အပိုင်း(၃၆)-ဓားခုတ်ကောင်သည် ပုစဉ်းကိုချောင်းနေသည်နှင့် ငှက်ဝါကိုသတိမမူမိ

1.7K 396 12
                                    

ဓားခုတ်ကောင်သည် ပုစဉ်းကိုဖမ်းရန်ချောင်းနေသည်နှင့် သူ့နောက်တွင် ငှက်ဝါတစ်ကောင် ရောက်နေသည်ကို မသိဘဲရှိသည်။

--------------------------------------------------

ကျားရှင်း ပုံသွင်းလုပ်ငန်းနှင့် ထုတ်ပိုးကုန်ပစ္စည်းထုတ်လုပ်ရေးစက်ရုံဧရိယာသည် စတုရန်းမီတာ သုံးသောင်းမျှကျယ်ဝန်းပြီး အဓိကစက်ရုံမှာ နှစ်ထပ်အဆောက်အဦးဖြစ်ကာ ပတ်လည်တွင် သိုလှောင်ရုံအများအပြားနှင့် ရုံးအဆောက်အအုံအနည်းငယ်မျှရှိလေသည်။

စက်ရုံထဲ၌ ပြန်ပေးသမားသုံးယောက်ရှိသည်ကို စနိုက်ပါသမားမှ အတည်ပြုပြီး ဖြစ်သည်။ ထို့ပြင် အဖမ်းခံထားရသော ဓားစာခံများမှာ ဒုတိယထပ်တစ်နေရာရာတွင် ရှိနေနိုင်သည်ဟု ခန့်မှန်းရသော်လည်း နေရာအတိအကျကိုမူ မသိရသေးပေ။

ပြန်ပေးသမားတို့ သတိမထားမိစေရန် အထူးရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့တို့​၏ ကားများကို စက်ရုံနှင့်ဝေးရာတွင် ရပ်ထားခဲ့လေသည်။ ညွှန်ကြားရေးကားတစ်စီးသာ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှကားကဲ့သို့ အသွင်ယူဟန်ဆောင်၍ စက်ရုံအဆောက်အအုံ​၏ မျက်နှာချင်းဆိုင်ထောင့်ကိုဝင်သွားလေသည်။ ဒါရိုက်တာလွီက စီရင်စုစခန်းများမှ စေ့စပ်ဆွေးနွေးရေးကျွမ်းကျင်သူများကို ခေါ်ဆောင်လာကာ ကိုယ်တိုင်ကိုယ်ကျညွှန်ကြားနေပေ​၏။

"စစ်ဆင်ရေးတပ်သားတွေကို နှစ်ဖွဲ့ခွဲမယ်။ ပထမတစ်ဖွဲ့က အရှေ့ဘက်ကနေ စက်ရုံထဲကိုဝင်၊ နောက်တစ်ဖွဲ့က တောင်ဘက်နေဝင်။ သက်ဆိုင်ရာစစ်ဆင်ရေးလမ်းကြောင်းတွေကို တစ်သီးတစ်ခြားစီခွဲထားတယ်။ ပထမအဖွဲ့ရဲ့ ပစ်မှတ်က စက်ရုံခေါင်မိုး ဖြစ်ပြီးတော့ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဓားစာခံတွေရဲ့ တည်နေရာကို အတည်ပြုနိုင်ပြီဆိုတာနဲ့ သူတို့ ခေါင်းဆောင်ခန်းကို သတင်းပို့လိမ့်မယ်။ အဲ့ဒီအခါကျရင် ခေါင်းဆောင်ခန်း ဦးဆောင်တဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေက ကြိုးသုံးပြီးတော့ ပြတင်းပေါက်မှန်တွေကိုခွဲပြီး အလစ်ဝင်တိုက်ရမယ်။"

"အထူးရဲတပ်ဖွဲ့ရဲ့ ပထမဦးစားပေးက ဓားစာခံတွေကိုကယ်ထုတ်ပြီး မဖြစ်မနေကလွဲလို့ အပြန်အလန်ပစ်ခတ်မှုကို အတတ်နိုင်ဆုံးရှောင်ဖို့ပဲ။ ယန်ရှယ်၊ မင်းရဲ့တာဝန်က စစ်ဆင်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးကို ဦးဆောင်ပြီး စက်ရုံ ပထမထပ်နဲ့ ဒုတိယထပ် လမ်းတစ်လျှောက်လုံးမှာ သီးခြားစီ အစောင့်ချခဲ့ရမယ်။ ပြီးရင် ခေါင်းဆောင်ခန်းက ဓားစာခံတွေကို ကယ်ထုတ်လာတာနဲ့ တစ်ခါတည်း ချက်ချင်း အားဖြည့်ပြီး အကာအကွယ်ပေးရမယ်။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now