အပိုင်း(၄၉)-ထူးဆန်းသော ခံစားချက်

1.8K 392 36
                                    

အလှလေး​၏ ဓာတ်ပုံကိုကြည့်ရင်း ယန်ရှယ်​၏ ရင်တွင်းမှ အမျိုးအမည်မသိသော ခံစားချက်တို့ ပေါက်ဖွားလာခဲ့သည်။
--------------------------------------------------

တည်းခိုဆောင်နံနက်စာစားခန်းထဲ၌

သတင်းကြားကြားချင်း အပြေးရောက်လာသော တည်းခိုဆောင်ပိုင်ရှင်လင်မယားနှင့် ကျောင်းသူကျာင်းသား လေးယောက်တို့မှာ ဟောခန်းထဲရောက်ရှိနေပြီး စားပွဲဝိုင်းသုံးဝိုင်းတွင် နှစ်ယောက်တစ်တွဲ ထိုင်နေကြ​၏။ ရဲအရာရှိများသည် မျက်နှာသေနှင့် ဝင်ပေါက်၊ထွက်ပေါက်များ၌ အေးစက်ခက်ထန်စွာ စောင့်ကြပ်နေကြပြီး ဂနာမငြိမ်ဖြစ်နေသော မျက်နှာပိုင်ရှင်တို့ထံ အကြည့်စူးစူးတို့ ဝေ့ဝဲနေပေသည်။

ထန်ရွှမ်က မသိမသာ မျက်လုံးလေးပင့်၍ မနီးမဝေး တစ်ဖက်စားပွဲဝိုင်းတွင် ထိုင်နေသော ဝမ်ခေါကိုလှမ်းကြည့်လိုက်ရာ တစ်ဖက်လူကလည်း သူမကို နင့်နင့်နဲနဲ စိုက်ကြည့်နေသည်နှင့် ကြုံသွားလေသည်။

".........."

ထန်ရွှမ်သည် ရဲများရှိရာအခန်းရှေ့ကို မျက်စပစ်ပြပြီး ခေါင်းယမ်းပြလိုက်​၏။

ဝမ်ခေါကလည်း သတိကြီးစွာ အကြည့်ရုတ်လိုက်သည်။

"ထန်ရွှမ်......"

ကျန်းထုံထုံက လေသံလေးနှင့် ခေါ်လာ​၏။

"ငါကြောက်တယ်........"

တိတ်ဆိတ်မှုကြောင့် မွန်းကျပ်စရာကောင်းလှသော အခန်းတွင်းဝယ် သူမ​၏ တိုးဖွဖွအသံငယ်ကပင် အထူးတလည် ရင်ထိတ်ဖွယ်ကောင်းနေပါ​၏။ ထန်ရွှမ်က ချက်ချင်းပင် သူမ​၏ ရေခဲတမျှအေးစက်နေသည့်လက်ကို ဆုပ်ကိုင်လိုက်ပြီး စကားဆက်မပြောဖို့ရာ တားလိုက်သည့်နှယ်။ ထို့နောက် ဖုန်းထုတ်၍ စကားလုံးအနည်းငယ်ကို အမြန်ရိုက်ထည့်လိုက်ပေ​၏။

"မကြောက်ပါနဲ့။ ဘာမှမဖြစ်လောက်ပါဘူး။"

ကျန်းထုံထုံတစ်ယောက် မျက်ရည်ဝဲနေပြီဖြစ်သည်။

ထန်ရွှမ်မှာ သူမ​၏ ကြောင့်ကြနေသော အကြည့်များကြား စကားလုံးအချို့ကို တရစပ် ရိုက်လိုက်ပြန်သည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now