အပိုင်း(၁၃)-ဘာဖြစ်လို့ရဲအရာရှိလုပ်တာလဲ?

2.4K 493 90
                                    

"မင်းတို့ဘာဖြစ်လို့ရဲတပ်ဖွဲ့ထဲဝင်လာတာလဲ"

ဒုခေါင်းဆောင်ယန် : "စာညံ့လို့"
ခေါင်းဆောင်ကျန်း : "စာတော်လို့"
-----------------------------------------------

"ဒုခေါင်းဆောင်ယန်!ဒုခေါင်းဆောင်ယန်! အစ်ကိုကောင်း သတင်းပို့လာတယ်။"

အလုပ်သင်ရဲမေတစ်ဦးခေါင်းငုံ့လျက် အလောတကြီးပြေးလာလေသည်။ ခေါ်သံမှာတစ်ဝက်တစ်ပျက်နှင့်ရပ်သွားပြီး နေရာတွင်ပါးစပ်ဟောင်းလောင်းလေးနှင့်ပြူးကြည့်နေ​၏။

လမ်းဘေးအကာနှင့်ကားအကြား ကွယ်နေသောထောင့်တစ်နေရာတွင် ယန်ရှယ်က ကျန်းထင်ကိုကားတံခါး၌ဖိထားဆဲဖြစ်သည်။ နှစ်ယောက်လုံးတစ်ချိန်တည်းမှာပင် သူမဘက်လှည့်ကြည့်လာ​၏။

စက္ကန့်အတော်ကြာသည့်တိုင် မျက်လုံးခြောက်လုံးမှာ နေရာမရွေ့ကြ။ ယန်ရှယ်က ချောင်းအသာဟန့်၍ နောက်ဆုတ်လိုက်သည်။ ထို့နောက်အင်္ကျီကိုဆွဲချ၍ မေးလိုက်လေသည်။

"ဘာလဲ?"

ကျန်းထင်က အစအဆုံးတစ်ခွန်းမှမပြောဘဲ ယန်ရှယ်​၏ကိုယ်ပိုင်ကားထဲ လှစ်ခနဲဝင်ချသွားတော့သည်။ ခုနက ဘာဆိုဘာမှမဖြစ်ခဲ့လေဟန်။ ရဲမေလေးကတော့ စွန့်အနေဆဲ။ သူမ​၏ဦးနှောက်ထဲတွင် ထုတ်ပြောရန်မသင့်တော်သည့်စကားလုံးများစွာနှင့်အတူ ဆင်ဆာလှိုင်းများဖြတ်ပြေးနေသည်။ ယန်ရှယ်က စိတ်မရှည်စွာ လှမ်းခေါ်လိုက်​၏။

"ဟေး! မေးနေတယ်လေ!"

"အိုး!အမ်,အမ်!"

မိန်းမငယ်လေးက သတိအနေအထားနှင့် အာရုံစိုက်၍ပြောလာလေသည်။

"ဒုခေါင်းဆောင်ယန်ကို တင်ပြပါတယ်! စုံစမ်းစစ်ဆေးရေးအဖွဲ့က အစ်ကိုကောင်းဖုန်းဆက်လာပါတယ်။ ဟူဝေရှိန့်ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဓာတုဗေဒနဲ့ပက်သက်တဲ့ လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ ကျောင်းသုံးဖတ်စာအုပ်တွေအပြင် ကောက်လာတယ်လို့ယူဆရတဲ့ နောက်ဆုံးပေါ်အသစ်စက်စက်iPHONEတစ်လုံးနဲ့အတူ သေဆုံးသူရဲ့လွယ်အိတ်စတဲ့ အရေးကြီးတဲ့ သက်သေအထောက်အထားတွေ့တယ်လို့ပြောပါတယ်။"

ယန်ရှယ်ကမေးလိုက်​၏။

"ဖုန်းကိုနည်းပညာအရာရှိတွေယူသွားပြီလား?"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now