အပိုင်း(၃၄)-အမေ့ခံနာမည်လေးတစ်ခုရှိတယ်၊ 'ထင်ယွင်' တဲ့

2K 412 36
                                    

ဒီလို ရွှေထက်ဈေးကြီးတဲ့ ဆေးကို တစ်ချိန်ကခေါ်ခဲ့ကြတဲ့ အမေ့ခံနာမည်တစ်ခုရှိတယ်။ 'ထင်ယွင်' တဲ့။
-------------------------------------------------

ယန်ရှယ် စစ်ဆေးရေးခန်းမှ ထွက်လာသည်နှင့် အခန်းပြင်တွင် ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ကြသော ရဲအရာရှိများမှာ ချက်ချင်းအသင့်အနေအထားဖြစ်သွားကြသည်။

"ဒုခေါင်းဆောင်ယန်"

နည်းပညာဌာနမှ အလုပ်သင်အရာရှိငယ်မှာ မဝံ့မရဲနှင့် ရှေ့တိုးလာ​၏။

"ကျွန်တော်တို့ ဒါရိုက်တာဟွမ်က ချင်ရွေ့နဲ့ ဝမ်လော့တို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေရှိခဲ့တဲ့နေရာတွေကို ယှဉ်ကြည့်တဲ့အခါမှာ စုန့်ရှင်းချောင်နားတစ်ဝိုက်မှာ သံသယဖြစ်ဖွယ် ထုတ်ပိုးကုန်ပစ္စည်းစက်ရုံသုံးခု တွေ့ရှိရပါတယ်။ ဒီမှာ ပထဝီမြေအနေအထားအချက်အလက်အပြည့်အစုံပါ။"

ယန်ရှယ် ယူကြည့်လိုက်ရာ အမည်၊ တည်နေရာနှင့်တကွ စက်ရုံသုံးခု​၏ ဖွဲ့စည်းပုံတည်ဆောက်ပုံများကိုပါပုံဆွဲထားသော စာရင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

"စုန့်ရှင်းချောင်"

ယန်ရှယ် တွေးဆဆနှင့် ပြောလေသည်။

"ကောင်းပြီလေ၊ ဒါရိုက်တာဟွမ်ကို ငါ့အစား ကျေးဇူးတင်ပါတယ်လို့ ပြောပေးဦး။"

ထို့နောက် သူကစာရင်းစာရွက်ကို စုံစမ်းစစ်ဆေးရေးအရာရှိထံလွှဲပေးလိုက်ပြီး စာရွက်ပေါ် လက်ညှိုးနှင့်ဖိ၍ အမိန့်ပေးလိုက်​၏။

"ရဲတပ်ဖွဲ့ကို တပ်ဖြန့်ပြီး ဒီနေရာသုံးခုကိုသွားခိုင်း။ ပစ်မှတ်နေရာနဲ့ ဆယ်ကီလိုမီတာအကွာလောက်ရောက်ရင် အချက်ပေးဥဩသံတွေပိတ်ပြီး အမိန့်ကိုစောင့်ခိုင်းထား။ သွားတော့"

စုံစမ်းစစ်ဆေးရေးအရာရှိလည်း ချက်ချင်းထွက်သွားတော့သည်။

ယန်ရှယ်က အင်္ကျီကော်လံကို ကျကျနနဆွဲချ၍ Bluetooth နားကြပ်ပြန်တပ်ကာ လေတစ်ဝကြီး ရှူလိုက်လေသည်။ ထိုအချိန်မှာပင် တံခါးခေါက်သံ နှစ်ချက်ထွက်ပေါ်လာပြီး မာရှန်​၏ အသံလည်းဆက်တိုက်ကပ်ပါလာ​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now