အပိုင်း(၄၂)-မတရားမှုတွေပြည့်နှက်နေတဲ့လောကကြီးဟာ တရားနေပြန်တယ်

1.9K 427 56
                                    

လောကကြီးက လုံးဝမတရားဘူးဆိုပေမဲ့ တစ်ဖက်ကနေကြည့်ရင် တရားနေပြန်ရော။
-------------------------------------------------

မူလကတည်းက ကျယ်ဝန်းလှသော ဒါရိုက်တာရုံးခန်းသည် ထူးဆန်းစွာပင် ဟာလင်းဟင်းလင်းဖြစ်နေသည့်အလား။ အခန်းထဲ၌ ဒါရိုက်တာလွီနှင့် မတ်တတ်ရပ်လျက်သား ယန်ရှယ်တို့ နှစ်ဦးသာရှိပြီး တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေကြသည်။ မွန်းကြပ်လောက်သည့်အတိုင်းအတာအထိ တိတ်ဆိတ်ခြင်း ကြီးစိုးနေလျက်။

နောက်ဆုံးတော့ ယန်ရှယ် လှုပ်ရှားလာလေပြီ။

သူရှေ့ကိုလျှောက်သွားလိုက်ပြီး စားပွဲနောက်မှထိုင်ခုံတစ်လုံးဆွဲကာ ဘောင်းဘီကို မ လျက် ပေါ့ပေါ့ပါးပါးထိုင်ချလိုက်သည်။ ထို့နောက် အပြုံးတစ်ပွင့်နှင့် ပြော​၏။

"ယိုး၊ အဲ့လူကသေသွားပြီဆို။ ကယ်ဆယ်ရေးမစ်ရှင် ဟုတ်လား? ဘယ်သူ့ကိုကယ်တာလဲ?"

အမြဲတစေ အလွန်သဘောကောင်းသည့် အမူအရာကိုသာ ချိတ်ဆွဲထားလေ့ရှိသော ဒါရိုက်တာလွီ​၏ မျက်နှာတွင် အပြစ်တင်ခြင်း၊ မေးမြန်းခြင်းတို့မရှိ။ ဒေါသမပါသော လေသံဖြင့် ဖြည်းဖြည်းသာသာ ပြောလေသည်။

"ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် တော်တော်များများက သူသေသွားပြီလို့ ယုံကြည်ကြတာတော့အမှန်ပဲ။ ဒါပေမဲ့ မယုံတဲ့လူလည်းရှိတယ်။"

ဂရုတစိုက်နားထောင်နေသော ယန်ရှယ်​၏ပုံစံမှာ မည်သည့်မူမမှန်မှုမျိုးမှမတွေ့ရသော်လည်း လက်ဖဝါးတွင်အနည်းငယ်ချွေးစို့နေသည်ကိုတော့ သူကိုယ်တိုင်သာသိပါသည်။

"ဘယ်သူလဲ?"

"ကုန်ကျိုးရဲ့ ဒုမြို့တော်ဝန်ဟောင်း၊ အများပြည်သူလုံခြုံရေးဌာနချုပ်ခေါင်းဆောင် ယွဲ့ကွမ်ဖင်"

ဒါရိုက်တာလွီက အပူခံခွက်ကိုဖွင့်ကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်​၏။ ထို့နောက် တိုးဖွစွာ အသံပြုပြီး ယန်ရှယ်​၏ စိတ်ဝင်တစားအကြည့်အောက်တွင် အပူခံခွက်ကို စားပွဲပေါ်တင်လိုက်လေသည်။

"ဒီအဖြစ်အပျက်အတိအကျကို လုံခြုံရေးဌာနနယ်ပယ်တစ်ခုလုံးမှာ သိတဲ့လူရှားတယ်။ လောင်ဝေ့တောင်မှ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အကြောင်းပဲသိတာ။ တကယ်က ပေါက်ကွဲမှုလည်းပြီးရော ကုန်ကျိုးအများပြည်သူလုံခြုံရေးဌာနက စစ်ဆင်ရေးမအောင်မြင်ရတဲ့အကြောင်းကို စုံစမ်းဖို့ အထူးတပ်ဖွဲ့တစ်ခုဖွဲ့စည်းခဲ့တယ်။ တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ယွဲ့ကွမ်ဖင်၊ အဲ့ဒီအချိန်တုန်းကတော့ ဒုမြို့တော်ဝန်ရာထူးကနေအနားယူလိုက်ပြီပေါ့ကွာ၊ သူကနေပြီး ကျန်းထင်ကမသေသေးဘဲ မူးယစ်ရာဇာတွေပြန်ပေးဆွဲတာခံလိုက်ရတာလို့ အဆိုပြုလာတယ်။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now