပဲလိုက်နိုင်မှာပါဆို။ လင်းလက်မရှိတော့မလည်ဘူးလို့တောင်ဆုံးဖြတ်ထားတာ။ ငါတို့နှစ်ယောက်တည်းဘယ်လိုလည်မှာလဲ?……………ဘာ! နင့်ကောင်လေးလည်းမပါဘူးဟုတ်လား။ အဲဒါဘယ်လိုလုပ်ကြမှာလဲ?……………… အဲဒီကောင်မလေးပါရင်ပိုတောင်မလိုက်ချင်သေးတယ်။"

         ဇန်ကိုပြောလာသည်က ဆူးနှင်းမေသည် သင်္ကြန်အကျနေ့တွင် သူမကောင်လေးနှင့်လည်၍ အကြတ်နေ့တွင် ဇန်နှင့်လည်ချင်သည်ဟူ၍။ သူမကောင်လေးနှင့်လည်သည့်နေ့ဆိုလျှင်လည်း သူကလိုက်ပေးရဦးမည်။ နောက်တစ်ရက်ကိုလည်းလိုက်ပေးရဦးမည်။ သူ့အတွက်နည်းနည်းမှအဆင်မပြေ။

         ပိုဆိုးသည်က အကြတ်နေ့တွင် ဆူးနှင်းမေနှင့်အတူလည်မည့်အုပ်စုထဲတွင် စာအုပ်ငှားဖူးသောကောင်မလေးလည်းပါသေးသည်။ အချိန်အတော်ကြာညှိပြီးသည့်နောက်မှာတော့ အဆောင်မဝင်ခင်နောက်ဆုံးဟူသောအကြောင်းပြချက်နှင့် ဇန်ကသာ အလျှော့ပေးလိုက်ရလေသည်။

         ဖုန်းချလိုက်ပြီးသည့်နောက် ဇန်တွေးမိပြန်သည်။ အိမ်မကပ်သည့်အစ်ကိုကလည်း သူ့သူငယ်ချင်းအသစ်လေးနားပဲ တောက်တဲ့လို ကပ်နေသည်။ သူနှင့်အတူဒုက္ခခံရန် မည်သူ့ကိုခေါ်ရမည်မသိ။

ပြုံးတော်မူWhere stories live. Discover now